Thursday, May 31, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၃)

ရဲဝင့် ကလည်း လက်ထဲက ခရီးဆောင်အိတ်ကို ပလက်ဖောင်းပေါ် ပစ်ချ ၍ ခြေလှမ်း ခပ်သွက်သွက်ဖြင့် စိမ်းဝေ ဆီ လျှောက်လာသည်။ ရဲဝင့်ကပဲ လက်ကမ်းကြို လိုက်တာလား။ စိမ်းဝေကပဲ တိုးဝင်လာ တာလား။ နှစ်ယောက်စလုံး သိပ် မသေချာ။ စိမ်းဝေက ရဲဝင့် ရင်ခွင်ထဲ ရောက်သွားသည်။ ရဲဝင့် ကိုယ်ကို လက်နှစ်ဖက်နှင့် တင်းကျပ် စွာ ဖက်ထား သည်။ ရဲဝင့်ကတော့ စိမ်းဝေ ကျောပြင်ကလေးကို ယုယစွာ ဖွဖွလေး ထွေးလိုက်သည်။ စိမ်းဝေ နောက်ဘက်က တက္ကစီ ကားစက်နှိုးသံကို ဖွဖွ ကြားရသည်။ ပြီးတော့ မောင်းထွက် သွားသည်။ ကို ဆက်ဖတ်ရန်.....

စိမ်းဝေ (၁၂)

လေဒီ ဒိုင်ယာနာကို တော်တော် အချိန်ကြာအောင် ငေးကြည့်နေသော ရဲဝင့်ကို စိမ်းဝေက ကျီစယ် ဟန်ဖြင့် ပခုံးကို ပုတ်လိုက်သည်။
" ကိုကိုနော်၊ စိမ်းဝေ ကို ဘေး ထားပြီး ဒိုင်ယာနာကို သဘောကျနေတယ် "
ရဲဝင့်က ရယ်၍ စိမ်းဝေ မျက်နှာကလေးကို ချစ်စနိုး ငုံ့ကြည့်သည်။
" ယှဉ်စရာတောင် မရှိပါဘူး စိမ်းဝေရယ်၊ ဒိုင်ယာနာ ဘယ်လောက်ပဲ ကမ္ဘာကျော်အောင် လှလှ၊ ကိုကို ကတော့ အခု ပြထားတဲ့ ဖယောင်းရုပ်တုကြီးလို ပဲ သွေးသားမပါတဲ့ ဖြူဖတ်ဖတ်ကြီးလိုပဲ မြင်တယ်၊ ကိုယ့်မြန်မာ မိန်းကလေးစိမ်းဝေ လို အလှမျိုးနဲ့ နှိုင်းစရာတောင် မရှိပါဘူး"
စိမ်းဝေ က ကြည်နူးစွာ ရယ်၍ ရဲဝင့် လက်မောင်း တစ်ဖက်ကို ထွေးပွေ့လိုက်သည်။ ဒါဆို အဲဒီ ဖယောင်း ရုပ်လုံးကြီးတောင် ဘာလို့ ဒီလောက် ငေးကြည့်နေရသလဲ ပြောဟု မေးသည်။

အပြင်မှာ မိုးဖွဲဖွဲ ရွာနေ၍လားတော့ မသိပေ။ လန်ဒန် မဒမ်တူးဆော့ ဖယောင်းရုပ်တု ပြတိုက်မှာ လူ အနည်းငယ် စည်ကားနေသည်။ ရဲဝင့်က ဥဒဟို သွားလာနေကြသော လူအုပ်ကြီးကို ကျော်၍ တော်ဝင် မိသားစုဝင် များ ရုပ်လုံးများ စုထားသည့် နေရာသို့ လှမ်းလက်ညှိုးညွှန်ပြသည်။
" ချားလ်စ် တို့ အရုပ်တွေက ဟိုဘက်မှာ၊ ဒိုင်ယာနာက ဘာလို့ ဒီဘက် ရောက်နေရတာလဲလို့ စဉ်းစားနေတာ " " ကိုကို တကယ် မသိတာလား " " ဟင့်အင်း " " သိပ်အဆင်မပြေကြဘူး ကိုကိုရဲ့၊ တစ်ကမ္ဘာ လုံး သိတာပဲ " ရဲဝင့်က မျက်မှောင်ကြုတ်သည်။ " ကွဲတော့ မကွဲဘူး မဟုတ်လား "

" ကွဲတာပဲပေါ့ ကိုကို ရယ်၊ ဝေလမင်းသမီးဆိုတဲ့ဘွဲ့ကို ဆက်ပြီး ဆက်ခံထားတာပဲရှိတာ၊ ဒါကလည်း ၀ီလျံ အတွက်ပေါ့၊ ချားလ်စ် ရှင်ဘုရင်ဖြစ်ရင် သူ့သားဝီလျံက အိမ်ရှေ့မင်းသား လုပ်ရမှာ မဟုတ်လား "
ရဲဝင့် က ခေါင်းတဆတ်ဆတ် ညိတ်၍ ရှေ့ဆက်လျှောက်သည်။ စိမ်းဝေက ရဲဝင့်၏ လက်တစ်ဖက်ကို ခွဲတွဲ ၍ ဆက်လိုက်လာသည်။
" မောင်ဂိုမာရီ " အရုပ်ရှေ့တွင် စိမ်းဝေက ရုတ်တရက် ရပ်လိုက်ပြီး ရယ်၍ ရဲဝင့်ကို မေးသည်။
" ကိုကိုရော ကင်မလာပါကားဘောင်လို မိန်းမမျိုးနဲ့တွေ့ရင် စိမ်းဝေကို ပစ်သွားမှာပဲလား "
မဟော်သဓါ ဇာတ်ထဲက မဟုတ်မမှန် စွပ်စွဲစကားဆိုရင်တောင် အဲသလိုဆိုသည့်အတွက် ပိုချစ်ရသူမှာ ဘယ်သူလဲ ဆိုသည့် မေးခွန်းကို ရဲဝင့်သွား၍ သတိရမိသည်။
" ဟိုက ရည်းစားဟောင်း မဟုတ်လား၊ ကိုကို့မှာ ရည်းစားဟောင်းမှ မရှိတာ "
စိမ်းဝေ က သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်သည်။

" ဟုတ်ပါရဲ့နော်၊ တို့အစ်ကို တစ်ယောက် အသက် ၂၇ နှစ်အထိ စီးပွားရေး မဲနေတာ ရည်းစားတောင် မရှိ သေးဘူး၊ သနားဖို့ ကောင်းလိုက်တာ "
ရဲဝင့် က စိမ်းဝေ မျက်နှာလှလှကလေး ရွှင်လန်းစွာ ရယ်နေသည်ကို မြတ်နိုးစွာ ငုံ့ကြည့်၍ ရယ်သည်။
" အခု ရှိတာပဲဟာ " စိမ်းဝေက ရှက်စနိုး မျက်စောင်းထိုးသည်။ " ဘယ်သူက ကိုကို့ရည်းစားမို့လဲ "
စိမ်းဝေပေါ့ဟု အားပါးတရ ပြောချလိုက်ချင်သော်လည်း ပါးစပ်က မ၀ံ့မရဲ၊ တစ်သက်လုံး ညီမလေး အရင်း လို သန့်စင်စွာ ဆက်ဆံလာခဲ့ကြတာ ရင်ထဲက ဘယ်လောက်ပဲ ချစ်ချစ်၊ ပါးစပ်က ချစ်သူပါဟု ထုတ်ပြောရမှာ ကို အားနာစွာ မ၀ံ့မရဲ ဖြစ်နေမိသည်။

ဒါကို ရိပ်မိဟန်တူသော စိမ်းဝေ သိတတ်စွာ စကားလွှဲသည်။
" ကိုကို စိမ်းဝေ ဗိုက်ဆာပြီ၊ ဒီနားမှာ မက်ဒေါနယ် ရှိတယ်၊ ဘာဂါ ၀င်စားရအောင် "
" စိမ်းဝေ က ဘာဂါ ကြိုက်သွားပြီလား " စိမ်းဝေက ရယ်၍ ခေါင်းယမ်းပြသည်။
" စားသောက်ဆိုင်ရွေးရင်း အချိန် မဖြုန်းချင်ပါဘူး၊ ကိုကိုရယ်၊ ကိုကိုနဲ့အတူ ရှိနေတဲ့ အချိန် ကလေးတွေ နှမြောတယ်၊ ကြုံရာပဲ ကြုံသလို စားကြစို့ "
သည်လောက် လှသော မိန်းကလေးက ရင်ထဲအထိ နွေးခနဲနေအောင် ချစ်စဖွယ် ပြောတတ်ပြန်သေးလေ သည်။

" မေမေတို့ကို ဘယ်လို ပြောခဲ့လဲ "
စိမ်းဝေ က ရဲဝင့်အတွက် ကိုကာကိုလာခွက်ကို ရေခဲများနှင့် သမအောင် ဖြည်းညင်းစွာ မွှေပေးနေရင်းက ပြုံး၍ မေးသည်။
ရဲဝင့်က ဆိုင်မှန်ပြတင်းမှနေ၍ အပြင်မှာ ဖွဲဖွဲ ရွာနေသော မိုးကို ငေးကြည့်နေရင်းက ရှက်ရယ် ရယ်သည်။
" အလုပ်အတွက် လေ့လာစရာ ကလေးတွေလည်း ရှိလို့ ဥရောပကို သွားရင်းက ယူကေမှာ စိမ်းဝေကို လည်း ၀င်ကြည့်လိုက်မယ်လို့ " " ဘာတွေ လေ့လာစရာ ရှိလို့လဲ " " ဘာမှ မရှိပါဘူး၊ ဒီပဲ တန်းလာတာပဲ "စိမ်းဝေက မျက်လုံးကလေးပိတ်အောင် ရယ်သည်။

" အမှန်အတိုင်း မပြောရဲဘူးပေါ့၊ ဟုတ်လား "
ရဲဝင့် က စိမ်းဝေ မျက်နှာကလေးကို ငေးကြည့်နေပြီးမှ ရှက်ပြုံးပြုံး၍ တိုးတိုး ဟုတ်တယ်ဟု ပြောသည်။
" ငြင်းထားခဲ့မိ လို့ မဟုတ်လား " စိမ်းဝေက အကျကောက်၍ မေးတော့ ရဲဝင့်မျက်နှာ အထားရ ခက်သွားသည်။ ဟာ မဟုတ်ပါဘူးဟု ဖြေ၍ စိမ်းဝေ ကမ်းပေးသော အအေးခွက်ကို လှမ်းယူသည်။
" ငြင်းတုန်းကလည်း စိမ်းဝေသိပ်ငယ်သေးလို့၊ စိမ်းဝေ အနာဂတ်ကို အပိုင်ယူထားသလိုမျိုး မလုပ်ချင် လို့ ငြင်းခဲ့တာ၊ အခုလည်း စိမ်းဝေ ကျောင်းပြီးဖို့ နှစ်နှစ်တောင်လိုသေးလို့ မပြောခဲ့တာပါ၊ အမှန်တော့ ကျွန်တော် က စိမ်းဝေ ကို သိပ်ချစ်တာပါလို့များ သွားပြောကြည့်၊ သူတို့ ချက်ချင်း စီစဉ်ကြမှာ "
စိမ်းဝေ က မျက်နှာကလေး အနည်းငယ် နီမြန်း၍ ခေါင်းငုံ့သွားသည်။ ပြီးတော့ တိုးတိုး စိမ်းဝေ ကိုတော့ ပြော သင့်တာပေါ့ဟု ပြောသည်။

" ပြောမလို့ လိုက်လာတာလေ၊ ခုလည်း ပြောနေပြီဟာ " မျက်စောင်း လှလှကလေး လှည့်ထိုးသည်။
" မေးမှ ပြောတာများ " ရဲဝင့်က ရယ်၍ ခေါင်းကုတ်သည်။ " သိပ်ခက်တာ စိမ်းဝေ မသိဘူးနော်၊ တကယ့် အစ်ကိုကြီး အရင်း တစ်ယောက်နေရာက တစ်သက်လုံး နေခဲ့ မိတော့ " စိမ်းဝေက မျက်စောင်း ထိုးပြသည်။
" အဲဒါ စိမ်းဝေ ထက် အစ်ကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုချစ်လို့၊ ကိုကို့ သိက္ခာကို ကိုကို တအားချစ်နေလို့ "
ရဲဝင့် က ရယ်၍ ခေါင်းခါသည်။

" မသိပါဘူး ညီမလေးရယ်၊ ကိုကို့ ရင်ထဲကတော့ စိမ်းဝေကို စိတ်ချမ်းသာစေချင်တာ တစ်ခုပဲ သိတယ်၊ စိမ်းဝေကို ကိုကို ပိုင်ရလို့ စိမ်းဝေ စိတ်မချမ်းသာဘူးလို့ ထင်ရင် စိမ်းဝေ ကိုကို့ကို မပြောဘဲ နေမိမှာပဲ၊ အခုက စိမ်းဝေ လည်း စိတ်ချမ်းသာမယ် ထင်လို့ပြောတာ၊ သိက္ခာတွေ၊ ဂုဏ်တွေ တကယ့်ကို ကိုကို နားမလည် တာပါ၊ ဒီမျက်နှာကလေး ငြိမ်းချမ်းနေတာပဲ တစ်သက်လုံး မြင်ချင်တယ် "
ရန်တွေ့ဟန် ပြင်နေသော မျက်နှာကလေး ပြေလျော့သွားပြီး ရှက်စနိုး ပြုံး၍ ခေါင်းငုံ့သွားသည်။
" ကိုကို အနားမှာရှိနေရင် စိမ်းဝေ စိတ်ချမ်းသာပါတယ် " သာယာလိုက်သည့် ဂီတသံ။

ဟိုတယ် ဧည့်ကြိုစားပွဲဘက်မှ မျက်နှာ သိပ်မကောင်းဘဲ ပြန်လှည့်လာသော ရဲဝင့်ကို စိမ်းဝေက စိတ်ပူစွာ ဆီးမေးသည်။ " မရဘူးလား ကိုကို "
" အေး ကြို ဘွတ်ကင်လုပ်မထားလို့တဲ့၊ သူတို့ ဆက်မေးပေးတာတော့ ပရဲစီးဒင့်မှာတော့ ရှိသတဲ့၊ အဲဒီပဲ သွားရအောင် " စိမ်းဝေက ရင်ဘတ်ကလေး လက်နှင့်ဖိ၍ ပရဲစီးဒင့်ဟု ရေရွတ်သည်။ ဒီလောက် ဈေးကြီး တာ ကိုကို က မီလျံနာမို့လို့လားဟု ကျီစယ်သည်။ " ပြီးတော့ ရဲဝင့်၏ လက်ကိုဆွဲ၍ ဧည့်ကြို စားပွဲဘက် ပြန်လျှောက်သွားသဖြင့် ရဲဝင့် ပြန်လိုက်သွားရသည်။ " အခန်းက ဘယ်လိုမှ မရနိုင်တော့ဘူး လား ဟင် " ဧည့်ကြိုစာရေးက ပခုံးတွန့်ပြသည်။

" ဒီက လူကြီးမင်း က တစ်ယောက်ခန်း နှစ်ခန်း လိုချင်တယ် ပြောပါတယ်၊ ကျွန်တော် တို့ လောလောဆယ် မှာ နှစ်ယောက်ခန်း တစ်ခန်း ပဲ အားတာပါ၊ အဲဒီ နှစ်ယောက်ခန်းကို တစ်ယောက် ယူရင် လည်း တစ်ယောက် ကတော့ တခြား ဟိုတယ်မှာ တည်းရပါလိမ့်မယ် " " နားလည်ပါပြီ၊ အဲဒီနှစ်ယောက်ခန်း ကိုပဲ ကျွန်မတို့ ယူပါ့မယ် ဖြစ်တယ်မဟုတ်လား " " နွေးထွေးစွာ ကြိုဆိုပါတယ် ခင်ဗျာ " ရဲဝင့်က မျက်မှောင်ကြုတ်၍ စိမ်းဝေဟု တိုးတိုးပြောသည်။ စိမ်းဝေက ရယ်၍ ပခုံးတွန့်ပြသည်။
" ဒါထက် အဲဒီမှာ နှစ်ယောက်အိပ် ခုတင်အစား တစ်ယောက်အိပ် နှစ်ခုတင် ပြင်ပေးလို့ ရတယ် မဟုတ်လား " " သိပ်ရတာပေါ့ ခင်ဗျာ၊ ဟိုနားက ဆက်တီမှာ ခဏလေး အနားယူနေပေးပါ၊ အခန်း အဆင်သင့်ဖြစ်တာ နဲ့ ကျွန်တော်တို့ လာခေါ်ပါ့မယ် "

စိမ်းဝေ က ရဲဝင့်လက်ကို ဆွဲ၍ ဧည့်ကြို ဧည့်ခန်း ဆက်တီဘက်သို့ လျှောက်လာခဲ့သည်။ ရဲဝင့်က တိုးတိုး စိမ်းဝေ ဟု ထပ်ခေါ်တော့ စိမ်းဝေ ပါးစပ်မှာ လက်ညှိုးထောင်၍ ရှူးဟု လုပ်ပြသည်။
" ကမ္ဘာပေါ် မှာ စိမ်းဝေ နစ်နာမှာ စိတ်အပူတတ်ဆုံး ယောက်ျားက ကိုကိုပဲ၊ ကိုကို့ကိုမှ စိမ်းဝေမယုံရင် ယုံရမယ့် သူ ကမ္ဘာပေါ်မှာ တစ်ယောက်မှတောင် မကျန်တော့ဘူး၊ ပြီးတော့ ကိုကို့ကို စိမ်းဝေ ယုံခဲ့တာ ခုမှ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ဆယ်နှစ် လုံးလုံး ယုံခဲ့တာ၊ နားလည်ပြီလား "
ရဲဝင့်ကပြုံး၍ လက်သာ မြှောက်ပြလိုက်သည်။ 
 ----------------------------------------------------------------------------------------------------------
ကင်းကောလိပ် ၀င်းဝ တွင် ရပ်စောင့်နေသော စိမ်းဝေ ကို မြင် လိုက်တော့ စာအုပ်ကလေး ပိုက်ထွက် လာသော အာသာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ငါ့ကို စောင့်နေတာလားဟု တိုးတိုး မေးသည်။ စိမ်းဝေ က ရယ်သည်။
" နင်မလာတော့ ငါက လာရတာပေါ့၊ ငါ ဟက်ဖ်နာမှာ စာအုပ်သွားဝယ်မလို့ အဖော်မရှိလို့ နင့် လာခေါ်တာ၊ နင် ငါ့ဆီမလာတာ တစ်ပတ်ရှိပြီ " အာသာက တိုးတိုးရယ်၍ အစ်ကိုရဲဝင့် ပြန်သွားပြီလား ဟု မေးသည်။ စိမ်းဝေ က မျက်နှာကလေး ညှိုးသွားသည်။

" သုံးရက်တည်း နေသွားတာပါဟာ၊ နင်က လာတောင် မနှုတ်ဆက်ဘူး " အာသာက ပြုံး ၍ ဆောရီးဟု ပြောသည်။ နှစ်ယောက်သား တိတ်တဆိတ် အတူ လမ်းလျှောက်လာကြပြီး ခဏနေမှ အာသာ က စကားပြောသည်။
" ငါ့ကို အထင်မလွဲပါနဲ့ဟာ၊ သူ ခဏလေးပဲ နေနိုင်မယ် ဆိုတာလည်း ငါမှန်းမိတယ်၊ နင်တို့ချင်း အခုမှ ပွင့်ပွင့် လင်းလင်း ရှိကြတာလို့လည်း ငါ နားလည်တယ်၊ ဒီလောက် ပျော်စရာကောင်းတဲ့ အချိန် ကလေးတွေ နင်တို့ ဆီက ငါဖဲ့မယူချင်လို့ မလာတာပါ၊ တကယ်တော့ နင့်ကို ငါကလည်း အဲသလို ပျော်စေ ချင်တာပါပဲ " စိမ်းဝေ မျက်နှာကလေး အနည်းငယ် နီ၍ ခေါင်းငုံ့သွားသည်။ ခဏနေမှ တိုးတိုး ပြန်မေးသည်။ " နင် အစကတည်းက ရိပ်မိတာပေါ့ ဟာတ်လား " အာသာက တိုးတိုးရယ်သည်။

" နင့်ကို ရိပ်မိတာပါ၊ အစ်ကို ရဲဝင့် ကိုတော့ ဘယ်သိမလဲ၊ ငါက နင့်မျက်နှာပဲ အရိပ်လို ကြည့်နေခဲ့တာ "
" အာသာ " အာသာက ပြုံး၍ ခေါင်းခါသည်။
" ငါ့စိတ်ထဲ ရှိတာတော့ ပြောပြခွင့် ပေးပေါ့ဟာ၊ ဒီနေ့ပြီးရင် ငါမပြောတော့ဘူးလို့ ကတိပေးပါတယ်၊ ငါက နင့်ကို သိပ် စိတ်ချမ်းသာစေချင်တာဟ၊ အခုလို ဖြစ်လာခဲ့ရင် နင် စိတ်ချမ်းသာမယ်ဆိုတာလည်း ငါ ရိပ်မိ တယ်၊ အခုလို ဖြစ်လာခဲ့ရင် နင် စိတ်ချမ်းသာမယ်ဆိုတာလည်း ငါ ရိပ်မိတယ်၊ သူ့သဘောထားကို ငါက မသိတော့ သူ့ဘက်ကို မတွက်မိဘူး၊ ငါ့ကိုယ်ငါပဲ သူ နင့်ကို ဂရုစိုက်သလို စိုက်နိုင်အောင် ကြိုးစားနေ ခဲ့တာ တစ်နေ့နေ့မှာ ငါနင့်ကို တစ်သက်လုံး စိတ်ချမ်းသာအောင် ထားနိုင်ခွင့်ရမယ်ဆိုပြီးတော့ပေါ့လေ၊ အခုလို ဖြစ်သွားတော့လည်း ငါ ကျေနပ်ပါတယ်၊ နင့်ဘ၀မှာ နင်ရည်ရွယ်ခဲ့သမျှ ဆန္ဒအားလုံး ကို ပြည့်စေချင်တာလေ၊ ငါကတော့ အမြဲတမ်း နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဆက်လုပ်မှာပါ၊ နင့်ကို ဆက် ဂရု စိုက်နေမှာပါပဲ " စိမ်းဝေ အာသာ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ် ၍ ရှေ့က မြက်ခင်းပြင် ကို တွေဝေ ငေးမောရင်း ဆက်လျှောက်နေသည်။

ပြီးမှ ခေါင်းကို ဆတ်ခနဲခါ၍ အာသာ့ဘက်သို့ ပြုံးစူစူနှင့် လှည့်ကြည့်သည်။ " ဒါဆိုလည်း ငါ့ဆီလာပေါ့၊ ဘာလို့ တစ်ပတ်လုံး ရှောင်နေသေးလဲ " အာသာက ပခုံးတွန့်ပြသည်။ " ခဏတော့ ပေး အသည်းကွဲပေါ့ ဟာ "" အာသာ " " ဟ ဒီနေ့တော့ ပေးပြောပါဆို အခု နေ့ မကူးသေးဘူးလေ " သူငယ်ချင်း နှစ်ယောက် ပြိုင်တူ ရယ်မိကြသည်။

မနှင်းဖွေး (၁၂)

မနှင်းဖွေး လက်ထဲက လက်ဖက်ရည်ချို ပန်းကန်ကို ဇွန်းနှင့် အဓိပ္ပာယ်မဲ့ မွှေနေသည်မှာ အတော်ကြာနေ ပြီ။
အဲဒီ ပန်းကန်က ရဲဝင့်၏ ပန်းကန်ဖြစ်သည်။ မမွှေရသေးသော မနှင်းဖွေး၏ ပန်းကန်ပင် အပေါ်ယံ အရည် တင်းနေပြီ။ ရဲဝင့်နှင့် ဟန်ပိုတို့ကလည်း အဲဒါကို မမြင်သည့်အလား လက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင် က ဆောက်လက်စ ရပ်နေသော ကွန်ဒိုအဆောက်အအုံကြီး ရေညှိများ တက်နေသည် ကို စိတ်ပျက်လက်ပျက် ငေးကြည့်နေကြသည်။ ခဏနေမှ ရဲဝင့်က ဟက်ခနဲ တစ်ချက်ရယ်သည်။
" စက္ကူစက် ပြန်ထောင်ရင် ကောင်းမလားပဲကွ " ဟန်ပိုက အသံမထွက်ဘဲ ဆဲသည်။

" စိမ်းဝေ လည်း ရှေ့နှစ် ကျောင်းပြီးတော့မယ်၊ မင်းရော ငါရော၊ နှင်းရောလည်း အိမ်ပိုင်၊ ကားပိုင် ရှိနေကြပြီ၊ နောက်ထပ် ဒီ ရီဆက်ရှင် လေးငါးနှစ် ကြာလည်း ငါတို့ ခံနိုင်တယ် မင်းက ဘာ စိတ်ပူနေရတာလဲ " ရဲဝင့်က ဖြည်းညင်းစွာ ခေါင်းခါသည်။
" သူများ ကုမ္ပဏီတွေက ၀န်ထမ်းတွေတောင် လျှော့ကုန်ပြီ၊ ငါက အဲဒါမျိုးတော့ ဘယ်တော့မှ မလုပ်ချင် ဘူး၊ လစာတောင် ခါတိုင်း ခြောက်လတစ်ခါလောက် တွက်ပြီး တိုးပေးတာ၊ အခု တိုးမပေးနိုင်တာ တစ်နှစ် ခွဲ ရှိပြီ၊ ကုန်ဈေးနှုန်းတက် လို့ သူတို့ ခြိုးခြံနေ ရရင် ငါ ဘယ်စိတ်ကောင်းမလဲ " ဟန်ပိုက သက်ပြင်း ချသည်။ " လျှော့တော့လျှော့ရမှာပဲ ထင်တယ်ကွ၊ သူတို့လည်း ထိုင်နေရတာ " ရဲဝင့် ရယ်သည်။

" ငါလျှော့ချင်တာ က နှစ်ယောက်ရှိတာ၊ အမျိုးတွေ ဖြစ်နေတော့ ခက်တာပေါ့ "
ဒီ တစ်ခါတော့ မနှင်းဖွေးပါလိုက်၍ သုံးယောက်သား ရယ်မိကြသည်။ မနှင်းဖွေးက ကိုရဲဝင့်ကို တိမ်တွေပေါ် မှာ လမ်းလျှောက်နေတယ် ပြောလို့လားဟု ကျီစယ်သည်။ ရဲဝင့်က ပခုံးတွန့်ပြသည်။
တကယ်တော့ စိမ်းဝေ အစ်မ ၀မ်းကွဲများက စိမ်းဝေကို ကိုရဲဝင့်ဆိုတာ သူ့အောင်မြင်မှုတွေ အပေါ်မှာ သူ ပြန် ဘ၀င်မြင့်နေသူဟု မလိုတမာ စကားဆိုခဲ့ကြသည့် လွန်ခဲ့သည့် တစ်နှစ်ကျော် အချိန်ကတည်းက ရဲဝင့် အပါအ၀င် ဆောက်လုပ်ရေး လုပ်ငန်းများ သိပ် မအောင်မြင်တော့ပါ။ ၀န်ထမ်းများ၏ စားဝတ်နေရေး ကို ယိုင်မသွားစေချင်၍သာ သူတို့ သုံးယောက်သား ကြိုးစား၍ ကျားကန်နေခဲ့ ကြခြင်းဖြစ်သည်။ အဲဒီ ညီအစ်မနှစ် ယောက်ကတော့ နဂိုကတည်းက လုပ်ငန်းထဲတွင် စေတနာ မထားကြ။ အား မထည့်ကြသူများ ဖြစ်၍ မရိပ်မိ တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရဲဝင့်က ရှေ့ က ဆောက်လက်စ ကွန်ဒိုကြီးကို လက်ညှိုးထိုးပြသည်။

" ဒါမျိုးတွေ စင်ကာပူမှာ တော်တော် ခေတ်စားနေပြီကွ၊ ဆောက်ကြတာ အပြိုင်အဆိုင်ပဲ၊ အရင်လ ငါ သွား တုန်းကတောင် လျှောက်ကြည့်သေးတယ်၊ ဒီမှာ တန့်နေတာ မဖြစ်သင့်ဘူး၊ အေးလေ ပြန်တော့ ပွင့် လာမယ် ထင်ပါရဲ့၊ အချိန်သာ မှန်းရ ခက်နေသေးတာ "ဟန်ပိုက ၀င်၍ " မင်း စင်ကာပူသွားတာ ဘာလို့ ယူကေ မပတ်ခဲ့လဲ " ဟု မေးတော့၊ ရဲဝင့်က သောက် လက်စ ရေနွေးကြမ်းပန်းကန် သီးအောင် ရယ်သည်။ " ဘာဆိုင်လို့လဲဟ မင်းက " " ရင်ထဲမှာ နီးနီးကလေး၊ ဆိုင်ချင်ရင် ကမ္ဘာခြားတောင် ၀င်လို့ရတယ်မောင် " " ဘာကမ္ဘာခြားလဲ၊ မင်းပါးစပ် ပုပ်ကြီးနဲ့ " မနှင်းဖွေးပါ သူတို့ သူငယ်ချင်း နှစ်ယောက် ကို ကြည့်၍ ရယ်မိသည်။

" ကိုရဲဝင့် က ဘာလို့ လူကြီးတွေကို ပြောမပြလဲ " " ဒီကောင်လား၊ လူကြီးတွေ ၀မ်းသာမှာ စိုးလို့ဟေ့၊ ငါ့မှာတော့ သူတို့နဲ့ တွေ့တိုင်း လျှာကုတ်နေရတယ် " ဟန်ပိုက ၀င်နောက်တော့ ရဲဝင့်က ရယ်သည်။
" ပြောတာနဲ့ ချက်ချင်း ပြန်ခေါ် စီစဉ်ကြမှာ နှင်းရဲ့၊ တို့က သူ့ကို ကျောင်းပြီးအောင် စိတ်အေးအေး တက်စေ ချင်တယ်၊ ကျောင်းပြီးရင် သူ ဘယ်မှာ နေချင်တယ်၊ ဘာလုပ်ချင်တယ် ဆုံးဖြတ်ပြီးမှ ညှိပြီး အစီ အစဉ်ဆွဲမှာ " " အဲဒါနဲ့ပဲ ဟိုသတ္တ၀ါလေး ဘေးမှာ နှစ်နှစ် စိတ်ချထားမလို့ပေါ့ " ဟန်ပိုက အငေါ်တူးသော်လည်း ရဲဝင့်က အပြုံးမပျက်။

" ချစ်နေတဲ့ မိန်းကလေးကို စိတ်ချမ်းသာအောင် ထားပေးနိုင်မယ် ထင်လို့ ပိုင်ဖို့ ကြံစည်တာကွ၊ ပိုင်ဖို့ က နောက်၊ စိတ်ချမ်းသာစေချင်တာက ရှေ့၊ ဘယ်သူ့နားမှာ ပိုစိတ်မချစရာမှ မရှိဘူး မောင်၊ သူ စိတ်ချမ်းသာနေ သရွေ့ ငါ့အချစ်က ပြည့်စုံတယ် " " ကြောင်ပါ့ကွာ "
ဟန်ပိုက မဲ့ရွဲ့ပြောသော်လည်း ရဲဝင့်စကားက မနှင်းဖွေး ရင်ထဲသို့ နွေးထွေးစွာ စီးဆင်း ၀င်ရောက် သွားသည်။ ဟုတ်ပါရဲ့။ ပိုင်ချင်တာက အဓိကမကျ။ စိတ်ချမ်းသာစေချင်တာကမှ အချစ်။ ဒါကတော့ မနှင်းဖွေး ထောက်ခံ ချင်သည်။

မနှင်းဖွေး ရုံးခန်းတံခါး ကျွီခနဲ ပွင့်သွား၍ ရဲဝင့်ရော ဟန်ပိုပါ ၀င်လာသည်။ ဟန်ပိုက လက်ထဲက အိတ်ကို မနှင်းဖွေး စားပွဲပေါ် ပစ်တင်ရင်း ရှုံ့မဲ့၍ ဆိုသည်။
" မာလာ တို့ အုပ်စု ပေါ်တင်ကြီး ရှောင်သွားတာကွာ၊ ရိုင်းလိုက်တာ၊ မင်း မမြင်လိုက်ဘူးလား "
ရဲဝင့်က မျက်လုံးပြူးကြည့်သည်။ " မမြင်ရပါလားကွာ ဘယ်တုန်းကလဲ "
" အက်ဖ်အီးစီးလဲတဲ့ ကောင်တာမှာလေ၊ ၀င်လာပြီး ငါတို့ကိုလည်း တွေ့ရော အချင်းချင်း တိုးတိုးတိုးတိုးနဲ့ ငါတို့ဘက် လက်ညှိုးထိုးပြီး လှည့်ထွက်သွားတာ၊ ငါတို့နဲ့ ရန်ဖြစ်ထားတာ ကျနေတာပဲ "
ရဲဝင့်က ရယ်သည်။

" ငါလည်း ခုတလော ဘာဖြစ်နေတယ် မသိဘူးကွ၊ ဘေးနှစ်ဖက်ကို သိပ်မမြင်ဘူး ဖြစ်ဖြစ်နေတယ်၊ အထူး သဖြင့် နေပြင်းပြီး ခေါင်းကိုက်တဲ့ အခါမျိုးတွေပေါ့၊ မျက်စိသွားစစ်တော့လည်း ပါဝါကမရှိဘူး၊ မျက်စိ အထူးကု ဆရာဝန်တောင် ပြသေးတယ် ဘာမှ မရှိဘူးတဲ့ "
မနှင်းဖွေး က စိတ်ပူဟန်ဖြင့် " ဦးနှောက် အာရုံကြော အထူးကုလေးဘာလေး ပြကြည့်ပါလား ကိုရဲဝင့် ရယ် "ဟု ပြောသည်။ ရဲဝင့်က ရယ်၍ " ဦးနှောက်ကောင်းလွန်းလို့ လူမုန်းများတာ နှင်းရဲ့။ မာလာတို့ အုပ်စု ကြည့် မရတာ အဲဒါပဲ၊ သူတို့ ပေါင်းစားဖို့ ပြောတုန်းက ငြင်းလိုက်ပြီးနောက် ကိုယ့်ဟာကိုယ် ရ သွားတော့ ငြှိုးတာ" ဟု ဖြေသည်။
" သိပ်ဂုဏ်ယူ မနေနဲ့ ဟေ့ကောင်၊ သူတို့ ဘော်ဒါမရှိတော့လို့ မင်းရတာ၊ ပြီးတော့ ငြင်းတုန်း ကလည်း ကောင်းကောင်း ပြေပြေပြစ်ပြစ်မပြောဘူး၊ ဒါမျိုး လုပ်မှ ရမယ်ဆို ကျွန်တော် ဒီမှာ အလုပ် မလုပ်တော့ ဘူးလေး ဘာလေးနဲ့လေသံက၊ မင်း အဲဒါကြောင့် ဟိုက ကြည့်မရတာ " ဟန်ပို က ဟောက်သည်။

" မင်း တစ်ခုခု သွားကျူးလွန်ထားပြီး တာဝန်မယူလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့ "
ရဲဝင့် က ပြန်စတော့ ဟန်ပိုက အသံမထွက်ဘဲ ဆဲသည်။
မနှင်းဖွေးကတော့ စိတ်ပူ မပြေသေးဘဲ ၀င်ပြောသည်။
" ကိုရဲဝင့်က ရှေ့လ စင်ကာပူ သွားဦးမယ်ဆို၊ ဟိုမှာ မျက်စိလေး ဘာလေး ၀င်ပြရင် ပြကြည့် ပါလား၊ ခေါင်းကိုက်တာလည်း ခဏခဏပဲ" ရဲဝင့်က စဉ်းစားနေပြီးမှ အင်းလေ ဟုဆိုသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၄)

"အားလုံး မှားကုန်ကြတာပါ မစ္စက်ဒင်ဗာ…။ မစ္စက်ဒီဝင်းတားကြောင့် မြားနတ်မောင်ရုပ်ကလေး ကွဲ သွား တယ်။ ဒီအကြောင်းပြောပြဖို့ သူ မေ့နေတာပါ" မက်ဇင်မ်က ဆီးပြောသည်။
သူတို့က ကျွန်မ ကို လှမ်းကြည့်ကြသည်။ ကျွန်မသည် ကလေးငယ်ကလေးဖြစ်သွားပြန်ပြီ။ အပြစ်ကျူး လွန်မိသူ လိုလည်း မျက်နှာမှာ ရှက်သွေးဖြာနေသည်။
ကို ဆက်ဖတ်ရန်.....

အခန်း (၁၃)

ဇွန်လ ကုန်သောအခါ လန်ဒန်သို့ မက်ဇင်မ် သွားရန် အကြောင်းပေါ်လာသည်။ အမျိုးသားများကိုသာ ဖိတ်ပြီး တည်ခင်းသည့် ညစာစားပွဲတစ်ခုသို့ တက်ရန်ဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးကိစ္စများ ဆွေးနွေးကြ ရန်လည်း ဖြစ်သည်။ နှစ်ရက်လောက် ကြာမည်ဖြစ်ရာ ကျွန်မတစ်ယောက်တည်း နေခဲ့ရပေမည်။ သည် လို သူ ခရီးသွားရမည့်အတွက် စိုးရိမ်စိတ်များကိုလည်း ကျွန်မ ခံစားနေရပါသည်။ လမ်းကွေ့ ကိုချိုးပြီး မြင်ကွင်းမှ သူ့ကား ပျောက်သွားသောအခါ သူနှင့် နောက်ဆုံးအကြိမ်အဖြစ် အပြီးအပိုင် ခွဲလိုက်ကြရပြီ ဟု စိတ်ထဲမှာ ခံစားလိုက်ရပါသည်။
သူ့ မော်တော်ကား မှောက်နိုင်သည်။ မွန်းလွဲပိုင်းတွင် ထုံးစံအတိုင်း ကျွန်မ လမ်းလျှောက်ပြီး ပြန် လာ သောအခါ ဖရစ်သည် မျက်နှာတွင် သွေးမရှိတော့ဘဲ အမူအရာပျက်ကာ သတင်းဆိုးကြီးတစ်ခုနှင့် ကျွန်မ ကို စောင့်နေလိမ့်မည်။ ဆေးရုံတစ်ခုခုမှ ဆရာဝန်တစ်ယောက်ယောက်က ဖုန်းလှမ်းဆက်လိမ့် မည်။

"စိတ်ထိန်းထားပါ ဆရာကတော်…။ သတင်းဆိုးကြီးတစ်ခုကို ကျွန်တော် ပြောရပါတော့မယ်"ဟု သူက ဆီးပြော လိမ့်မည်။
ထို့နောက်  ဖရင့်ခရော်လေ ရောက်လာလိမ့်မည်။ ပြီးတော့ သူနှင့်အတူ ဆေးရုံသို့ ကျွန်မ လိုက်သွား လိမ့်မည်။ ဆေးရုံရောက်သောအခါ မက်ဇင်မ်သည် ကျွန်မကို မမှတ်မိတော့။
ထိုသို့ဖြစ်လာနိုင်သည်များကို နေ့လယ်စာစားရင်း ကျွန်မ တွေးနေမိသည်။ အသုဘရှုလာကြသော လူ များ သည် ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ပြည့်ကျပ်နေလိမ့်မည်။  ကျွန်မက ဖရင့်၏လက်မောင်းကို တွဲမှီ ရင်း ရှိနေလိမ့်မည်။ စဉ်းစားရင်းမှာပင် တကယ်ကြုံတွေ့ရသလို ခံစားလာရသည်။ ထို့ကြောင့် နေ့လယ် စာကိုလည်း ကောင်းကောင်းမစားနိုင်တော့ပါ။ တယ်လီဖုန်းခေါင်းလောင်းသံကိုသာ ထိတ်လန့် တကြား ဖြင့် နားစွင့်နေ မိတော့သည်။

မွန်းလွဲပိုင်းကျတော့ သစ်အယ်ပင်အောက်မှာ ကျွန်မ ထွက်ထိုင်နေမိသည်။ ပေါင်ပေါ်မှာ စာတစ်အုပ်ကို ဖွင့်လျက် တင်ထားသော်လည်း လုံးဝ မဖတ်နိုင် ပါ။ မြက်ခင်း ကိုဖြတ်ပြီး ရောဘတ် လျှောက်လာသည် ကို မြင်ရတော့ တယ်လီဖုန်းလာပြီဖြစ်ကြောင်း ကျွန်မ သိလိုက်ပါသည်။ တစ်ကိုယ်လုံး လည်း နုံးချည့် သွား တော့သည်။
"ကလပ်သင်း ကလာတဲ့ ဖုန်းပါ ဆရာကတော်…။ မစ္စတာဒီဝင်းတား ချောချောမောမော ရောက် လာပြီ ဖြစ်ကြောင်း ကလပ် က အလုပ်သမားတစ်ယောက် ဆက်တာပါ" "ကျေးဇူးပဲ ရောဘတ်…။ သူ ရောက်သွားတာ မြန်လိုက်တာနော်" "ဟုတ်ပါတယ် ဆရာကတော်။ အတော်မြန်ပါတယ်"
"ကျွန်မနဲ့ စကားပြောဦးမတဲ့လား။ ဒါမှမဟုတ် ဘာမှာလိုက်သေးလဲ"

"မမှာပါဘူး ဆရာကတော်…။ မစ္စတာဒီဝင်းတား ချောချောမောမော ရောက်လာပြီဖြစ်ကြောင်း ကလပ် က အလုပ်သမား တစ်ယောက် ဆက်တာပါ"
"ကောင်းပြီ ရောဘတ်… ကျေးဇူးတင်ပါတယ်"
ကျွန်မ ခံစားလိုက်ရသည့် စိတ်သက်သာမှုကား ဖော်ပြနိုင်စွမ်းမရှိလောက်အောင် ကြီးမားလှပါသည်။ စိတ်တင်းကျပ်နေမှုများအားလုံး ပြေပျောက်သွားတော့သည်။ ပင်လယ်ရေလက်ကြား တစ်ခု ကို အောင် မြင်စွာ ဖြတ်ကူးလာပြီး တစ်ဖက်ကမ်းသို့ ရောက်လာသူလိုလည်း ခံစားလိုက်ရသည်။

သည်တော့ မှ ဗိုက်ထဲက ဆာလာသည်။ ရောဘတ် ပြန်ထွက်သွားသောအခါ ပြတင်းပေါက်ရှည်ကြီးမှ တစ်ဆင့် ထမင်းစားခန်းထဲသို့ ခိုးဝင်လာခဲ့သည်။ ပြီးတော့ ကြောင်အိမ်ထဲမှ ဘီစကွတ်ခြောက်ခုနှင့် ပန်း သီးတစ်လုံး ကို ခိုးယူလာခဲ့သည်။ ဘာကြောင့် ဒါလောက်ဆာနေကြောင်း ကျွန်မ မစဉ်းစားတတ်ပါ။ ထို့ နောက် သစ်တော ထဲသို့ဝင်လာခဲ့သည်။ အစေခံများ မမြင်နိုင်အောင် သစ်တောထဲမှာ သွားစား ရမည်။ မြက်ခင်းပေါ် မှာ ထိုင်စားနေလျှင် အိမ်က လှမ်းမြင်နိုင်သည်။ ချက်ကျွေး သည့် ထမင်းဟင်းများကို မစ္စက် ဒီဝင်းတား မကြိုက်သောကြောင့် ဘီစကွတ်စားနေသည်ဆိုကာ ထမင်းချက်ကို အပြစ် ဝိုင်းဖို့ကြ ဦးမည်။ ထိုကိစ္စက မစ္စက်ဒင်ဗာထံ ရောက်သွားပြီး ပြဿနာပိုရှုပ်လာနိုင်သည်။

ယခုဆိုလျှင် မက်ဇင်မ်လည်း ခလုတ်မထိ ဆူးမငြိဘဲ လန်ဒန်သို့ရောက်သွားပြီ။ ကျွန်မလည်း သည် နေရာ မှာ စိတ်လက်ချမ်းသာစွာဖြင့် ဘီစကွတ်များ စားနေပြီ။ ကျွန်မ အလွန်ပျော်သွားပါသည်။ လွတ် လပ်သွားပြီဟုလည်း ခံစားလိုက်ရပါသည်။ ဘာတာဝန်မှ မရှိတော့။ ကျောင်းပိတ်ရက် စနေနေ့ တွင် ကျောင်းသားတစ်ယောက် ခံစားရပုံမျိုးနှင့်လည်း တူပါသည်။ ကျောင်းတက်ဖို့ မလိုတော့။ သင်ခန်းစာ တွေ ကျက်မှတ်ဖို့ မလိုတော့။ အဝတ်ဟောင်းကလေးလဲကာ အိမ်နီးချင်း ကစားဖော် များနှင့် ခွေးရူး လိုက် တမ်းကစားကြရုံသာ ရှိတော့သည်။
ကျွန်မ၏စိတ်ထဲမှာလည်း ထိုအတိုင်း တသွေမတိမ်း ခံစားနေရပါသည်။ မန်ဒါလေစံအိမ်ကြီးသို့ ရောက် လာ ကတည်းက သည်လို ခံစားမှုမျိုး တစ်ကြိမ်တစ်ခါမျှ မရခဲ့။ လန်ဒန်သို့ မက်ဇင်မ် ထွက်သွားပြီး ကျွန်မ တစ်ယောက် တည်း လွတ်လွတ်လပ်လပ် ကျန်ရစ်ခဲ့သောကြောင့် ယခုလို ခံစားမှုမျိုးရရှိခြင်းဖြစ်ပါသည်။

ကျွန်မကိုယ်ကျွန်မလည်း နားမလည်နိုင်တော့ပါ။ သူ ခရီးမထွက်ခင်တုန်းကတော့ သူ့ကို ခရီးမသွားစေ ချင်။ ယခု တကယ်ခရီးထွက်သွားသောအခါ ကျွန်မမှာ စိတ်လက်ပေါ့ပါးလာသည်။ ကလေးငယ်တစ် ယောက်လို ပြေးလွှားဆော့ကစားရင်း  မြက်ခင်းပေါ်မှာ လူးလိမ့်နေလိုက်ချင်သည်။ ပါးစပ်မှာ ကပ်နေ သည့် ဘီစကွတ်အစအနများကို လက်ဖြင့် သုတ်ပစ်လိုက်ပြီး ဂျက်စ်ပါကို လှမ်းခေါ် လိုက်သည်။ ထိုနေ့ သည် ရာသီဥတုသာယာသောနေ့တစ်နေ့လည်း ဖြစ်ပါသည်။ ရာသီဥတုကောင်းနေသောကြောင့် စိတ် လက်ပေါ့ပါးနေခြင်းလည်းဖြစ်နိုင်ပါသည်။

ဂျက်စ်ပါနှင့်အတူ ပျော်စရာတောင်ကြားကလေးသို့ လာခဲ့သည်။ အဇေလီယာပန်းများ တုံးသွားပြီ။ အောက် က ရေညှိများပေါ်မှာ ပန်းကြွေပွင့်တွေ ဖွေးဖွေးလှုပ်နေ သည်။ ခေါင်းလောင်းပြာပန်း များက တော့  အရောင်မပြယ် တတ်သေး။ ပျော်စရာတောင်ကြားကလေးထဲမှာ ကော်ဇောခင်းထားသလို ရှိပါ သည်။ မြက်ခင်းကလေးပေါ်မှာ ပက်လက်လှန်အိပ်လိုက်ပြီး လက် ကို ခေါင်းအုံး ထားလိုက် သည်။ ဘေး မှာ ခေါင်းလောင်းပြာပန်းတွေ ရှိသည်။ မြက်ပင်ကလေးများကို ဆွဲယူပြီး ကိုက်နေမိသည်။ ဂျက်စ်ပါ က ကျွန်မကို ငုံ့ကြည့်နေသည်။ သူ့ပါးစပ်မှ သွားရည်များ ကျနေသည်။
သစ်ပင်ထိပ်ဖျားများပေါ်မှာ ခိုများ နားနေသည်။ အလွန်တိတ်ဆိတ် ငြိမ်းချမ်းလှပါသည်။ သည်အရပ် သည်နေရာ သည် အဖော်မပါဘဲ တစ်ကိုယ်တည်းနေကာမှ ဘာကြောင့်များ ဒါလောက် ပိုမိုမြတ်နိုး စရာ ကောင်းလာရသနည်းဟု တွေးနေမိသည်။

"စကားမစပ် ပြောရဦးမယ်…။ ဟိုတလောက ဟီလ်ဒါနဲ့တွေ့တယ်။ ညည်း မှတ်မိသေးလား… တင်းနစ် အရိုက်တော်တဲ့ ကောင်မလေ။ အဲဒီကောင်မ လင်ရနေပြီတော့။ ကလေးတောင် နှစ်ယောက်ထွက်ပြီး ပြီ" ဟု ပြောမည် ဆိုပါစို့။ ကျွန်မ အလွန်စိတ်ပျက်သွားပါသည်။
ကျွန်မအနား မှာ ဘယ်သူမျှရှိမနေစေချင်ပါ။ မက်ဇင်မ်ကိုပင်လျှင် ယခုအချိန်တွင် ယခုလို မြက်ခင်းပေါ် မှာ ပက်လက်လှန်အိပ်ပြီး မျက်လုံးကိုလည်း မှိတ်ထားနိုင်မည်မဟုတ်ပါ။ မြက်ပင်များကိုလည်း ဝါးနေ နိုင်မည် မဟုတ်ပါ။ သူ့ကို အရိပ်တကြည့်ကြည့် လုပ်နေရပါမည်။ သူ ပျင်းနေသလား။ စိတ်ချမ်း သာနေ သလား ဆိုတာ ကိုသာ အကဲခတ်နေရပါမည်။

ယခုမူ မက်ဇင်မ်က လန်ဒန်ရောက်နေပြီ။ ကျွန်မသည် တောထဲမှာ တစ်ကိုယ်တည်းရှိနေသည်။ ယခုလို သူမရှိဘဲ တစ်ယောက်တည်းနေရတာ ဘယ်လောက်ကောင်းလိုက်သလဲ။ အို… ဒီလိုလဲ မဟုတ်သေးပါ ဘူး။ ဒီစိတ်ကူးကြီးက သူ့အပေါ် သစ္စာမဲ့ရာကျတာပဲ။ ကောက်ကျစ်စဉ်းလဲရာ ကျတာပဲ။ ကျွန်မ ဆိုလို သည်မှာ ဒီအဓိပ္ပာယ်မျိုးမဟုတ်ပါ။ မက်ဇင်မ်သည် ကျွန်မ၏ဘဝဖြစ်ပါသည်။ ကျွန်မ၏ကမ္ဘာဖြစ်ပါသည်။
လဲလျောင်းနေရာ မှထပြီး ဂျက်စ်ပါကိုခေါ်လိုက်ပါသည်။ ပျော်စရာတောင်ကြားထဲမှ ထွက်ပြီး ပင်လယ် ကမ်းခြေ သို့ လျှောက်လာခဲ့ပါသည်။ ဒီရေကျသွားပြီ။ ပင်လယ်ရေပြင်က ငြိမ်သက်အေးချမ်းနေသည်။ ကန်ရေပြင်လို ဖြစ်နေသည်။ လေကတည်းမတိုက်။ ကမ်းခြေမှာ နေသာနေသည်။ ဂျက်စ်ပါသည် ချက် ချင်းဆိုသလို ကျောက်ဆောင်များပေါ်သို့ တွယ်ဖက်တက်သွားသည်။ ကျွန်မကို တစ်ချက်လှည့်ကြည့် သေးသည်။ နားရွက်တစ်ဖက်က ညိုမောင်းသလို ရှိနေသည်။ အကြည့်ရဆိုးသလို ဖြစ်နေသည်။

"အဲဒီဘက်ကို မသွားဘူး ဂျက်စ်ပါ"
ကျွန်မက လှမ်းအော်သည်။ သို့သော်လည်း ကျွန်မကို သူ လုံးဝဂရုမစိုက်ပါ။ ချက်ချင်း အာခံကာ တစ် ဖက်သို့ ခုန်ဆင်းသွားတော့သည်။ "တော်တော် အနှောင့်အယှက်ပေးတဲ့ သတ္တဝါကလေး"ဟု အသံ ကျယ်ကျယ်ဖြင့် ကျွန်မ အော်ပြောမိသည်။ သူ့နောက်သို့လိုက်မသွားချင်ယောင်ဆောင်နေမိသေးသည်။ အို… နေပါစေလေ။ ငါနဲ့အတူတူ မက်ဇင်မ်မှ မရှိဘဲ၊ အဲဒီကမ်းခြေကို သွားတော့ရော ဘာဖြစ်ရဦးမှာလဲ၊ အဲဒီကမ်းခြေနဲ့ ငါနဲ့ ဘာဆိုင်တာမှတ်လို့ဟု ကိုယ့်ဟာကိုယ် အားပေးရင်း ဂျက်စ်ပါနောက်သို့ လိုက်ခဲ့ သည်။

သီချင်းကလေးတစ်ပုဒ်ကိုလည်း ညည်းနေမိသည်။ ပင်လယ်ကမ်းခြေ အကွေ့ကလေးက ဒီရေတက်ချိန် မဟုတ်သောအခါတွင် မြင်ကွင်းတစ်မျိုးဖြစ်နေသည်။  သင်္ဘောကပ်သည့် ဆိပ်ကမ်းကလေးတွင် ရေက သုံးပေလောက်သာ နက်တော့သည်။ ဟိုတုန်းက သည်နေရာမှာ ဇိမ်ခံရွက်သင်္ဘောကလေး ကျောက်ချ ပြီး ဆိုက်ကပ်ထားပေလိမ့်မည်ဟု တွေးကြည့်မိသည်။ ဗောယာကလေးလည်း ရှိသေး သည်။ ဆေးအဖြူ နှင့် အစိမ်းသုတ်ထားသည်။ ယခင် တစ်ခေါက်တုန်းက သည်ဆေးရာင်ကို သတိမထား မိ ခဲ့ပါ။ ထိုစဉ်က မိုးရွာနေသောကြောင့် အရောင်ပျောက်နေခြင်းလည်း ဖြစ်နိုင်သည်။
ကမ်းခြေပေါ် မှာ လူသူကင်းမဲ့နေသည်။ ကျောက်စရစ်ရောပြွန်းသည့် သောင်ပြင်အတိုင်း လျှောက်လာခဲ့ သည်။ ဆိပ်ကမ်းတွင် သင်္ဘောကပ်လျှင် ကြားခံပေးသည့် မော်တော်ကားတာယာတစ်ခုရှိသည်။ သံလှေကား တစ်ခု လည်း ကုန်းတစ်ပိုင်း ရေတစ်ပိုင်းရှိနေသည်။ ဂျက်စ်ပါက ထိုနေရာသို့ ပြေးသွား သည်။ သူလုပ်နေကျဖြစ်ပေလိမ့်မည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၁)

'အင်ဒီရော၊ ဟင် ဖေဖေ' ဆမ်က သူ့အချစ်တော်အကြောင်းမေးသည်။
ထုံးစံ အတိုင်းပေါ့ကွာ၊ သိပ်ခွေးပါးဝတဲ့ကောင်၊ ဟိုနေ့ကကန်ထဲ ဆင်းကူးပြီး ရေစိုကြီး နဲ့ ဆိုဖာတွေပေါ် တက် အိပ် တယ်လေ၊ အက်နက် က တံမြက်စည်းနဲ့ လိုက်ရိုက်တယ်၊ လုံးလားထွေးလား နဲ့ ဘယ်သူနိုင် လဲတော့ မသိ ဘူး၊ ညနေကျတော့ သူ့ခန်းဆီးတွေကို အင်ဒီကိုက်ဖြဲပစ်တယ်လေ'
ကို ဆက်ဖတ်ရန်.....

သားအဖသုံးယောက်ပြောပြီး ရယ်ကြသည်။ အော်လီဗာက စကားလုံး သေသေချာချာ ရွေးပြီး စကားဆက်သည်။
"ဒီည ဧည့်သည်တစ်ယောက်လာပြီး ညစာစားလိမ့်မယ်၊ ဖေဖေ့ အသိထဲကပါ"
လေသံ ကို သာမန်ဖြစ်အောင် တတ်နိုင်သျှ ကြိုးစား ပြောသည်။ သို့သော် ကလေးတွေက ချက်ဆို နားခွက် က မီးတောက်သည်။

"သမီး တို့ သူ့ကို တွေ့ရင် ခင်ကြမှာပါ"
မယ်လီဆာက မျက်ခုံးတစ်ဖက်ပင့်ပြီး စူးစမ်းသည့်အပြုံးမျိုးဖြင့် …
"ဖေဖေ စိတ်ဝင်စားစရာတွေ့နေပြီလား"
လွန်ခဲ့သည့်ခြောက်လခန့်ကဆိုလျှင် အဖေ့ကို စိတ်ဝင်စားသည့် မိန်းမတိုင်းအား မုန်းဖို့အသင့် ရှိနေခဲ့၏။ ယခုတော့ အခြေအနေတွေ ဗြုန်းစားကြီး ပြောင်းလဲခဲပြီ၊ မယ်လီဆာ ဆယ့်ခုနစ်နှစ်ပြည့် ပြီလေ၊ ကျောင်း က ကောင်ကလေး တစ်ယောက် ကို ကိုယ်တိုင်စိတ်ဝင်စားနေပြီ ဟုတ်လား၊ ပြီးခဲ့ သည့် နွေရာသီကျောင်းပိတ်ရက် က ယန်းမီယာနှင့် အမေ့အကြောင်းကိုရော၊ အဖေနှင့်အမေ ဘယ်တော့ မှ ပြန်ပေါင်းကြတော့မည် မဟုတ်ကြောင်းကိုရော နားလည်ခဲ့ပြီ။

"ရိုးရိုးမိတ်ဆွေပါ သမီးရဲ့"
"သူက ဘယ်သူလဲဟင်"
"သူ့နာမည် က ရှားလော့တဲ့၊ နီဘရာစကာ သူလေ"
ဘာ ဆက်ပြောရမှန်း မသိ ရယ်နေသည်။ ပြဇာတ်မင်းသမီးတစ်ယောက် ဖြစ်ကြောင်းနှင့် တီဗွီတွင် နာမည်ကြီးနေ သူ ဖြစ်ကြောင်းတော့ မပြောချင်သေး၊ နောက်မှ သူတို့ ဘာသာ သိပါစေ။ အက်နက်နှင့် မိတ်ဆက်ပေးစဉ် တုန်းက အတိုင်းပေါ့။
အက်နက် ပါးစပ် အဟောင်းသား ဖြစ်နေသည်။ ချက်ချင်း နှစ်ယောက်သား ရင်းနှီးသွားကြ၏။ အက်နက်တောင်း သဖြင့် ရှားလော့က ဓာတ်ပုံတွေ အများကြီး ယူလာပေးသည်။ သူငယ်ချင်းတွေဆီ ပို့ဖို့လေ၊ ခုတော့ ရှားလော့ကို သူ့ဆရာနှင့် သဘောတူနေပြီ။

အိမ်ရောက်တော့ အက်နက် က အသင့်စောင့်ကြိုနေ သည်။ မောင်နှမနှစ်ယောက် ကို ပွေ့ ဖက် နှုတ်ဆက်သည်။ စားစရာမျိုးစုံ အသင့် လုပ်ထားပြီးသား၊ အင်ဒီ က သူတို့ မောင်နှမနှစ်ယောက် ကို မြင့်တော့ ခုန်ပေါက်အော်ဟစ်ကာ အမူအယာအမျိုးမျိုးဖြင့် နှုတ်ဆက်သည်။
ညစာ မစားခင် ဆမ်က ရေကူးချင်ကြောင်း ပြောသည်။ ဘော့စတန်မှာ ချမ်းလွန်း၍ နှစ်ပတ်လုံးလုံး ဆန်ဖရန်စ္စ ကို အိမ်မှ ရေကူးကန်ကို သတိရနေမြဲ၏။ ဒါလောက်ချမ်းတာမျိုး တစ်ခါမှ မကြုံဖူးဘူး ဟု ပြောသည်။

မယ်လီဆာ က အထုပ်အပိုးတွေ ဖြေဖို့ သတိမရနိုင်ဘဲ သူငယ်ချင်းတွေဆီ ဖုန်းဆက် သည်။ မောင်နှမနှစ်ယောက်စလုံး အိမ်ပြန်ရောက်လာသည့်အတွက် ၀မ်းသာနေကြ သည်ကို မြင်ရ၍ အော်လီဗာ ပျော်သွားသည်။ ဘင်ဂျမင်ဆီ သူတို့နှစ်ယောက် သွားချိန် မရခဲ့ခြင်း အတွက်တော့ စိတ်မကောင်း ဖြစ်ရ၏။
ဘင်ဂျမင် တစ်ယောက် အလုပ်နှစ်ခုကို အချိန်မှန်မှန် လုပ်နေရပြန်ပြီဖြစ်ကြောင်း မယ်လီဆာက ကားပေါ် တွင် ပြောပြသည်။
"တယ်လီဖုန်းဆက်တိုင်း ဆန္ဒရာ မရှိဘူးဖေဖေ၊ သူကိုယ်တိုင် ကလေးထိန်းနေရတယ်တဲ့၊ ညနက် သန်းခေါင် အထိ ပြန်လာချင်မှ ပြန်လာတယ်တဲ့၊ ကိုကိုအကြီးအကျယ် စိတ်ဓာတ်ကျနေပုံပဲ"
ညခုနစ်နာရီ တိတိတွင် အော်လီဗာ တစ်ယောက် ရင်တထိတ်ထိတ်ခုန်လျက် ဧည့်ခန်းထဲတွင် ထိုင်စောင့်နေ သည်။ အပေါ်ထပ်မှ မယ်လီဆာနှင့် ဆမ်ကလေးတို့ အသံတွေကိုလည်း တစ်ဖက်က နားစွင့်နေသည်။ ဟော … မာစီဒီးအနီး ကလေးဝင်လာပြီ။ အသက်ရှူမှားမတတ် ဖြစ်သွားသည်။

ပြေးထွက်ပြီး ချစ်သူကို အနမ်းဖြင့် ကြိုဆိုလိုက်ချင်၏။ သို့သော် အသာကလေး ထပြီး တံခါးဝမှ ဣနြေ္ဒရရ ဆီးကြိုသည်။ ကလေးတွေ ချောင်းကြည့်နေကြမည်ကိုလည်း စိုးရိမ်နေ၏။
ကုတ်သားကလေး ကို ငုံ့နမ်းပြီး နှုတ်ဆက်သည်။ "သိပ်အောက်မေ့တာပဲ" ဟု တိုးတိုး ကလေး ပြောလိုက်၏။ ရက်ပေါင်း များစွာ၊ လပေါင်းများစွာ ဝေးကွာနေသည်ဟု စိတ်ထဲထင်နေ၏။ မနက်ပိုင်း ကပဲ တွေ့ခဲ့ကြသေးသည်။
"ရှာလီ လဲ အောက်မေ့တာပဲ မောင်ရယ်"
တိုးတိုး ကလေး ပြန်ပြောသည်။ တစ်ဆက်တည်း မေးလိုက်သည်။
သူတို့ အခြေအနေကောဟင်"
အလုပ်တစ်ခု ကို ခိုးကြောင်ခိုးဝှက် ကျိတ် လုပ်နေသည့် ကလေးနှစ်ယောက်နှင့် တူနေ၏။

"ကောင်းတယ်၊ ပျော်ပျော်ပါးပါးပဲ၊ ကားပေါ်မှာ မင်းအကြောင်း ပြောလိုက်တယ်၊ ခုထိတော့ အခြေအနေ မဆိုးဘူး"
ဇီဇာကြောင်သည် အမေ့ဆီကို ချွေးမလောင်း ကို ခေါ်လာသူ၏ အဖြစ်ထက် ဆိုးပါသည်။ အော်လီဗာ ရင်တွေ ခုန်လှပြီ။ ရှားလော့က ပိုဆိုး၏။ သူတို့ကလေးတွေနှင့် တွေ့ရမည်ကို လန့်နေ၏။
အော်လီဗာ က မောင်နှမနှစ်ယောက်ကိုခေါ်ဖို့ အပေါ်ထပ်တက်သွားတော့ ရှားလော့ တစ်ယောက် ထိုင်ရ မလို၊ ထရမလိုနှင့်။ ဓာတ်ပုံတွေကို မော့ကြည့်လိုက်၊ အပြင်ကို ငေးကြည့်လိုက်၊ ပရိဘောဂ တွေကို ကိုင်ကြည့် လိုက်နှင့် မတည်မငြိမ် ဖြစ်နေသည်။ သူတို့မောင်နှမနှစ်ယောက် မိမိကိုမုန်းနေ လျှင် ဆိုသည့် အတွေး က ရှားလော့အား ခြောက်လှန့်လျက် ရှိ၏။ ထွက်ပြေးရ ကောင်းမလားဟုပင် စိတ်ကူးပေါက် မိသည်။ ထိုတဒင်္ဂတွင်ပင် သူတို့သားအဖ သုံးယောက်နှင့် အင်ဒီပါ အခန်းထဲသို့ ဆူဆူညံညံနှင့် ၀င်လာကြ သည်။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် အသံများနှင့် အထူဝင်လာကြ ခြင်း ဖြစ်၏။ သို့သော် ရှားလော့ ကိုမြင်တော့ ရုတ်ချည်း တိတ်ဆိတ်သွားသည်။

အော်လီဗာ က ခပ်သွက်သွက် ရှေ့တိုးလာပြီး သူတို့နှင့် မိတ်ဆက်ပေးသည်။ မယ်လီဆာက လက်ဆွဲ နှုတ်ဆက်ပြီး ရှားလော့ ကို သေသေချာချာ အကဲခတ်သည်။ သဘောကျနေပုံရ၏။ ဆမ်က မျက်စိ ကို မှေးပြီး ကြည့်သည်။ တစ်ခုခုကို အပြေးအလွှား စဉ်းစားနေသည့်ပုံမျိုး၊ တော်တော်လှ သည့် အမျိုးသမီး ပါကလား၊ အဖြူရောင် ဆွယ်တာနှင့် အပြာရောင်စကတ်ကို ၀တ်ထားသည်။ မျက်နှာကို မယ်လီဆာလောက် ပင် ပြင်ပြင်ဆင်ဆင် လုပ်မထား။ ဆံပင်ပုံ သဏ္ဍာန်လည်း ခပ်ရိုးရိုးပင်။
ရှားလော့ က ပြုံးပြီး ...
"နှစ်ယောက်လုံး နဲ့ တွေ့ရတာ ၀မ်းသာပါတယ်၊ သားနဲ့သမီးအကြောင်းတော့ ဖေဖေ့ဆီက အများကြီး ကြား ထားပြီးပါပြီ"
ဆမ် က အားရ၀မ်းသာရယ်ပြီ ...
"ဟုတ်လား၊ ကျွန်တော့်အကြောင်း ဘာတွေပြောလဲ၊ ကျွန်တော့် သိပ္ပံစမ်းသပ်ခန်းအကြောင်း မပြောဘူး လား"
ဆမ် က ဂုဏ်ယူဝမ်းသာစွာ ပြောသည်။ မယ်လီဆာက လှမ်းဟောက်သည်။

"ကဲ-ဆမ်၊ အသာနေစမ်း"
"အန်တီကြည့်မလား ဟင်၊ ကျွန်တော်ပြမယ်"
ဆမ်က အားရပါးရ ပြုံးပြီး ဖိတ်ခေါ်နေသည်။ ရှားလော့က ခေါင်းညိတ်လိုက်သည်။ သို့သော် မယ်လီဆာ က အတင်းဝင်တား၏။
"သွားမကြည့် နဲ့ အန်တီ၊ အလကား၊ တီကောင်တွေ မွေးထားတာ၊ ရွံ့စရာကြီး"
အက်နက်နှင့် မယ်လီဆာက အိမ်ပေါ်မှာ မထားရဘူးဆို၍ တီမွေးမြူရေးခြံ ကို ကားရုံထဲပို့ထားရသည်။ အလွန် ချစ်စရာကောင်းသည့် အဖေ့မိတ်ဆွေအမျိုးသမီးကို သူပြချင်လှပြီ၊ ရှားလော့က ဆမ်ကလေး က ကြည့်ပြီး သဘောကျနေသည်။

"အန်တီ ငယ်ငယ် ကလည်း မွေးဖူးတယ်ကွယ့်၊ အမက ရွံ့လို့ဆိုပြီး ပစ်ထုတ်လိုက်တယ်၊ အန်တီ က မြွေတွေကော၊ ကြွက်ဖြူတွေကော မွေးတာ၊ ပူးကလေးတစ်ကောင်လဲ ပါတယ်၊ ဆမ်ကော မမွေးဘူး လား" ဆမ် ခေါင်းရမ်း သည်။ အန်တီ ရှားလော့ကို ကြိုက်သွားပြီ။
"ဟား ... ပျော်စရာကြီး နေမှာပဲ၊ ဖေဖေ သား မွေးရမလားဟင်"
"အက်နက် ဆီကို ပထမ ခွင့်တောင်းလေ"
ညစာ အဆင်သင့်ပြင်ပြီးဖြစ်ကြောင်း အက်နက် သတင်းလာပို့သည်။ အားလုံးဝိုင်းထိုင်လိုက်ကြ သည်။ ရှားလော့ က အဖြူရောင် လက်သုတ်ပ၀ါကို ပေါင်ပေါ်တွင် ဖြန့်တင်လိုက်၏။ မယ်လီဆာက အသေးစိတ် အကဲခတ်နေသည်။ ဆံပင်အရောင်တဖိတ်ဖိတ်၊ လက်သည်းကလေးတွေကို လှပစွာ ပြင်ထားသည်။

အမယ်စုံလှသော အက်နက်၏ လက်ရာ ဟင်းလျာမျိုးကို အားရပါးရစားကြသည်။ ရှားလော့နှင့် နှစ်ယောက် တည်းဖြစ်သလို ချက်ပြုတ်စားခဲ့သည့် အချိန်များ ကို အော်လီဗာ အောက်မေ့ တမ်းတနေ သည်။ ကလေးတွေ ပြန်ရောက်ပြီး နောက်ပိုင်းလည်း အတတ်နိုင် ဆုံး ရှားလော့ကို အချိန်ပေးမည် ဟု စိတ်ကူးထား၏။ သည်မျှတော့ အခွင့်အရေး ရှိသင့်သည်လေ၊
စားလို့သောက် လို့ ကောင်းနေကြတုန်း ဆမ်ကလေးက ရှားလော့ကို တည့်တည့်ကြည့်ပြီး ထအော် ပါလေတော့ ၏။ မျက်လုံးအပြူးသားနှင့် ... "အဲဒါ ... အဲဒါ ... အန်တီက ... ဟို ... ဟို"
ဘယ်က စလို့ ဘယ်လိုမေးရမှန်း သူ မသိ။ ရှားလော့ ရယ်သည်၊ မယ်လီဆာအရင်မှတ်မိမည် ထင်ခဲ့ သည်။ ရှားလော့ က လျှို့ဝှက်စွာ ပြုံးနေသည်။ ဆမ်ကလေးက ဆက်မေးသည်။

"ကျွန်တော်သိပြီ၊ တီဗွီမှာ ... ဟုတ်တယ် မဟုတ်လားဟင်"
ရှားလော့ က အနေရကျပ်သွားသည့် အမူအယာဖြင့် ...
"ဟုတ်ပါတယ်ဆမ်ရဲ့၊ ဟုတ်ပါတယ်"
"ဘာဖြစ်လို့ ကျွန်တော်တို့ကို မပြောသလဲ" ဆမ်ကလေး မကျေမနက်ဖြင့် မေးသည်။ မယ်လီဆာက တွေးပြီး စဉ်းစားနေသည်။ အသိအကျွမ်း ထဲက တစ်ယောက်ယောက်နှင့် တူသလိုလိုတော့ ရှိသည်။ သို့သော် ဘယ်သူနှင့် တူမှန်း မသိ။ "အဲဒါ အရေးကြီးလို့လား ဆမ်ရယ်"

"အန်တီက မြွေတွေ ကြွက်တွေ ပူးတွေ မွေးတာတော့ ပြောတယ်။ တီဗွီပြဇာတ်အကြောင်းတော့ မပြောဘူး" အားလုံးဝိုင်း ရယ်ကြသည်။ မယ်လီဆာ ချက်ချင်း မှတ်မိလိုက်ပြီ၊ မျက်လုံးအပြူးသား ပါးစပ် အဟောင်းသားနှင့် ... "ကြည့်စမ်း ... ကြည့်စမ်း၊ ရှားလော့ ဆင်မဆင်၊ ဟုတ်လား"
"ဟုတ်ပါတယ် သမီးရယ်" ရှားလော့ ခပ်အေးအေး ပြန်ပြောသည်။ အက်နက်က အချိုပွဲလာချရင်း ဂုဏ်ယူဝံ့ကြွားစွာ ပြုံးသည်။ "ကျေးဇူးပဲ အက်နက်" ရှားလော့က အက်နက်ဘက်ကို လှည့်ပြီး ပြော လိုက်သည်။

"ဘာဖြစ်လို့ အစက မပြောတာလဲဟင်"
မယ်လီဆာ က ဆမ့်လေသံအတိုင်း ထပ်မေးသည်။
"ပြောလိုက်ရင် သမီးတို့ ပိုသဘောကျမယ်ဆိုတာ သိပါတယ်တယ်၊ ဒါပေမယ့် အန်တီကို မင်းသမီး တစ်လက် အဖြစ် မဟုတ်ဘဲ ရိုးရိုးခင်စေချင်လို့၊ ပြီးတော့ အဲဒါ သိပ်အရေးကြီးလို့လားဟင်"
"ဟုတ်ကဲ့၊ မယ်လီဆာသဘောပေါက်ပါတယ်၊ ဒါပေမယ်ံ"
စကားပြတ် သွားပြီး မနက်ဖြန်ကျောင်းရောက်ရင် သူငယ်ချင်းတွေ ကြွားဖို့ မယ်လီဆာ စိတ်ကူးလိုက် သည်။ ရှားလော့ ဆင်မဆင်နှင့်အတူတူ ညစာစားခဲ့သည့်အကြောင်း ပြောရမည်။ ကျောင်းက သူငယ်ချင်း ကောင်မလေး တော်တော်များများက ရုပ်ရှင်မင်းသမီး မင်းသားများကို သိကြသည်။ အချို့ဆွေမျိုးတော် ကြသည်။ မိမိတွင် အသိအကျွမ်းပင် မရှိခဲ့။
ရှားလော့ ကို သေသေချာချာ ပြန်ကြည့်သည်။ သိပ်လှတဲ့ အမျိုးသမီးပဲ၊ အဖေကလည်း ပိုချောနေ ၏။ မိမိတို့မောင်နှမနှင့် တရင်းတနှီး ဆက်ဆံပုံ၊ ရှားလေ့ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ အားလုံးသဘော ကျနေ သည်။

"မယ်လီဆာ အရမ်း ၀မ်းသာတာပဲ အန်တီရယ်"
မယ်လီဆာ က အရိုးခံအတိုင်း ပြောလိုက်သည်။ ရှားလော့ ရယ်နေသည်။ အော်လီဗာ ၀တ်ဆင်၏ သမီးဆီ က သည်လို စကားမျိုးကြားရခြင်းသည် မိမိအတွက်လည်း ၀မ်းသာစရာအတိ မဟုတ်လား။
"ကျေးဇူးတင်ပါတယ် မယ်လီဆာ၊ သမီးတို့မောင်နှမနဲ့ တွေ့ဖို့ အန်တီ အရမ်းစိတ်လှုပ်ရှားခဲ့ရပါ တယ်၊ အ၀တ် ကို ဆယ်ခါလောက် ပြန်လဲရတယ်လေ"
အော်လီဗာ့ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ မယ်လီဆာက ပါးစပ်အဟောင်းသားနှင့် ...
"အန်တီ တကယ်ပြောတာလားဟင်၊ မယ်လီဆာ အံ့သြလို့ကို မဆုံးနိုင်ဘူး၊ ပြဇာတ်ကနေရင်း တီဗွီ ဘယ်လို ရိုက်ရတာလဲဟင်" ထို့နောက်တော့ မောင်နှမနှစ်ယောက် မေးခွန်းတွေ မြားပစ်သလို ဆက်တိုက်လွှတ်တော့၏။ "ဟေး ... ဟေး အန်တီပြီးအောင် စားပါစေဦးကွာ၊ ဖြေးဖြေးပေါ့"
အော်လီဗာ ၀င်တားမှ မောင်နှမနှစ်ယောက် ငြိမ်သွားသည်။ မယ်လီဆာက စဉ်းစဉ်း စားစား လေသံဖြင့် မေးခွန်းတစ်ခု ထုတ်မေးသည်။

"သမီးတို့ ဖေဖေနဲ့ အန်တီ ဘယ်လိုတွေ့တာလဲ ဟင်"
ဝန်တိုစိတ်မရှိဘဲ သိလိုစိတ်သက်သက်ဖြင့် မေးလိုက်ခြင်း ဖြစ်၏။ ရှားလော့က မယ်လီဆာကို ကြည့်ပြီး ကြင်ကြင်နာနာ ပြုံးလိုက်သည်။
"ကံကောင်းထောက်မလို့ ဆိုပါတော့ သမီးရယ်၊ ကုမ္ပဏီက ပေးတဲ့ ခရစ္စမတ်ပွဲမှာ ဆုံကြတာလေ"
အော်လီဗာက အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။ လက်ခံဖို့ သူတို့အသင့် ဖြစ်နေကြပြီ မဟုတ်လား။
"ခရစ္စမတ် အဖိတ်နေ့ညမှာ ရှာလီက ဖေဖေ့ကို ညစာ ဖိတ်ကျွေးတယ်လေ"
ရှားလော့ အခန်းတွင် ထိုညအိပ်ခဲ့သည့်အကြောင်းနှင့် အရူးအမူး ချစ်နေကြပြီဖြစ်ကြောင်းများတော့ ထည့် မပြော။ သို့သော် သူတို့နှစ်ယောက်၏ မျက်လုံးများက ပြောပြနေသည်နှင့်မခြား။ မယ်လီဆာ ကောင်းကောင်းရိပ်မိပါသည်။ ဆမ်ကလေးကပင် အကဲခတ်နိုင်သည်။ ဖေဖေနှင့် သည် အမျိုးသမီး ကြည့်ပုံတွေ က ယန်းပီယာနှင့် မေမေ့လိုဘဲဟု သိနေ၏။ သို့သော် သည်အတွက် ဆမ်ကလေး လုံးဝစိတ်အနှောင့်အယှက် မဖြစ်၊ ပျော်နေသည်။

အချိုပွဲစားပြီးတော့ ဆမ်က ရှားလော့ကို ကားရုံထဲလိုက် ကြည့်ဖို့ ခေါ်ပြန်သည်။ ရှားလော့က လိုလို ချင်ချင် ထသွားပြီး ဆမ့်တီမွေးခန်းမှာ စနစ်တကျရှိကြောင်း ပြန်လာပြောတော့ မယ်လီဆာ ပါးစပ် အဟောင်းသား ဖြစ်နေသည်။
ညကိုးနာရီထိုးတော့ ဆမ်အိပ်ယာ ၀င်သွားသည်။ မယ်လီဆာက အောက်ထပ်တွင် ဆက်နေပြီး ဇာတ်ညွှန်း အကြောင်း ရှားလော့နှင့် ဆက်ဆွေးနွေးသည်။
ရှားလော့ က ဘရော့ဒ်ဝေးကိုရောက်ဖို့ ကြိုးစားနေကြောင်းများပါ ပြောပြီး နာရီကြည့်ရင်း မနက်လေး နာရီ တွင် အရေးကြီးသည့် အခန်းတစ်ခန်းရိုက်ရန် စတူဒီယို သွားရမည်ဖြစ်ကြောင်း စိတ်မကောင်း စွာ ပြောသည်။

"အိမ်ပြန်ရောက်ရင်လဲ အန်တီမအိပ်နိုင်သေးဘူး သမီးရဲ့၊ စာတွေ ကျက်ရဦးမယ်၊ သမီးဝါသနာပါ ရင် ဆက်ကြိုးစား ပါ။ ဒါပေမယ့် အရမ်းပင်ပမ်းတယ်နော်၊ အန်တီကတော့ အဲဒီလို ပင်ပမ်းတာကိုပဲ သဘောကျနေတယ်" "တစ်ခါလောက် လာကြည့်လိုရမလား ဟင်"

မယ်လီဆာ မရဲတရဲ မေးသည်။
"အို ... ရပါတယ် သမီးရဲ့၊ ဖေဖေ လွှတ်မယ်ဆိုရင် အချိန်မရွေးလာခဲ့ပါ။ သူတောင် တစ်ခါလာ ကြည့်လို့ရမလား ဟင်"
ရှားလော့က ရှက်ပြုံးကလေး ပြုံးပြီး အော်လီဗာ့ကို ငဲ့ကြည့်သည်။ ပြီးတော့ မယ်လီဆာ မမြင် အောင် သူ့လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။
"ဟုတ်လား၊ ဘယ်လိုနေလဲဟင် ဖေဖေ"
"သိပ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါပေမယ့် အရမ်းပင်ပမ်းတဲ့အလုပ်ပဲ"
အော်လီဗာက အကြင်နာ မျက်လုံးများဖြင့် ချစ်သူကလေးကို ငေးကြည့်ရင်း ပြောသည်။

"လူတွေအများကြီးလားဟင် အန်တီ"
"အဲဒီတုန်းက သုံးဆယ့်နှစ်ယောက် ထင်တယ်"
"တစ်ခြားသရုပ်ဆောင်တွေက စကားမှားလို့ ခဏခဏ ပြန်တိုက်ရတယ်၊ ဒါပေမယ့် ကြည့်လို့ ကောင်းပါတယ်"
အော်လီဗာက ရှင်းပြသည်။ ရှားလော့ကလည်း ထပ်ဖြည့်ပြောသည်။
"ရိုက်ကွင်းရဲ့ နောက်ကွယ်မှာ ဖြစ်နေတာတွေကို မယ်လီဆာ ပိုပြီး စိတ်ဝင်စားမယ်ထင်တယ်၊ ကြည့်စမ်း၊ စကားကောင်းနေလိုက်တာ ..."
သားအဖနှစ်ယောက်ကို ရှားလော့ နှုတ်ဆက်သည်။ မယ်လီဆာက လက်ပြပြီး အပေါ်ထပ်သို့ တစ်ကြိုးတည်း လစ်တော့၏။ မနက်ဖြန်ထိ မစောင့်နိုင်တော့၊ ညတွင်းချင်း သူငယ်ချင်းတွေဆီ ဖုန်းဆက်တော့မည်။

အော်လီဗာက ရှားလော့ကို ကားဆီသို့ လိုက်ပို့သည်။
"မင်းဟာ ကိုယ်ထင်တာထက်ပိုပြီး အံ့သြစရာ ကောင်းတဲ့ မိန်းကလေးပဲ ရှာလီ၊ တီကောင်တွေကို လဲ မရွံ့မရှာသွားကြည့်တယ်၊ ဆယ်ကျော်သက်တွေနဲ့လဲ တည့်အောင် ပေါင်းတတ်တယ်၊ မင်းအကြောင်း ကိုယ်မသိတာ နောက်ဘာတွေများ ရှိသေးလဲဟင်"
"ရှိတာပေါ့"
ပျော်လွန်းလို့ ရွှန်းလဲနေသည့် မျက်လုံးများဖြင့် ချစ်သူကို မော့ကြည့်သည်။ ဘယ်လောက်စိတ်ချမ်း သာစရာကောင်းသည့် ညချမ်းပါလဲ၊ စိုးရိမ်စိတ်တွေ၊ ထိတ်လန့်မှုတွေ ကင်းစင်ပပျောက်တာ သူတို့ ကလေးတွေ၏ ရှေ့တွင် ချစ်သူမျက်နှာကို ရဲရဲကြည့်နိုင်တော့မည် အဖြစ်ထက် ပို၍ ကြည်နူးစရာ ဘာများ ရှိပါဦးမည်လဲ။

"ရှိတာပေါ့၊ မောင့်ကို ဘယ်လောက်ချစ်နေတယ်ဆိုတာ မောင်မသိဘူးလေ"
"ကိုယ်လဲ အတူတူပါပဲ ရှာလီရယ်"
ပြောပြောဆိုဆို ရင်ခွင်ထဲ ဆွဲယူပြီး နမ်းလိုက်သည်။ ဆမ်ကလေးက သူ့အိပ်ခန်းထဲမှ မျက်လုံး အပြူးသားနှင့် အောက်သို့ ငုံ့ကြည့်နေ၏။ အိပ်ယာပြင်ပေးနေသော အက်နက်ကို လှမ်းအော်ပြောသည်။
"အက်နက်၊ အက်နက်၊ ဟိုမှာကြည့်စမ်း ... ဖေဖေရယ်၊ ဖေဖေရယ်၊ ရှားလော့ကို နမ်းနေပြီ"
အက်နက် က သူ့ကို နောက်မှ ဆွဲခေါ်ပြီး
"ကဲ ... ကိုယ့်အလုပ် ကိုယ်လုပ်စမ်း၊ လာ ... သွားတိုက်မယ်"
"ဖေဖေ့ကို သူသဘောကျနေပြီလားဟင် အက်နက်"
"သား ဖေဖေ က ဒါလောက်ချောတာပဲ၊ ဘာကို သဘောမကျရမှာလဲ"
"ဒါပေမယ့် သူက တီဗွီမင်းသမီးလ၊ ပြဇာတ်မင်းသမီး"
"အို ... ဘာပဲဖြစ်ဖြစ်၊ ဘာထူးလဲ"
ရေချိုးခန်းထဲသို့ သွားတိုက်ဖို့ ဆမ်ဝင်သွားသည်။ အက်နက်တစ်ယောက် ခေါင်းတညိတ်ညိတ်နှင့် ရပ်ကြည့်နေ၏။ သည်ညမြင်ကွင်းကို ပြန်လည်မြင်ယောင်ပြီး အက်နက်ကြည်နူးနေသည်။ မိမိ ဆရာ ကော၊ ရှားလော့ဆင်မဆင် ပါ ကံကောင်းကြပါသည်။
 
အခန်း(၂၃)


ထိုရက်သတ္တပတ် ရုံးပိတ်ရက်တွင် ရှားလော့ ရောက်လာသည်။ မာစီဒီးကားကလေးကို တောင်ကုန်း ကလေး လမ်းအတိုင်း ကွေ့ပတ်မောင်းတက်လာခဲ့၏။ တံခါးဝမှ ခလုတ်ကို ရဲရဲတင်းတင်း နှိပ်လိုက် သည်။ ဆမ်ကလေး ပြေးထွက်လာသည်။ ရှားလော့ကို မြင်တော့ ဆွေ့ဆွေ့ခုန် ၀မ်းသားနေ၏။
ရှားလော့က စောင်နှင့်ပတ်ထားသည့် လှောင်အိမ်ငယ်တစ်ခုကို ဆမ်ကလေးအား ကမ်းပေးလိုက် သည်။ အထဲမှ ရှူးရှူးရှဲရှဲနှင့် အသံတွေ ထွက်နေ၏။ ဆမ်က စောင်ကို ဆွဲခွာပြီး အထဲကို ငုံ့ကြည့် လိုက်သည်။ သူ့မျက်နှာကလေး ၀င်းထိန်သွားသည်။
"ဟယ်...ဟယ်၊ ဖေဖေရေ၊ ဒီမှာ လာကြည့်ပါဦး၊  သားအတွက် အန်တီရှာလီ ယူလာတယ်၊ ပူးကလေးဗျ"
မုတ်ဆိတ်ရိတ် ရေမိုးချိုးပြီး ဆင်းလာသော အဖေ့ကို လှမ်းအော်ပြောသည်။

"သား မွေးမယ်နော် ဖေဖေ"
"မွေးလေ၊ မွေးပေါ့ သားရဲ့"
"သားအခန်းထဲမှာ ထားလို့ရမလားဟင်"
"သား ဘယ်အနံ့ခံနိုင်မလဲ၊ အနံ့မခံနိုင်ရင် ထားလေ"
ဆမ်သည် လှောင်အိမ်ကလေးကို ပိုက်ပြီး အပေါ်ထပ် ပြေးတက်သွားတော့၏။
ထိုနေ့ညနေ တွင် မာလီဘူကမ်းခြေသို့ အလည်ထွက်ခဲ့ကြ၏။ ကမ်းခြေတွင် ဆော့ပြီးလျှင် မယ်လီဆာ ကြည့်ချင်နေ သည့် ရုပ်ရှင်ကားကို ၀င်ကြည့်မည်။ မြီးကောင်ပေါက်တွေ အကြိုက်တစ္ဆေ ကား။ ရုပ်ရှင်ကြည့်ပြီးတော့ "ကျောက်ဆောင်နီ" တွင် သွားစားကြသည်။ ဆူဆူညံညံ အသံတွေကို သူတို့ မမှုကြတော့။
နောက်တစ်ပတ်တေါင် ဒစ်စနေဥယျာဉ်သို့ သွားလည်ကြသည်။ ရှားလော့တစ်ယောက် အပျော်ကြီး ပျော်နေသည်။ မောင်နှမနှစ်ယောက်ကို ပျော်စရာနေရာတွေအားလုံးပို့ပေးသည်။ အိမ်တွင် လည်း သားအဖသုံးယောက်ကို ညစာ ချက်ကျွေးသည်။

ရှားလော့ ၀ယ်ပေးထာသည့် ပူးကလေးကို ဆမ်က "ရှာလီ" ဟု ချစ်စနိုး နာမည်ပေးထားသည်။ မယ်လီဆာက သူ့အဖေနှင့် ရှားလော့ဆင်မဆင်တွဲနေကြောင်း သူငယ်ချင်းအားလုံးကို ခပ်ကြွားကြွားကလေး ပြောထားသည်။
ရှားလော့နှင့် အဖေ ညပိုင်း ထွက်လျှင်လည်း မောင်နှမနှစ်ယောက် ကြည်ကြည်ဖြူဖြူပင်၊ စနေ၊ တနင်္ဂနွေနေ့ များတွင် ရှားလော့က မပြန်တော့ဘဲ အိပ်သည့်အခါ အိပ်သည်။ ဧည့်သည်များအတွက် ထားသည့် အိပ်ခန်းလွတ်တစ်ခု တွင် အိပ်ခြင်း ဖြစ်၏။ သို့သော် ကလေးတွေ အထင် အမြင် သေးလောက်သော အပြုအမူမျိုး ရှားလော့တွင် ရှာမရ။
သူတို့ မောင်နှမနှစ်ယောက် အိပ်ပြီဆိုမှ အော်လီဗာက ချွတ်နင်းပြီး ဆောင်တော်ကူးသည်။ ခိုးကြောင် ခိုးဝှက် ချစ်ရသည်ကိုပင် နှစ်ယောက်သား ပို၍ အရသာတွေ့နေကြ၏။
နောက်တစ်လ အကြာတွင် ဂျော့တို့ ဇနီးမောင်နှံ ရောက်လာကြသည်။ ပထမပိုင်းတွင် နာမည်ကျော် မင်းသမီးနှင့် တွေ့ရခြင်းအတွက် ၀မ်းသာအားရ ဖြစ်ကြသော်လည်း မကြာခင်ပင် မင်းသမီးဆိုသည့် ဂုဏ်ပုဒ် ကိုမေ့သွားကြပြီး ရှားလော့နှင့် တရင်းတနှီး ဖြစ်သွားကြသည်။

ရှားလော့သည် အောင်မြင်မှုကို သတိရနေသည့် အမျိုးသမီး မဟုတ်။ ထို့ကြောင့် သူနှင့်ဆက်ဆံဖူး သမျှ လူ အားလုံး သူ့ကို ချစ်ကြခြင်း ဖြစ်၏။ မယ်လီဆာနှင့် တွေ့စက ပြောသလိုပင် အောင်မြင်မှု ရခြင်း ကို ကျေနပ်သော်လည်း ဘ၀တွင် သိပ်ရေးပါသည့်ကိစ္စကြီးတစ်ခုလိုတော့ ရှားလော့မထင်။ မိမိကို ချစ်ခင် သည့် လူတွေကိုသာ အဓိက ထားချင်သည်။
သို့သော် သူ့အောင်မြင်မှုကို ဘာနှင့်မှ ဖုံးကွယ်ထား၍ မရပါ။  သွားလေရာရာ မှာ အော်တို စာအုပ် ပေးသူတွေနှင့် ရှောင်လို့ မလွတ်နိုင်အောင်ပင်။ သူ့ပြဇာတ်တွေကို ချီးကျူးချင်သည့် လူတွေ ကို လည်း နေရာတကာတွင် တွေ့ရ၏။ သူတို့သားအဖတွေက စိတ်မရှည်ချင်သော်လည်း ရှားလော့ က ပရိသတ်ကို ကျေးဇူးရှင်ဟု သတ်မှတ်ပြီး အားလုံး၏ အလို ကျအောင် နေတတ်ပြောတတ်သည်။
သည်အကြောင်း မယ်လီဆာက မေးသည်။

"ဘာလို့ အန်တီ ဒါလောက် စိတ်ရှည်ရတာလဲဟင်"
"အဲဒါက မင်းသားမင်းသမီးတွေရဲ့ အလုပ်တွေနဲ့ ဆက်နေတယ်လေ၊ သူတို့ကို ပေးရသလို  ကိုယ်ကလဲ ပြန်ရတဲ့ လုပ်မျိုးလေ သမီးရဲ့၊ ပရိသတ်ကို ဂရုမစိုက်တဲ့နေ့ဟာ အနုပညာရှင် တစ်ယောက် နာမည်ကျ တဲ့နေ့ပဲ"
ဂျော့ဝတ်ဆင်ကမူ ရှားလော့ကို ကမ္ဘာပေါ်တွင် အလှဆုံး မိန်းကလေးဟု ထင်သည်။ သားဖြစ်သူနှင့် လက်ထပ်ဖြစ်ပါစေဟုလည်း ဆုတောင်းရသည်မှာအမော။ မပြန်ခင် အော်လီဗာ မေးသည်။
"သားတို့ လက်ထပ်ဖြစ်မှာလား"
"ဟာ ... ဖေဖေကလဲ၊ တွေ့တာမှ နှစ်လပဲ ရှိသေးတယ်၊ ဖြည်းဖြည်းပေါ့၊ ပြီးတော့ ရှားလော့က ရှေ့မှာ တက်လမ်း အများကြီး ရှိသေးတယ်။ ကျွန်တော့်လို ကလေးသုံးယောက်အဖေကို သူစိတ်ကူးမယ် မထင်ပါဘူး" "ဖေဖေတော့ သူစိတ်ကူးမယ် ထင်တယ်။ သိပ်ကို ရိုးသားသန့်စင်တဲ့ အဖိုးတန်မကလေးပဲ"
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဟောလိဝုဒ်မှာ သူခေါင်းခေါက် ရွေးနိုင်တာပဲ၊ ကြည့်သေးတာပေါ့လေ"
သို့သော် ကံကောင်းထောက်မစွာ တွေ့ဆုံကြသည့်အတွက် သူတို့နှစ်ယောက်စလုံး အံ့သြ မဆုံး ဖြစ်နေကြသည်တော့ အမှန်။

အဖေတို့စုံတွဲ နယူးယောက်ကို ပြန်သွားပြီး နောက်တစ်နေ့ညတွင် နှစ်ယောက်သား အေးအေး လူလူ ထိုင်စကားပြောနေကြစဉ် တယ်လီဖုန်းသံမြည်လာသည်။ ဟင် ... ဘင်ဂျမင် အသံပါလား၊ ရှိုက်ကြီးတငင် ငိုနေသည်။ အော်လီဗာ နားမလည်နိုင်အောင် ဖြစ်နေ၏။
"စိတ်အေးအေး ထားစမ်း၊ ဖြည်းဖြည်းပြော သား ဖြည်းဖြည်းပြော၊ အသက်ဝအောင် ရှူပစ်လိုက်"
"ရှားလော့ ကို လှမ်းကြည့်ရင်း ပြောနေသည်။ ဘာများ ဖြစ်လို့ပါလိမ့်။ ဘင်ဂျမင့်ဆီက သတင်း မကြာုးသည် မှာ ကြာပြီ။
"ဘင်ဂျမင်-ပြောစမ်း၊ ဖေဖေ့ကို ပြောစမ်း၊ ဘာဖြစ်တာလဲ"
"ကျွန်တော် ... ကျွန်တော် မခံနိုင်တော့ဘူး ဖေဖေ၊ ကျွန်တော် သူ့ကို သိပ်မုန်းတယ်"

"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ခံနိုင်ရည် မရှိတော့ဘူး။ ကျွန်တော် အလုပ်ကို ကုန်းရုန်းလုပ်ပြီး သူတို့ သားအဖ အဆင်ပြေအောင် ထားပါတယ်၊ ဒါပေမယ့် နောက်ကို တာဝန်ရှိတယ်ဆိုပြီး သူက အလုပ် ထွက်ပစ်လိုက်တယ်၊ ပြီးတော့ ဟုတ်တာလဲ မဟုတ်ဘူး"
သည် တစ်ခါ ကလေးရရင်တော့ မိမိကလေး မဟုတ်နိုင်တော့။ သူနှင့်မထိတွေ့တာ နှစ်လကျော်ပြီ လေ"
"တစ်ချိန်လုံး အပြင်ထွက်နေတယ် ဖေဖေ၊ ဘီလီနဲ့ တွဲလိုက်၊ ဂျော့ပီယာစ်နဲ့တွဲလိုက်နဲ့၊ ကျွန်တော်လဲ မပြော တတ်တော့ဘူး ဖေဖေ၊ တစ်ခါတစ်လေ ကလေးကို ကျွန်တော်က အလုပ်ထဲ ခေါ်သွားရတယ်၊ အဲလက်စ် ကို ကျွန်တော် သိပ်ချစ်တယ် ဖေဖေ၊ ကျွန်တော် သူနဲ့ မထားခဲ့နိုင်ဘူး၊ ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် ကြိုးစားသေးတယ်၊ သားလေးကြောင့် ကျွန်တော် မလုပ်ဖြစ်တာ၊ ကလေးကို သူ လုံးဝ ဂရုမစိုက်ဘူး၊ ကလေးကို နို့ဖျော်တိုက်ဖို့တောင် သတိရချင်မှ ရတယ်။ ကျွန်တော် အိမ်ပြန်ရောက်ရင် ကလေးက ဆာလွန်းလို့ ငယ်သံပါအောင် အော်ငိုတာ ခဏ ခဏ ကြုံရတယ်၊ ကျွန်တော် ဘာလုပ်ရမလဲ ဖေဖေ၊ ကျွန်တော့်ကို ... ကျွန်တော့်ကို ကယ်ပါဦး ဖေဖေ"

တရှိုက်ရှိုက် ငိုပြန်သည်။ တယ်လီဖိုးနီးယားကို အမြန်ဆုံး ထွက်ခဲ့ဖို့ အော်လီဗာက အကြံပေးသည်။ ကလေးကို မထားခဲ့နိုင်ကြောင်း ဘင်ဂျမင်ပြောတော့ ...
"ခေါ်လာခဲ့လေ၊ သားနဲ့အတူ ခေါ်လာခဲ့ပေါ့"
"အဲဒီလိုလဲ မပေးနိုင်ဘူးတဲ့၊ ကျွန်တော်က အတင်းခေါ်သွားမယ် ပြောတော့ ရဲတိုင်မယ်တဲ့၊ သူက အမေ တဲ့၊ ကျွန်တော် ယူသွားပိုင်ခွင့် မရှိဘူးတဲ့"
"ဆန္ဒရာ့ အမေ ဘယ်မှာလဲ၊ သူ့အမေကို အကူအညီ တောင်းရင်ကော"
"မပြောတတ်ဘူး ဖေဖေ၊ နောက်တစ်ယောက်နဲ့ တွဲသွားပြီး ဘာကာစဖီးမှာ ရောက်နေတယ်"
"သူ့ဖုန်းနံပါတ် ရှိလား" "ဟုတ်ကဲ့ ရှိတယ်၊ မီးဖိုဆောင်နံရံမှာ ဆန္ဒရာ ရေးထားတာ တွေ့တယ်"
ဘင်ဂျမင် အငိုတိတ်သွားပြီ။

"မနေ့ မနက်ကတည်းက ထွက်သွားတာ ခုထိ အိမ်ပြန်မလာဘူး ဖေဖေ၊ အဲလက်စ် ကလေး မွေးပြီးကတည်းက အဲဒီအတိုင်းပဲ ဖြစ်ချင်တိုင်း ဖြစ်နေတာ"
အဲလက်စ် ကလေး မွေးသည်မှာ ငါးလခွဲ ရှိခဲ့ပြီ။
"ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါတယ် ဖေဖေ မရတော့ဘူး၊ ကျွန်တော် အရမ်းမုန်းသွားပြီ"
အော်လီဗာ နားလည်ပါသည်။ မိမိကိုယ်တိုင်သာ ဘင်ဂျမင်နေရာမှာ ရှိလျှင် သတ်မိမည်ထင်၏။ လက်မထပ်ဖြစ်တာ ကို ကျေးဇူးတင်ရတော့မည်။ ရှင်းလို့ ရနိုင်သေးသည်လေ။
"စိတ်အေးအေးထား၊ ဒီစနေ့၊ တနင်္ဂနွေမှာ ဘိုးဘိုးတို့ဆီ သွားနေပါလား သားရဲ့"
"အဲလက်စ် ကလေးအတွက် ဘယ်လိုလုပ်မလဲ ဖေဖေ"

"ခေါ်သွားလေ၊ ဘွားဘွားမာဂရက် ကြည့်ပေးမှာပေါ့၊ သူက တစ်ချိန်တုန်းက သူနာပြုဆရာမပဲ၊ ဘာမှ စဉ်းစားမနေနဲ့၊ ထုပ်ပိုးပြီး ချက်ချင်း ထွက်ခဲ့တော့၊ ဘိုးဘိုးဆီကို ဖေဖေကြိုပြီး ဖုန်းဆက်ထား မယ်၊ ကဲ ... ဆန္ဒရာ့ အမေ ဖုန်းနံပါတ်ပေး" ဘင်ဂျမင်က ဖုန်းနံပါတ်ပေးပြီးသည် ညနေပဲ အဘိုးအိမ်ကို သွားပါမည်ဟု ကတိပေးသည်။ အော်လီဗာ က အဖေ့ကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောသည်။ နံဘေးတွင် မာဂရက်လည်း ရှိနေ၏။ အားလုံး အဆင်ပြေစေရမည်ကို ဂျော့က ကတိပေးသည်။
"သားလေး ကို ဒီအမှိုက်ပုံ ထဲက အမြန်ဆုံး မင်း ဆွဲထုတ်ရမယ် အော်လီဗာ" "ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ ဖေဖေ" အချစ်ဆိုး မြေးဦးကလေးက စိတ်ညစ်လွန်းလို့ သူ့ကိုယ်သူ သတ်သေဖို့ပင် စိတ်ကူးကြောင်းတော့ ထပ် မပြောတော့ပါ။ သို့သော် ရှားလော့ကိုတော့ ပြောပြလိုက်သည်။ ရှားလော့ တစ်ယောက် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ဘုရား ... ဘုရား၊ လုပ်စရာ ရှိတာ မြန်မြန်လုပ်ပါ အော်လီဗာရယ်၊ လိုက်သွားပြီး ခေါ်ခဲ့ပါလားဟင်"
"ကောင်မလေး နဲ့ အမေနဲ့ စကားပြောရဦးမယ်၊ ဆန္ဒရာတို့ သားအမိကို သူပြန်ခေါ်နိုင် မလား မေးမယ်လေ"
တယ်လီဖုန်း ဆက်တော့ ချက်ချင်း ကောက်ကိုင်သည်။ အရက်မူးနေပုံရသည့် မိန်းမတစ်ယောက်၏ အသံ၊ အော်လီဗာ က ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောတော့ အမျိုးသမီးက ချက်ချင်း မှတ်မိသည်။ ဘင်ဂျမင်နှင့် သူ့သမီး အကြောင်းကိုလည်း သိနေပုံရ၏။
အော်လီဗာ က လေအေးကလေးဖြင့် တစ်မျိုးတစ်ဖုံ စီစဉ်ဖို့လိုပြီဖြစ်ကြောင်း နားချသည်။ သမီးနှင့် မြေးကို ပြန်ခေါ်ထားနိုင်မလား မေးသည်။ ဆန္ဒရာအမေက အရေးအကြီးဆုံးအချက်ကို ဒဲဒိုးမေးသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 30, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂ဝ)

ခုတော့ အော်လီဗာ စဉ်းစား ဖို့ ပြောတာ.. အင်း အဲဒါ.. စဉ်းစားဖူးပါတယ် ၊ အြေ ဖ တိတိ ကျကျ မရသေး ပါဘူး.. ခုလောလော ဆယ် အဲဒီအဖြေ ရှိဖို့လဲ မလိုသေးပါဘူးလေ..
သူ့ကို ပြုံးပြ လိုက်မိ၏။ ရှားလော့က ကော်ဖီငှဲ့ ပေးသည်။ အော်လီဗာ ရင်ထဲ တွင် ဗလောင် ဆူ ချင်နေ ပြီ.. သြော်..ခရစ္စမတ် ညစာ ဆိုတာ ဒါမျိုးမှ ပြည့်စုံတာပါလားဟုလည်း ဆင်ချင်မိ၏။ ရင်ထဲ တွင် တသိမ့်သိမ့် ကြည်နူးနေ ၏။ သည်မိန်းကလေး နှင့် နီးနီးကပ်ကပ် နေရသည့် အတွက်ပျော်နေ ၏။ ကို
ဆက်ဖတ်ရန်.....

မိမိဘ၀ အတွက် ပုံစံကျ မိန်းကလေးဟုထင်၏။ တစ်ခုပဲရှိသည်။ သူက ရှားလော့ ဆင်မဆင် ဖြစ်နေ သည့် ပြဿနာ။  'ကဲ… မင်းအကြောင်းလဲ ပြောပါဦး မိန်းကလေးရယ်' ရှားလော့က လူ့ကိုကြည့်ပြီး ပြုံးသည်။ 'ရင်းနှီးတဲ့ လူတွေခေါ်သလို ရှာလီလို့ဘဲ ခေါ်တော့နော်' မိမိကို ငယ်စာရင်းဝင်လို့ သဘောထားကြောင်း သိရသည့် အတွက် အော်လီဗာ ထပ်ပျော်သွားပြန်သည်။
>>>ဆက်ဖတ်ရန်>>> >>

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၂)

အာသာကို ကိုကို တကယ်ပဲ သိနေတာလား။ စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။ " အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။  အဲသည် အချိန်မှာပင် အိမ်အောက် က ကားဟွန်းသံကို ကြားရလေသည်။ ကို ဆက်ဖတ်ရန်.......

ရဲဝင့် (၁၂)

အိမ်အကူ မွန်မကလေးက တံခါး လာဖွင့်သဖြင့် ရဲဝင့် မျက်နှာ အနည်းငယ် အိုသွားသည်။ စိမ်းဝေ ညစာ မစားဘဲ သူ့ကို မျှော်နေလိမ့်မည်ဟု သူ ဘာကြောင့် ထင်မိရသလဲဟု မချင့်မရဲ တွေးမိသည်။
သို့သော် အိမ်ထဲ ၀င်လိုက်တော့ အတွင်း လှေကားမှ ဆင်းလာသော စိမ်းဝေကို တွေ့ရသည်။ စိမ်းဝေက ပြုံး နေသည်။ " စိမ်းဝေ မအိပ်သေးဘူးလား " " စားတောင် မစားရသေးဘူး၊ ကိုကို့ကို စောင့်နေတာ "
ရဲဝင့် နှလုံးသားတစ်စုံ နွေးထွေး သွားသည်။ " စားရောပေါ့ စိမ်းဝေရယ်၊ ညဥ့်နက်နေပြီ " စိမ်းဝေ က နှုတ်ခမ်းစူသည်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 29, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၂၃)

သူပြောသည်မှာ မှန်ပါသည်။ တကယ့်ကိုမှန်ပါသည်။ အလွန်ခင်မင်ဖွယ်ကောင်းသော ဖရင့်။ ကျွန်မ သူငယ်ချင်း။ ကျွန်မမိတ်ဆွေ။ ကျွန်မ၏မဟာမိတ်။ ကျွန်မ၏ဘက်တော်သား။ တကယ် ကတော့ ကျွန်မ သည် တစ်ကိုယ်ကောင်း ဆန်ခဲ့ခြင်းသာဖြစ်၏။ ကျွန်မ၏အားငယ်စိတ်များ အတွက် တစ်ကိုယ်ကောင်း ဆန်ခဲ့ခြင်း သာဖြစ်ပါသည်။
"ဒီအကြောင်းတွေ ရှင့် ကို ဟိုတုန်းကပြောခဲ့မိရင် သိပ်ကောင်းမှာပဲနော်... " 
ကို ဆက်ဖတ်ရန်........

"ပြောခဲ့ဖို့ကောင်းတာပေါ့ဗျာ။ ခင်ဗျားရဲ့ပူပင်သောကတွေကို စောစောကတည်းက ကျွန်တော်ပါ မျှဝေ ခံစားနိုင် တာပေါ့"
"ကျွန်မ ပျော်သွားပြီ။ သိပ်ကိုပျော်သွားပြီ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မအဖို့တော့ ရှင်လို မိတ်ဆွေ ကောင်း တစ်ယောက်ကို ရလိုက်တာပါပဲနော် ဖရင့်"
"သိပ်ဟုတ်တာပေါ့ဗျာ…"
ထူထဲသော သစ်ပင်ရိပ်များကို လွန်လာကြပြီ။ နေသာသည့်နေရာသို့ ကျွန်မ တို့ ရောက်လာ ကြသည်။ ခေါင်းပေါ်မှာ တောင်ဇလပ်ပင်ကြီးများက မိုးနေတော့ သည်။ တောင်ဇလပ်ပွင့် များ တုံးလုပြီ။ အရောင် ပင် ပြယ်လွင့်စပြုနေပြီ။ နောက်လဆိုလျှင် ပွင့်ဖတ် ကလေး များ တသောသော ကြွေကျတော့ မည်။ ဥယျာဉ်မှူးက တံမြက်စည်း တွင်တွင်လှဲကြရတော့မည်။ ခဏပန်း အလှ၊ တာရှည်မခံသည့် အလှပါ တကား။

"ဖရင့်… ဒီအကြောင်းတွေ နိဂုံးမချုပ်ခင် တစ်ခုမေးချင်တယ်။ ကျွန်မကို အမှန်အတိုင်းဖြေပါ့မယ်လို့ ကတိပေးနိုင်မလား"
သူ တန့် သွားသည်။ ကျွန်မကိုလည်း မယုံသင်္ကာသည့် အမူအရာမျိုးနှင့်ကြည့်နေသည်။
"ဒါကတော့ တရားမျှတရာမကျဘူး ထင်ပါတယ်။ ကျွန်တော် မဖြေနိုင်တဲ့ မေးခွန်းမျိုးမေးရင် ကျွန်တော် ဘယ်လို လုပ်ရမလဲ"
"မဟုတ်ပါဘူး။ မဖြေနိုင်တဲ့မေးခွန်းမျိုးကို မမေးပါဘူး။ ပုဂ္ဂိုလ်ရေး ထိခိုက်စေမယ့် မေးခွန်းမျိုးလဲ မဟုတ် ပါဘူး"
"ဒီလိုဆိုရင် ကောင်းပါပြီဗျာ။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားဖြေပါ့မယ်"
စံအိမ်ကြီးနား သို့ ကျွန်မတို့ ရောက်လာကြပြီ။ စံအိမ်ကြီးသည် လှပသောမြက်ခင်းများ၊ ပန်းခြံများ အလယ် မှာ လှပတည်ငြိမ်စွာ ရပ်တည်နေသည်။ မှန်ကူကွက်ပြတင်းပေါက် များပေါ် မှ နေရောင်ထိုးကျ နေသည်။ စာကြည့်ခန်း မီးခိုးခေါင်းတိုင်မှ မီးခိုးတန်းမျှင်မျှင်ကလေး ပြောသည်။

"ကျွန်မကို ပြောစမ်းပါ…" အသံကို အတည်ငြိမ်ဆုံးထားပြီး ကျွန်မ ပြောသည်။ ဘာမျှ မခံစားရ သည့် လေသံမျိုးဖြစ်သည်။ "ကျွန်မကို ပြောပြစမ်းပါ။ ရဘက်ကာဟာ သိပ်ကိုချောတာပဲလား…"
ဖရင့် က ဘာမျှမပြောသေးဘဲ ငြိမ်နေသည်။ သူ့မျက်နှာကို တစ်ဖက်သို့ လှည့်ထားသည်။ ဘယ်လိုအမူ အရာမျိုး ရှိနေသည်ကို ကျွန်မ မမြင်တွေ့ရပါ။  ပြီးတော့မှ သူ ဖြည်းဖြည်းကလေး ပြောသည်။
"ဟုတ်တယ်… ချောတယ်… ကျွန်တော့်တစ်သက် တွေ့မြင်ခဲ့ဖူးသမျှ မိန်းမအချောအလှတွေထဲမှာ ရဘက်ကာ အချောဆုံး အလှဆုံး ပဲလို့ ပြောရမှာဖြစ်ပါတယ်"
လှေကားထစ်များအတိုင်းတက်ပြီး ခန်းမတွင်းသို့ ဝင်ခဲ့ကြသည်။ ပြီးတော့ လက်ဖက်ရည်ပွဲ ယူလာ ရန် ခေါင်းလောင်းတီးလိုက်သည်။

အခန်း (၁၂)

မစ္စက်ဒင်ဗာနှင့် ကျွန်မ သိပ်မတွေ့ဖြစ်တော့။ သူသည် တတ်နိုင်သလောက် သူ့ဟာသူ ကြိုးစားနေ သည်။ ထုံးစံတစ်ရပ် အနေဖြင့်မူ နံနက်ခန်းသို့ ဖုန်းလှမ်းဆက်ပြီး တစ်နေ့စာ ဟင်းကျွေးဟင်းလျာ စာရင်း အတည်ပြုချက် ကိုတော့ တောင်းယူစမြဲဖြစ်သည်။ ကျွန်မတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ထိုမျှ လောက် သာရှိပါသည်။
ကျွန်မအတွက် ကိုယ်ပိုင်အခိုင်းအစေအဖြစ် ကလားရစ်ဆိုသော ကလေးမကလေးတစ်ယောက်ကို စီစဉ်ပေး သည်။ ကျွန်မတို့ မန်ဒါလေစံအိမ်ဝင်းကြီးထဲရှိ အလုပ်သမားတစ်ယောက်၏သမီးဖြစ်သည်။ ယခင် က အလုပ်မလုပ်ဖူးခဲ့။ လုပ်ငန်းကျွမ်းကျင်မှုမရှိသေးသော်လည်း စိတ်ကောင်းရှိသည်။ ယခင်က အလုပ် မလုပ်ဖူးခဲ့သည် ကိုပင် ကျေးဇူးတင်ရဦးတော့မလို ဖြစ်နေသည်။ လုပ်ငန်းတွင် ကျွမ်းကျင်နေပါ က အထင်သေး အမြင်သေး မျက်လုံးမျိုးဖြင့် ကျွန်မကို ကြည့်ပေဦးတော့မည်။

သည်အိမ်ကြီးထဲမှာ ကျွန်မကို ကြောက်ရွံ့ရိုသေသူ ဆိုလို့ သူ တစ်ယောက်ပဲရှိသည်။ သူ့အဖို့တော့ ကျွန်မ သည်သာ သခင်မဖြစ်သည်။ ကျွန်မသည်သာ အိမ်ကြီးရှင်ဖြစ်သည်။ ကျွန်မသည်သာ မစ္စက် ဒီဝင်းတားဖြစ်သည်။ အခြား အစေခံတွေ က ကျွန်မအကြောင်း အတင်းအဖျင်းများ ပြောကောင်းပြောကြ မည်ဖြစ်သော် လည်း သည်မိန်းကလေးကိုတော့ မဖျက်ဆီးနိုင်။ ကလားရစ်သည် မန်ဒါလေနှင့် ၁၅ မိုင် လောက်ဝေးသော အရပ်တွင် အဒေါ်တစ်ယောက်နှင့်အတူနေပြီး ကြီးပြင်ခဲ့ရသူဖြစ်သည်။ ထို့ကြောင့် လည်း မန်ဒါလေစံအိမ်ကြီး မှာ သူလည်း ကျွန်မကဲ့သို့ပင် လူသစ်ဖြစ်နေသည်။ မျက်နှာစိမ်းနေသည်။ ထို့ကြောင့်…
"ကလားရစ်ရေ… မမရဲ့ခြေအိတ်ကလေး စုတ်နေတာ ချုပ်လိုက်စမ်းပါကွယ်…"ဟု ပြောရန်လည်း ကျွန်မ အဖို့ ဝန်မလေးတော့ပြီ။

ပထမယာယီ အစေခံ အဲလစ်တုန်းကတော့ သည်လိုမဟုတ်။ ကောင်မက စိတ်ကြီးခပ်ဝင်ဝင်။ ထို့ကြောင့် လည်း အံဆွဲ ထဲမှာ ထည့်သိမ်းထားသော အတွင်းခံရှင်မီးအင်္ကျီနှင့် ညဝတ်အင်္ကျီများမှ အစုတ်အပြဲများ ကို သူ့အား ချုပ်လုပ်ဖာထေးခိုင်းမည့် အစား ကျွန်မ ကိုယ်တိုင်ပင် ချုပ်လုပ်ဖာထေးခဲ့ရပါသည်။
တစ်ခါတုန်း က ကျွန်မ၏အတွင်းခံရှင်မီးအင်္ကျီတစ်ထည်ကို သူ့လက်မောင်းပေါ်မှာ တင်ယူလာခဲ့ဖူး သည်။ ထိုသို့ ယူလာရင်း အနားတွင် အမျှင်ကလေးများ အနည်းငယ် ဖွာထွက်နေသည်ကို သေသေချာ ချာ သူ ကြည့်သေးသည်။ ထိုစဉ်က မြင်တွေ့ခဲ့ရသည့် သူ၏မျက်နှာအမူအရာကို ကျွန်မတစ်သက် တွင် မေ့နိုင်တော့ မည် မဟုတ်ပါ။ ကျွန်မ၏ရှင်မီးအင်္ကျီအနားဖွာနေသည်ကိုတွေ့တော့ သူ အလွန်တရာ တုန် လှုပ်ချောက်ချား သွားပုံရပါသည်။ အင်္ကျီစုတ်ကို သယ်ခိုင်းခြင်းမှာ သူ၏ဂုဏ်သိက္ခာကြီးကို အစော်ကား ခံလိုက် ရသလို ရှိချေသည်။

အတွင်းခံ အဝတ်အစားများနှင့်ပတ်သက်၍ ရေးကြီးခွင်ကျယ်လည်း ကျွန်မ သဘောမထားခဲ့ဖူးပါ။ အတွင်းခံ များဖြစ်သောကြောင့် သန့်ရှင်းသပ်ရပ်လျှင် လုံလောက်ပြီဟုသာ သဘောထားခဲ့ပါသည်။ အနားကလေး စုတ်နေသည့် အတွက် ဘာဖြစ်ရဦးမှာလဲ။ ဘယ်သူမြင်မှာလဲ။ သို့သော်လည်း အဲလစ်၏ မျက်နှာ အမူအရာက ကျွန်မကို သင်ခန်းစာပေးခဲ့ပါသည်။ ထို့ကြောင့် လန်ဒန်မြို့ရှိ ဆိုင်တစ်ဆိုင်သို့ ချက်ချင်း စာရေးပြီး အတွင်းခံအဝတ်အထည်အမျိုးမျိုးတို့၏ကတ်တလောက်များ လှမ်းတောင်းလိုက် သည်။

ထိုအချိန်မှာပင် အဲလစ်နေရာ တွင် ကလားရစ်နှင့် အစားထိုးဖို့ ဖြစ်လာတော့သည်။ ကျွန်မ၏ဝေယျာဝစ္စ လုပ်ငန်းများ ကို အဲလစ်အနေဖြင့် ဆက်လက် တာဝန်ယူလုပ်ကိုင်ပေးဖို့ မလိုတော့။ သည်တော့လည်း ကျွန်မ အဖို့ အတွင်းခံအဝတ်အစားများ လှမ်းမှာနေခြင်းအားဖြင့် အချိန်ကုန်ခံရန် မလို အပ်တော့။ ငွေ ဖြုန်းတီးနေရန် မလိုအပ်တော့။ သို့ဖြင့် အတွင်းခံ အထည်မျိုးစုံ ကတ်တလောက်လည်း အံဆွဲ ထဲမှာ ချောင်ထိုးထားခြင်း ခံခဲ့ရလေတော့သည်။ မည်သည့်အမှာစာမျှလည်း ရေးမပို့ဖြစ်တော့ပါ။
အခြားအစေခံ များကို အဲလစ်က သည်အကြောင်း ပြောပြပေလိမ့်မည်ဟု မကြာခဏ ကျွန်မ တွေးခဲ့မိပါ သည်။ နောက်ဘေးဆောင် မှာ သူတို့အစေခံတွေ စုမိကြပြီဆိုလျှင် ကျွန်မလို အိမ်ကြီးရှင်မက အနား ဖွာ နေသည့် ရှင်မီးအင်္ကျီကို ဝတ်သည့်အကြောင်းပြောရင်း တဝါးဝါးပွဲကျနေပေလိမ့်မည်။ ကျွန်မ၏ အတွင်း ခံအဝတ်အစားများအကြောင်း သည် သူတို့အဖို့ အလွန်တရာ အရေးကြီးနေပေလိမ့်မည်။ လင်မယား ကွာရှင်းပြတ်စဲ လိုမှုထက်ပင် သူတို့အတွက် အရေးကြီးနေပုံရသည်။

ဘယ်လိုပဲဖြစ်ဖြစ် အဲလစ်နေရာတွင် ဘာအတွေ့အကြုံမျှမရှိသေးသည် ကလားရစ်လိုမိန်းကလေးဖြင့် အစားထိုးပေး လိုက်သောကြောင့် ကျွန်မ ဝမ်းသာမိပါသည်။ ထိုအစီအစဉ်ကို မစ္စက်ဒင်ဗာ က ပြုလုပ်ခြင်း ဖြစ် သည်။ သဘောကတော့ ကျွန်မအဆင့်အတန်းနှင့် တန်ရာတန်ရာ ကိုယ်ပိုင်အစေခံ ကို ပေးခြင်းဖြစ် သည်။ ယခုမူ ကျွန်မကို မစ္စက်ဒင်ဗာ သဘောမကျနိုင်သည့်အကြောင်း၊ မကျေမချမ်းဖြစ်နေ သည့် အကြောင်းများကို ကျွန်မ သဘောပေါက်နားလည်လာနိုင်ပါပြီ။
တကယ်တော့ ကျွန်မကို လူပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မစ္စက်ဒင်ဗာ မုန်းတီးနေခြင်းမဖြစ်တန်ရာ။ ကျွန်မကိုယ်စားပြုနေ သည့် ဘဝကိုသာ မုန်းတီးနေခြင်းဖြစ်နိုင်ပါသည်။ ကျွန်မသည် ရဘက်ကာ ၏ နေရာ သို့ အစားထိုး ဝင်ရောက်လာသူမဟုတ်ပါလား။ ဟိုတလောက နေ့လယ်စာလာစားရင်း ဘီယက် ထရစ်ပြောသွားသည့် စကား ကိုတော့ ကျွန်မအနေဖြင့် အနည်းဆုံး သဘောပေါက်နားလည်ဖို့ကောင်းပါ သည်။

"ဒီအကြောင်းကို မင်း မသိသေးဘူးလား… သူက ရဘက်ကာကို သိပ်ချစ်တယ်လေ…"ဟု ပြောခဲံဖူး သည်။
ထိုအချိန်က ထိုစကားကိုကြားရသဖြင့် ကျွန်မ တုန်လှုပ်ခဲ့ဖူးပါသည်။ သည်လိုလည်း ကျွန်မ မျှော်လင့်မ ထားခဲ့မိရိုး အမှန်ပါ။ ပြန်စဉ်းစားလိုက်တော့လည်း မစ္စက်ဒင်ဗာကို ရွံ့တွန့်တွန့် ဖြစ်နေသည့် စိတ်များ လျော့ပါးစပြုလာပါသည်။ သူ့အတွက်လည်း ကျွန်မ စိတ်မကောင်းဖြစ်မိပါသည်။ သူ့စိတ်ထဲမှာ မည်သို့ မည်ပုံ ခံစားနေ ရမည်ဖြစ်ကြောင်း  ကျွန်မ စဉ်းစားကြည့်နိုင်စွမ်းရှိလာပါသည်။
ကျွန်မ ကို "မစ္စက်ဒီဝင်းတား"ဟု အခေါ်ခံရလေတိုင်း သူ အသည်းနာပေလိမ့်မည်။ မနက်ပိုင်းတွင် နံနက် ခန်းအတွင်း သို့ ဖုန်းဆက်ပြီး ဟင်းလျာစာရင်း အတည်ပြုချက်တောင်းသည့်အခါတိုင်း "ကောင်းပါပြီ မစ္စက်ဒင်ဗာ"ဟု ကျွန်မက ပြန်ပြောလေ့ရှိပါသည်။ သည်လိုပြောသံကို ကြားရသည့်အခါတိုင်း ယခင်က သူ့သခင်မ ရဘက်ကာ ၏အသံကို သူ အမှတ်ရပေလိမ့်မည်။ ကျွန်မ သွားလာလှုပ်ရှားနေသည်ကို မြင်ရ တိုင်း၊ တစ်စုံတစ်ရာ လုပ်ကိုင်နေသည်ကို မြင်ရတိုင်း သူ့သခင်မကို ပြန်လည်အမှတ်ရစရာ ဖြစ်နေပေ လိမ့်မည်။

ရဘက်ကာ ကို ကျွန်မ မသိပါ။ မမြင်ဖူးပါ။ သို့သော်လည်း မစ္စက်ဒင်ဗာကတော့ သူ လမ်းလျှောက်ပုံ၊ သူ စကားပြောပုံ၊ သူ ပြုံးပုံ၊ သူ့မျက်လုံးအရောင်၊ ဆံပင်ချည်နှောင်ထားပုံ စသည်များကို အသည်းစွဲအောင် မြင်နေခဲ့ ရပါသည်။ သည်တော့လည်း သူ့အနေဖြင့် မေ့နိုင်တော့မည်မဟုတ်ပါ။
အတိတ်က အကြောင်းတွေကို မေ့ပစ်လိုက်ဖို့ ဖရင့်ခရော်လေက ပြောပါသည်။ ကျွန်မလည်း မေ့ချင်ပါ သည်။ နံနက်ခန်း ထဲမှာ နေ့စဉ် ကျွန်မ ထိုင်သလို ဖရင့်က မထိုင်ဖူး။ ရဘက်ကာ အသုံးပြုခဲ့သည့် ကလောင်တံ များကို ကျွန်မ  ကိုင်တွယ်အသုံးပြုနေသလို ဖရင့်က မသုံးဖူး။ သည်အခန်းထဲမှာရှိနေသော ပစ္စည်း များကို နေ့စဉ် ကျွန်မ တွေ့မြင်နေရသလို ဖရင့်က မတွေ့မြင်နေရသလို ဖရင့်က မတွေ့မြင်ဖူး။
သည်အကြောင်းတွေကြောင့် မေ့ချင်ပါသော်လည်း မေ့ပစ်နိုင်ဖို့က မလွယ်။ ရဘက်ကာအကြောင်း မစဉ်းစားဘဲနေ ချင်ပါသည်။

ကျွန်မ စိတ်ချမ်းသာချင်ပါသည်။ မက်ဇင်မ်ကိုလည်း စိတ်ချမ်းသာအောင် ထားချင်ပါသည်။ ကျွန်မ တို့ နှစ်ယောက် လည်း ပျော်ရွှင်ချမ်းမြေ့စွာ နေလိုပါသည်။ ထိုအကြောင်းများမှ လွဲပြီး ဘာခံစားချက်မျှ ကျွန်မ၏အသည်းနှလုံး ထဲမှာ မရှိပါ။ သို့သော်လည်း ကျွန်မ၏အတွေးထဲသို့ ရဘက်ကာက ချဉ်းနင်း ဝင်ရောက်လာတာမျိုး၊ ကျွန်မ အိပ်မက်ထဲသို့ ရောက်လာတာမျိုးကျတော့ ဘာမျှ မတတ်နိုင်တော့ပါ။
မန်ဒါလေစံအိမ်ကြီးကို ကျွန်မပိုင်သည်ဟုလည်း စိတ်တုံးတုံးမချနိုင်ပါပြီ။ သည်အိမ်တွင် ဧည်သည့် တစ် ယောက်ဟုသာ မိမိကိုယ်မိမိ ပြန်လည်ခံစားနေရပါသည်။ အိမ်ရှင်မ အစစ်ဖြစ်လာမည့်နေ့ ကို စောင့်မျှော် နေရသလို ရှိပါသည်။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်းသည် အတွေးများနှင့်သာ နပန်းလုံးနေ ရပါ သည်။
နွေရာသီ တစ်မနက်ခင်းတွင် ပန်းတမာတွေ တပွေ့တပိုက်ကြီးဖြင့် စာကြည့်ခန်းထဲသို့ ကျွန်မ ဝင်ခဲ့ပါ သည်။

"ဖရစ်… ဒီပန်းတွေထိုးဖို့ ပန်းအိုးရှည်ရှည်တစ်လုံးလောက် ဘယ်မှာရနိုင်မလဲဟင်… ပန်းအလှပြင်တဲ့ အခန်း ထဲက ပန်းအိုးတွေက သေးလွန်းနေတယ်"ဟု ကျွန်မက လှမ်းပြောပါသည်။
"စာကြည့်ခန်း ထဲမှာရှိတဲ့ ကျောက်ဖြူပန်းအိုးနဲ့ပဲ အမြဲတမ်း ပန်းတမာ ထိုးလေ့ရှိပါတယ် ဆရာကတော်"
"အို… ပျက်စီးမသွားနိုင်ဘူးလား… ကွဲသွားမှာပေါ့"
"ကွယ်လွန်သူ မစ္စက်ဒီဝင်းတားကတော့ အဲဒီကျောက်ဖြူပန်းအိုးနဲ့ပဲ ပန်းတမာတွေ ထိုးလေ့ရှိပါတယ် ဆရာကတော်" "သြော်… သြော်… ဟုတ်လား"
ထို့နောက် သလင်းကျောက်ဖြူပန်းအိုးကို ကျွန်မထံသို့ ယူလာပေးပါသည်။ ရေလည်း အသင့်ဖြည့်ထား ပြီးဖြစ် ပါသည်။ ပန်းတမာများကို ပန်းအိုးထဲသို့ တစ်ခက်ချင်းရွေးချယ်ပြီး ကျွန်မ ထည့်ပါသည်။ သင်းပျံ့ သည့်ရနံ့ များက အခန်းထဲမှာ ကြိုင်နေပါသည်။ ပန်းအိုးကို အလှပြင်နေရင်း ရဘက်ကာလဲ ဒါတွေ လုပ် ခဲ့မှာပဲ၊ ပန်းတမာတွေ ကို သူခူးလာပြီး အခု ငါ ပန်းအိုးထိုးနေသလို သူလဲ ထိုးနေမှာပဲ၊ ဒီပန်းအိုးဟာ ရဘက်ကာ ပိုင်တဲ့ ပန်းအိုး၊ ဒီပန်းတွေကလဲ သူ့ပန်းတွေဟု စိတ်ထဲမှာ တွေးနေပါသည်။

ပန်းအလှပြင်သည့် အခန်းထဲက ဗီရိုကြားထဲမှာလဲ ဦးထုပ်တစ်လုံးတွေ့ပါသည်။ ရဘက်ကာသည် ထိုဦး ထုပ်ကိုဆောင်း ကာ ပန်းတမာပင်များမှာ လူးလာခေါက်တုံ့ သွားနေပေလိမ့်မည်။ ယခု ကျွန်မကိုင်ထား သည့် ကတ်ကြေး ကိုလည်း ကိုင်ထားပေလိမ့်မည်။ တေးသွားတစ်ခုခုကိုလည်း ညည်းချင်ညည်းနေပေ လိမ့်မည်။ လေချွန်ချင်လျှင်လည်း ချွန်နေလိမ့်မည်။
"ဖရစ်… ဟောဟိုစားပွဲ နားက စာအုပ်စင်ကို ဒီဘက်ရွှေ့ပေးစမ်းပါ။ ကျွန်မ ပန်းအိုးတင်မလို့"
"မစ္စက်ဒီဝင်းတား ရှိတုန်းကတော့ ကျောက်ဖြူပန်းအိုးကို ဆိုဖာနောက် စားပွဲပေါ်မှာ တင်လေ့ရှိပါတယ် ဆရာကတော်" "သြော်… သြော်… ကောင်းပါပြီလေ…"

ကျွန်မ တုံဆိုင်းဆိုင်းဖြစ်နေမိပါသည်။ ပန်းအိုးကို လက်ထဲမှာ ကိုင်ထားပါသည်။ ဖရစ်၏မျက်နှာအမူ အရာ က တည်တည်ငြိမ်ငြိမ်ရှိသည်။ အကယ်၍ စာအုပ်စင်ပေါ်မှာပင် ပန်းအိုးကို ကျွန်မက တင်ချင်ပါ သည် ဆိုလျှင်လည်း ဖရစ်သည် ကျွန်မ၏အမိန့်ကိုနာခံကာ ချက်ချင်းရွှေ့ပေးရမည့်သူဖြစ်ပါသည်။
"ကောင်းပြီလေ… စားပွဲကြီးကြီးနဲ့ဆိုတော့ ပိုကြည့်ကောင်းသွားတာပေါ့"ဟု ပြောပြီး ဆိုဖာနောက်က စားပွဲ မှာ သွားတင်ထားမိပါသည်။
ကျွန်မ ကို လက်ဖွဲ့ပစ္စည်းပေးမည်ဟု ဘီယက်ထရစ်က ကတိပေးသွားပါသည်။ သူ့ကတိကို သူ မမေ့ပါ။ တစ်မနက်ခင်းတွင် ဧရာမပါဆယ်ထုပ်ကြီး ရောက်လာပါ သည်။ ရောဘတ်သည် ပင် လျှင် ကောင်းကောင်း မ မနိုင်ပါ။ နံနက်ခန်းထဲမှာထိုင်ပြီး တစ်နေ့စာ ဟင်းလျာစာရင်းကို ဖတ်နေခိုက်ဖြစ် ပါသည်။ ပါဆယ်ထုပ်များကို ကျွန်မ အလွန်မြတ်နိုးပါသည်။

သိလိုဇောဖြင့် ကြိုးများကို ကမန်းကတန်းဖြတ်ကာ စက္ကူပတ်များကို ခွာလိုက်ပါသည်။ စာအုပ်များဟု ထင်သည်။ ဖွင့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း မှန်ပါသည်။ အလွန်ကြီးများသော စာအုပ်ကြီးလေးတွဲဖြစ်ပါသည်။ ခေါင်းစဉ်မှာ "ပန်းချီသမိုင်း။" ပထမ တွဲကြားထဲက စာရွက် ကလေးတစ်ရွက် ထွက်လာပါသည်။ (ညီမလေး ကြိုက်မည့်စာအုပ်မျိုး ဖြစ်လိမ့် မည် လို့ မျှော်လင့်ပါတယ်။    ။ချစ်တဲ့ ဘီယက်ထရစ်) ဟု ရေးထားပါသည်။
လန်ဒန်မြို့ ဝစ်မိုးလမ်းထဲမှာ စာအုပ်များကို သွားရွေးပြီး "မစ္စက်ဒီဝင်းတား၊ မန်ဒါလေစံအိမ်"ဟူသော လိပ်စာ အတိုင်း ပို့ပေးဖို့ပြောနေသည့် ဘီယက်ထရစ်၏ပုံကို ကျွန်မ မှန်းကြည့်နေမိပါသည်။ ဘီယက် ထရစ် သည် အလွန်ချစ်စရာကောင်းပါသည်။ ကျွန်မ  ပန်းချီဆွဲဝါသနာပါသည်ကို သိပြီး ကျွန်မအဖို့ အသုံး ဝင်နိုင်သည့် စာအုပ်ရနိုင်ရန် သူ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်မည်။

ဒါလောက်ကြီးမားသည့် စာအုပ်ကြီးများ ကို ဘယ်နားမှာ ထားရပါ့။ နေရာရှာကြည့်မိသည်။ ကျွန်မ ရှိနေ သော နံနက်ခန်းကလေးသည် အလွန်နူးညံ့လှပသည့် အခန်းကလေးဖြစ်ပါသည်။ ထို့ကြောင့် သည်မျှ ကြီးမားသော စာအုပ်ကြီးများနှင့် မလိုက်ဖက်ပါ။ ရှိစေတော့။ သည်အခန်းကလေးသည် ကျွန်မ ပိုင်သော အခန်းကလေးဖြစ်သည်။
စာရေးစားပွဲပေါ်မှာ စာအုပ်ကြီးလေးအုပ် ကို ထောင်တင်လိုက်သည်။ စာအုပ်ကြီးများက ယိမ်းယိုင်နေ သည်။ တစ်အုပ် ကို တစ်အုပ်လည်း တွန်းမိနေကြသည်။ နေရာတကျရှိ မရှိ ကြည့်ရန် နောက်သို့ အနည်း ငယ် ဆုတ်လိုက် မိသည်။ ကျွန်မဆုတ်သည်မှာ မြန်သောကြောင့် သူတို့အခြေအနေ ပိုဆိုးသွားပုံရပါ သည်။ အစွန်ဆုံးမှ စာအုပ်က ဒိုင်းကနဲ လဲကျသွားပါသည်။ စာအုပ်လဲကျသည့် အရှိန်ကြောင့် ကြွေထည် နှင့်ပြုလုပ်ထားသော မြားနတ်မောင်ရုပ်ကလေးမှာ ကြမ်းပေါ်သို့ ကျကွဲ သွားပါတော့ သည်။

အပြစ်တစ်ခုခု ကို ကျုးလွန်လိုက်မိသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ တံခါးပေါက်ကို လှည့်ကြည့်မိပါ သည်။ ကြမ်းပေါ်မှာ ဒူးထောက်ထိုင်ချလိုက်သည်။ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည့် မြားနတ်မောင် ရုပ် ကြွေထည်စ ကလေးများကို ကောက်ယူလိုက်ပါသည်။ ထို့နောက် စာအိတ်တစ်အိတ်တွင်ထည့်ကာ စာရေးစားပွဲ အံဆွဲနောက်ထဲတွင် ဝှက်ထားလိုက်ပါသည်။ ထို့နောက် စာကြည့်ခန်းတွင်းသို့ သယ်ခဲ့ပါ သည်။ စာအုပ်စင်ပေါ် မှာ သူတို့ကို ထားရန် နေရာကလည်း အဆင်သင့်ရှိနေပါသည်။
မက်ဇင်မ်ရောက်လာသောအခါ ထိုစာအုပ်များကို ဂုဏ်ယူဝင့်ကြွားစွာ ကျွန်မက ပြသောအခါ သူက ရယ် ပါသည်။
"အတော်ချစ်စရာကောင်းတဲ့ ဘီးပဲ… သူနဲ့ပတ်သက်ပြီး မင်း အောင်ပွဲတစ်ခုရလိုက်တယ်လို့ ဆိုရမယ်၊ သူဟာ စာအုပ်ဟေ့ ဆိုရင် ဖွင့်တောင်ကြည့်ဖူးတာ မဟုတ်ဘူး"
"သူ ဘာများပြောဖူးသလဲ… ဟို… ဟို… ကျွန်မကို သူဘယ်လိုထင်သတဲ့လဲ" ဟု ကျွန်မက မေးပါသည်။

"သူတို့ ဒီမှာ နေ့လယ်စာလာစားတုန်းကလား… ဘာမှ ပြောမသွားဖြစ်ဘူး ထင်တယ်"
"ကျွန်မ ထင်တာက သူ စာလှမ်းရေးမလား၊ ဒါမှမဟုတ် တစ်ခုခုများ ပြောသွားမလားလို့"
"ကိုယ်တို့မိသားစုထဲမှာ အရေးတကြီးကိစ္စ မပေါ်သမျှ သူနဲ့ ကိုယ်နဲ့ စာရေးလေ့မရှိဘူး။ စာရေးတယ်ဆို တာ အလကား အချိန်ဖြုန်းနေတာပဲ"
သူ ပြောပုံက ကျွန်မဟာ သိပ်အရေးကြီးတဲ့သူမဟုတ်ဘူးဆိုတဲ့သဘောပေါ့။ တကယ်လို့ ကျွန်မက ဘီယက်ထရစ်ဖြစ်ပြီး မောင်တစ်ယောက်ရှိမည်ဆိုလျှင် ထိုမောင်ကလည်း လက်ထပ်မည်ဆိုလျှင် တစ်ခု ခုတော့ ပြောမိပါလိမ့်မည်။ ယခုတော့ ဘာမျှမပြောဘူးဟု ဆိုသည်။ သို့သော် အရေးမကြီးပါ။ ကျွန်မ အတွက် ဒုက္ခခံပြီး လန်ဒန်သို့သွားကာ ကျွန်မအတွက် စာအုပ်များ ဝယ်ခဲ့သည်။ ကျွန်မကို သဘောမကျ ဘူး ဆိုလျှင် သူ့အနေဖြင့် သည်လို ဒုက္ခခံနေစရာအကြောင်း မရှိပါ။

ကျွန်မ မှတ်မိသမျှ ပြန်ပြောရလျှင် နောက်တစ်နေ့မှာဖြစ်ပါသည်။ နေ့လယ်စာစားပြီးသောအခါ ကျွန်မ တို့ အတွက် ကော်ဖီကို စာကြည့်ခန်းထဲသို့ ဖရစ်က ယူလာပေးပါသည်။ မက်ဇင်မ်၏နောက်မှာရပ်ကာ ခဏစောင့်နေ ပါသည်။
"ဆရာနဲ့ ကျွန်တော် စကားပြောချင်ပါတယ်ခင်ဗျာ"
သတင်းစာ ဖတ်နေရာမှ မက်ဇင်မ်က မော့ကြည့်သည်။
"ဘာကိစ္စလဲ ဖရစ်"ဟု ပြန်မေးသည်။ အံ့အားသင့်သွားပုံလည်း ရသည်။ ဖရစ် မျက်နှာပျက်နေသည်။ ပူဆွေးကြေကွဲနေသည့် အမူအရာမျိုးဖြစ်သည်။ ထိုအမူအရာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ မိန်းမ များ သေသွားလို့လားဟု ကျွန်မ တွေးလိုက်မိပါသည်။

"ရောဘတ် ကိစ္စပါ ဆရာ…။ ရောဘတ်နဲ့ မစ္စက်ဒင်ဗာကြားမှာ စိတ်မချမ်းသာစရာ ကလေးတစ်ခုပေါ်နေ ပါတယ်။ ရောဘတ် လဲ အတော် စိတ်ထိခိုက်နေပါတယ်"
"ဘာဖြစ်တယ်…" မက်ဇင်မ်က လှမ်းမေးကာ ကျွန်မကို လှည့်ကြည့်သည်။ ကျွန်မက ကိုယ်ကိုကုန်းပြီး ဂျက်စ်ပါ ကို ပွတ်သပ်ပေးနေမိသည်။ ရှက်ကိုးရှက်ကန်းဖြစ်မိတိုင်း ပြုလုပ်လေ့ရှိသည့်အတိုင်း ဖြစ်ပါ သည်။
"ဟုတ်ပါတယ် ဆရာ။ နံနက်ခန်းထဲက အဖိုးတန်ပစ္စည်းတစ်ခုကို ရောဘတ်ခိုးတယ်လို့ မစ္စက်ဒင်ဗာက စွပ်စွဲ ပါတယ်။ ရောဘတ်ရဲ့တာဝန်က နံနက်ခန်းထဲကို ပန်းအိုးတွေယူလာပြီး နေရာချထားပေးဖို့ ဖြစ်ပါ တယ်။ ဒီနေ့မနက် ပန်းအိုးတွေချအပြီး နံနက်ခန်းထဲကို မစ္စက်ဒင်ဗာက ဝင်သွားတော့ ပစ္စည်း တစ်ခု ပျောက်နေတာ သတိထားမိပါတယ်။ မနေ့က မနက်ပိုင်းမှာ ရှိနေသေးတယ်လို့ မစ္စက်ဒင်ဗာ က ပြောပါ တယ်။ ဒါကြောင့် အဲဒီပစ္စည်းကို ရောဘတ်ယူသလား၊ ဒါမှမဟုတ် ကျကွဲလို့ အကွဲတွေကို ဝှက်ထားသ လားလို့ မစ္စက်ဒင်ဗာက မေးပါတယ်။ ရောဘတ်က နှစ်ခုစလုံးကို ငြင်းပါတယ်။ ကျွန်တော့် ဆီကို ရော ဘတ်ရောက်လာတဲ့အခါမှာ မျက်ရည်ကျမတတ်ဖြစ်နေပါပြီ။ နေ့လယ်စာ စားတုန်းက သူ့အလုပ်ထဲ မှာ စိတ်မဝင်စားတာကို ဆရာ သတိထားမိမှာပေါ့"

"အင်း… အင်း… ကျုပ်ကို ပန်းကန်မပေးဘဲ အာလူးကတ်တလိပ်တွေ ဘာလို့ လှမ်းပေးနေတာလဲလို့ စဉ်းစား မိသား။ ရောဘတ်ဟာ ဒါလောက် စိတ်ထိခိုက်လွယ်တယ်လို့  ကျွန်တော်မထင်ဘူး။ တခြား အိမ်ဖော် တစ်ယောက်ယောက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်"
"မဖြစ်နိုင်ပါဘူး ဆရာ။ အခန်းရှင်းဖို့ မိန်းကလေးမဝင်ခင် မစ္စက်ဒင်ဗာ ဝင်သွားတာ။ မနေ့က ဆရာ ကတော်ထွက်လာပြီးကတည်းက အဲဒီအခန်းထဲကို ဘယ်သူမှ မဝင်ရသေးဘူး၊ ပန်းအိုးယူပြီး ဝင်သွား တာ ရောဘတ် ဟာ ပထမဆုံးလူပဲ။ ဒီကိစ္စကြောင့် ရောဘတ်ရော ကျွန်တော်ပါ သိပ်ကို စိတ်မချမ်း မသာဖြစ်နေရပါတယ် ဆရာရယ်…"
"ဟုတ်တာပေါ့လေ… စိတ်မကောင်းစရာပဲ။ ဒီလိုဆိုရင် မစ္စက်ဒင်ဗာကို သွားခေါ်ခဲ့ပါ။ ကျွန်တော်တို့ အဖြေရှာကြ တာပေါ့၊ ဒါထက် ပျောက်သွားတာက ဘာပစ္စည်းလဲ…"
"ကြွေထည်နဲ့လုပ်ထားတဲ့ မြားနတ်မောင်ရုပ်ကလေးပါ ဆရာ။ စာရေးစားပွဲပေါ်မှာ တင်ထားတာပါ"

"အလို… ဘုရားရေ… အဲဒါဟာ ကျွန်တော်တို့ရဲ့ အဖိုးတန်ပစ္စည်းတစ်ခုပဲ မဟုတ်လား။ ဒါကို တွေ့ အောင် လုပ်ရမယ်။ မစ္စက်ဒင်ဗာကို ချက်ချင်းသွားခေါ်ခဲ့ပါ"
"အင်မတန် ကောင်းပါတယ် ဆရာ"
အခန်းထဲမှ ဖရစ် ထွက်သွားသည်။ ကျွန်မတို့နှစ်ယောက်တည်း ကျန်ခဲ့ပါသည်။
"သက်သက်မဲ့ အနှောင့်အယှက်တစ်ခု လာတွေ့နေရတယ်ကွာ… အဲဒီ မြားနတ်မောင်ရုပ်က အင်မတန် အဖိုး တန်တာ။ အခိုင်းအစေတွေကိစ္စမှာ ဘာလို့ဝင်ပါနေရမှန်းကို မသိဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာဖြစ်လို့ ကိုယ့်ကို လာပြောနေကြမှန်းမသိဘူး။ ဒီကိစ္စမျိုးတွေ ဖြေရှင်းပေးရမှာ မင်းတာဝန်နော်"
ကျွန်မကို သူ မော့ကြည့်လိုက်ပါသည်။ ကျွန်မ မျက်နှာ ရဲရဲတောက်နေသည်။ ပူလည်း ပူလောင်လှပါသည်။

"ဒီကိစ္စ အစ်ကို့ကို ပြောပြမလို့ပါပဲ။ ဒါပေမဲ့ ကျွန်မ မေ့သွားတယ်။ အဲဒီ မြားနတ်မောင်ရုပ်ကလေးဟာ မနေ့ မနက်တုန်းက ကျွန်မကြောင့် ကွဲသွားတာပါ အစ်ကို"
"မင်းကြောင့် ကွဲသွားတယ်… ကောင်းပြီး။ ဒီအခန်းထဲမှာ ဖရစ်ရှိနေတုန်းက ဘာကြောင့် ဒီအကြောင်း ကို မပြောတာလဲ"
"ကျွန်မ မသိဘူး အစ်ကို…။ ကျွန်မ ဖွင့်မပြောရဲဘူး။ ကျွန်မကို အရူးလို့ ထင်သွားမှာ ကြောက်တယ်"
"အခုတော့ အရူးထက် ပိုဆိုးတဲ့သူလို့ မင်းကို ထင်တော့မှာပေါ့။ ဖရစ်နဲ့ မစ္စက်ဒင်ဗာကို မင်းကိုယ်တိုင် ရှင်းပြလိုက်ပါ" "အို… အို… မလုပ်ပါရစေနဲ့ အစ်ကိုရယ်… အစ်ကိုပဲ ပြောပြလိုက်ပါ။ ကျွန်မ အပေါ်ထပ်မှာ သွားနေပါရ စေ" "အဲဒီလို မမိုက်မဲနဲ့လေ…။ သူတို့ကို မင်း ကြောက်နေရတယ်လို့ လူတိုင်းက ထင်သွားတော့မှာပေါ့"

"သူတို့ကို ကျွန်မ တကယ်လဲ ကြောက်ပါတယ် အစ်ကို။ အို… အဲဒီလို မဟုတ်သေးပါဘူး။ ကြောက်တာ လဲ မဟုတ်ဘူး။ ဒါပေမဲ့…"
အခန်းတံခါးပွင့်သွားသည်။ ဖရစ်နှင့် မစ္စက်ဒင်ဗာ ဝင်လာသည်။ စိတ်လှုပ်ရှားစွာဖြင့် ကျွန်မ ကြည့်နေမိ သည်။ သူက ပခုံးနှစ်ဖက်ကို တွန့်လိုက်သည်။ နောက်ပြောင်သလို၊ ဒေါသဖြစ်သလိုပုံမျိုး။
"အားလုံး မှားကုန်ကြတာပါ မစ္စက်ဒင်ဗာ…။ မစ္စက်ဒီဝင်းတားကြောင့် မြားနတ်မောင်ရုပ်ကလေး ကွဲသွား တယ်။ ဒီအကြောင်းပြောပြဖို့ သူ မေ့နေတာပါ" မက်ဇင်မ်က ဆီးပြောသည်။
သူတို့က ကျွန်မ ကို လှမ်းကြည့်ကြသည်။ ကျွန်မသည် ကလေးငယ်ကလေးဖြစ်သွားပြန်ပြီ။ အပြစ်ကျူး လွန်မိသူ လိုလည်း မျက်နှာမှာ ရှက်သွေးဖြာနေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၁)

" နှင်းက အချစ်ဆိုတာ နှစ်မျိုးရှိတယ်လို့ တကယ် ယုံနေတာကိုး၊ တို့အတွက်ကတော့ အချစ် တစ်မျိုးပဲ နား လည်တယ်၊ ညီမလေးလည်း ချစ်တာပဲ၊ ချစ်သူလည်း ချစ်တာပဲ၊ မိဘလည်း ချစ်တာပဲ၊ သူငယ်ချင်းလည်း ချစ်တာပဲ၊ ချစ်တဲ့သူအားလုံးကို စိတ်ချမ်းသာစေချင်တာပဲ ရှိတယ်၊ ဘ၀ လက်တွဲဖော် အနေနဲ့ ရွေးဖို့ကျ တော့ ဦးနှောက်က ပါသင့်၏။ မသင့်၏ ၀င်စဉ်းစားတာ၊ ကျန်တာ အတူတူပဲ၊ လူတွေ ပြောနေတဲ့ ၁၅၀၀ တို့၊  အချစ်စစ် အချစ်မှန်တို့၊ အဲဒါတွေတို့ ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး " မနှင်းဖွေး ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။ ကို ဆက်ဖတ်ရန်....

ရဲဝင့် (၁၁)

တကယ်တော့ ရဲဝင့် ခုတလော ညဥ့်နက်နက်နေသည်မှာ မနှင်းဖွေး ထင်သလို အဆောက်အအုံ အသစ် ကိစ္စ များ လေ့လာနေတာ မဟုတ်ပါ။
အာသာခိုင်ဦး ဆိုသည့် လူငယ် တစ်ယောက်နှင့် ပတ်သက်၍ နိုင်ငံခြားမှ မိတ်ဆွေ အဆက်အသွယ် များဆီမှ ရနိုင်သမျှသော အချက်အလက်တွေကို စုဆောင်း လေ့လာနေတာပါ။
ဟန်ပို ကတော့ နှာခေါင်းရှုံ့သည်။ " သူတို့ တတွဲတွဲ ဖြစ်နေတာ မင်း သိနေတယ်လို့တော့ မင်း စိမ်းဝေ ကို သတိပေးသင့်တယ်၊ ဟေ့ကောင် "
ရဲဝင့်က စာရွတ်ပုံကို ပြန်စီရင်းက မော့ကြည့်၍ ပြုံးသည်။

" အဲဒါ စိမ်းဝေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်လေ၊ ငါနဲ့ မဆိုင်ဘူး "
" ဆိုင်တယ်၊ စိမ်းဝေကို မင်း ကျောင်းထားပေးတာ၊ စိမ်းဝေ ပညာရေးထက် တခြားကိစ္စကို ပိုစိတ်ဝင်စား သွားမှာ ကို မင်း ပူတတ်ရမယ် " ရဲဝင့်က ရယ်သည်။
" တက္ကသိုလ်ကျောင်းသူ တက္ကသိုလ်တက်ရင်းနဲ့မှ အဲဒီကိစ္စ စိတ်မ၀င်စားရင် ဘယ်အချိန် သွား စိတ်ဝင်စား မလဲ၊ မင်းတို့ ငါတို့ နှင်းတို့လို ဖြစ်သားမှာပေါ့ " ဟန်ပိုက နဖူးကို လက်ဝါးနှင့် ရိုက်သည်။
" ဘုရားရေ မင်းက သဘောတူနေတာလား " " သဘောတူတယ်လည်း မရှိဘူး၊ မတူဘူးလည်း မရှိပါဘူး၊ ကလေကချေ နဲ့ တွေ့တာ၊ လူမျိုးခြားနဲ့ တွေ့တာ ထက်စာရင် တော်တယ် ပြောရမှာပဲ၊ သိရသလောက်တော့ လည်း ကောင်လေးက စိမ်းဝေကို တော်တော် တန်ဖိုးထားပုံရပါ တယ်၊ လေးလေး စားစား စောင့်ရှောက် ကူညီနေပုံပါပဲ " ဟန်ပို က ကျွတ်ခနဲ မြည်တမ်းသည်။

" မင်း ပြောနေတာ မင်းနဲ့ လက်ထပ်ဖို့ လူကြီးတွေက သိပ်သဘောတူနေတဲ့၊ ပြီးတော့ မင်းကလည်း သိပ် ချစ်သိပ်တန်ဖိုးထားတဲ့ မိန်းကလေး အကြောင်းနော် ဟေ့ကောင် " ရဲဝင့်က ပခုံးတွန့်ပြသည်။
" ငါ စိတ်ဝင်စားတာက သူ စိတ်ချမ်းသာရေးပဲ၊ သူ ဘယ်သူနဲ့ တွေ့တွေ့ အဲဒီလူကြောင့် သူ စိတ်ချမ်းသာ ရမယ်ဆိုရင် ငါ ကြည်ဖြူတယ် " " မချမ်းသာရင်ရော " " မချမ်းသာရင် အဲဒီ မချမ်းသာတဲ့ နေ့မှာ သူ နောက်ဆုတ် လို့ရတယ် " ဟန်ပို ခေါင်းခါသည်။
" နောင်တ ဆိုတာ အချိန်မီတဲ့အခါ ရှိသလို အချိန်မမီတဲ့အခါ ရှိတယ်၊ အမှားဆိုတာ ပြင်ဆင်ခွင့်ရှိတဲ့ အခါရှိ တယ်၊ ပြင်ဆင်ခွင့် မရှိတဲ့ အခါ ရှိတယ် " " သူ့အတွက် မဟုတ်ဘူး " ဟန်ပို မျက်လုံးပြူးပြသည်။

" ဘာဖြစ်လို့လဲ "
" စိမ်းဝေမှာ နောက်ကျသွားတဲ့ နောင်တ ဆိုတာ မရှိဘူး၊ ပြင်ဆင်ခွင့်မရှိတဲ့ အမှားဆိုတာ မရှိဘူး၊ သူ့ နောက် မှာ ငါအမြဲရှိတယ် " ဟန်ပို စိတ်ပျက်လက်ပျက် ခေါင်းခါသည်။
" ငါ အဲသလောက် တန်ဖိုးထားတဲ့ မိန်းကလေး ဆို ငါဘယ်သူ့ရင်ခွင်ထဲက မဆို ငါလုယူမှာပဲ "
ရဲဝင့်က ရယ်သည်။ " မင်းက မင်း၊ ငါက ငါလေကွာ "

မနှင်းဖွေးက တယ်လီဖုန်းကို ပြန်ချပြီး ရဲဝင့်ဘက်သို့ မျက်စိပျက် မျက်နှာပျက်နှင့် လှည့်ကြည့်သည်။
" ခုထိ တစ်ခန်း မှ မထွက်သေးဘူးတဲ့ " ရဲဝင့်က ပြုံး၍ ခေါင်းညိတ်ပြသည်။
" ရီဆက်ရှင်လေ၊ တို့ပြောဖူးသားပဲ၊ တစ်နေ့နေ့မှာ ဈေးကွက်က ဆက်ကျူရိတ်တစ် ဖြစ်မှာပဲ၊ အရောင်းတွေ ရပ်ကုန်လိမ့်မယ်၊ ရှိတာ ထုခွဲစားသောက်ရလိမ့်မယ်လို့၊ ဘယ်လောက် ကြာမလဲ၊ အလွန်ဆုံး သုံးနှစ်ပေါ့၊ တခြား လုပ်ငန်းကလေးတွေလည်း စထားတာပဲ၊ တို့တွေ ခံနိုင်မှာပါ "
ခြေသံကြား၍ လှည့်ကြည့်တော့ စိမ်းဝေ၏ အစ်မ၀မ်းကွဲ နှစ်ဦး။

" ဘာလဲ "
" ဆင်ဖြူကျွန်း ခဏပြန်ချင်လို့ တစ်ပတ်လောက် ခွင့်ပေးပါတဲ့ "
နောက်က ပါလာသော ဟန်ပို က ၀င်ပြောသည်။
" သွားလေ " " လခလည်း ကြိုထုတ်သွားချင်တယ်၊ သုံးစရာ ရှိလို့တဲ့ "
ရဲဝင့်က ခပ်ထေ့ထေ့ ပြုံးသည်။ " ယူသွားလေ "
ကျေးဇူးပဲ ကိုရဲဝင့်ဟုပြော၍ အချင်းချင်း လက်မထောင်ပြပြီး စားပွဲတွေ ရှိရာကို ပြန်ပြေးသွားသော ညီအစ်မ နှစ်ယောက် ကို ကြည့်၍ ရဲဝင့် ပြုံးပြီး ခေါင်းခါမိသည်။ " စိမ်းဝေ က ဒီကျောင်းပိတ် လာမှာလား "
မနှင်းဖွေးက မေးတော့ ရဲဝင့်ပြုံး၍ ခေါင်းညိတ်ပြသည်။

" မနှစ်ကတော့ ပထမနှစ်ဆိုတော့ နေသားကျအောင် နေလိုက်ပါလို့ တို့ပဲ ပြောလိုက်တာပါ၊ ဒီနှစ်တော့ လာလိမ့်မယ်၊ ဖေဖေ နဲ့ အန်တီခင်တောင် ရန်ကုန် ဆင်းလာလိမ့်မြယ် "
" ဒါကြောင့် ဘော့စ် ဒီနေ့ သဘောကောင်း နေတာကိုး " ဟန်ပိုက ၀င်ထော့တော့ ရဲဝင့် ရယ်သည်။
" မရှိစေချင်လို့ပါကွာ၊ စိမ်းဝေ ရောက်နေတုန်း သူတို့ရှိနေရင် သူတို့အကြောင်း စိမ်းဝေ ကို ပြောမိလိမ့်မယ်၊ စိမ်းဝေ ခဏလာတုန်း စိတ်မညစ်စေချင်ဘူး "
ဟန်ပို က အစာနင်သွားသည့် အမူအရာလုပ်ပြတော့ မနှင်းဖွေးက လိုက်ရယ်မိသည်။

မနှင်းဖွေး (၁၀)

စိတ်၏ ခံစားချက်တို့ကို စိတ်ကသာ ပြန်၍ လျစ်လျူရှူချင်ရှုနိုင်မည်။ ကိုယ်ခန္ဓာအပြုအမူ၊ လှုပ်ရှားမှုတို့က လျစ်လျူရှူနိုင်ဟန် မတူ။
စိမ်းဝေကလေးနှင့် ပတ်သက်လာလျှင် ကိုရဲဝင့် တော်တော် သွေးအေးသည်ဟု မနှင်းဖွေး အမြဲ ယူဆခဲ့သည်။ စိမ်းဝေ အကြောင်းပြောနေစဉ်တွေမှာပင် ဘာခံစားချက်မှ မပါသော လေသံ အေးအေးနှင့်ပဲ ပြောနေ ကျ။
သည်နေ့တော့ တစ်နေ့လုံး ရဲဝင့် ဂနာမငြိမ် ဖြစ်နေသည်။ ထိုင်လိုက်၊ ထလိုက်၊ ရေသွား သောက်လိုက်၊ ဖုန်း ကို မလိုက်၊ ပြန်ချလိုက်။ အလုပ်အကြောင်း သွားပြောရင်လည်း ခေါင်းတွေပဲ ညိတ်ပြနေသည်။ ဘာအဖြေမှ မပေး။ သေချာပါပြီ။ သည်နေ့ စိမ်းဝေ ရောက်ရမည့် နေ့ပါပဲ။

စိမ်းဝေ ၂၁ နှစ် ပြည့်တော့မည်။
၁၄ နှစ် သမီး အရွယ် ကတည်းက ထင်းနေအောင် လှသော မိန်းကလေးအရွယ်လည်း ရောက်လာပြီ၊ မြို့ကြီး မှာသာမက နိုင်ငံကြီးမှာပါ ကျင်လည်ခဲ့ပြီမို့ ရုပ်ရည်ရော၊ ကိုယ်ဟန် အမူအရာတို့ရော အစွမ်းကုန် အရွယ်ရောက်နေကြတော့လိမ့်မည်။ ၂ နှစ် လုံးလုံး မတွေ့ခဲ့ရသည့် ညီမလေး။
ညီမ လိုလည်း ချစ်တာပါပဲ။ ချစ်သူလည်း ချစ်တာပါပဲ။ အချစ်မှာ နှစ်မျိုး နှစ်စား ရှိတယ်လို့ မသိပါဘူး၊ စိတ်ချမ်း သာစေချင်တာပဲ ရှိတာပါ ဟု ရဲဝင့် လေးလေးမြတ်မြတ်ပြောခဲ့သော မိန်းကလေး။
အဲသည် မိန်းကလေး က သည်နေ့ ညနေ ရောက်မည်တဲ့။

ရဲဝင့် ဂနာမငြိမ် ဖြစ်နေတာ အဆိုးမဆိုသာ။ အန်တီခင် ပင်လျှင် အပေါ်ထပ် ကနေ အောက်ဆင်းလာလိုက်၊ ရေတစ်ခွက်ငှဲ့သောက်ပြီး ပြန်တက်သွားလိုက်။ အပေါ်မှာ လည်း ရေခဲသေတ္တာ တစ်လုံးရှိသည် ဆိုတာကို မသိ၍တော့ ဟုတ်မည် မထင်။
" ကိုရဲဝင့် " " စောသေးတယ် နှင်းရဲ့၊ လေယာဉ်က ၆ နာရီကျော်မှ ဆိုက်မှာ "
မနှင်းဖွေး သတင်းစာ ကိုင်လျက်က ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ဟန်ပိုက ခွက်ထိုးခွက်လန် ရယ် တော့ မှ ရဲဝင့် ကြောင်တက်တက်နှင့် လှည့်ကြည့်သည်။ " ဒီမှာ ကြော်ငြာပြမလို့ "
သည်တော့မှ ရဲဝင့် ရှက်ရယ် ရယ်၍ မနှင်းဖွေးပြသော သတင်းစာ ကြော်ငြာကို ငုံ့ကြည့်၍ ကိုကြင် တို့အုပ်စု အဆောက်အအုံ ကြော်ငြာတာ မဟုတ်လား၊ ဘာဖြစ်လို့လဲဟုမေးသည်။
" ထူးခြား လို့လေ၊ ကြိုပွိုင့်တော့ ခေါ်တယ်၊ ဒါပေမဲ့ သတ်မှတ်ရက်မှာ မအပ်နိုင်ရင် တစ်ရက်ကို ငွေ ဘယ်လောက်နှုန်း နဲ့ လျော်မယ်ဆိုတာ ပါတယ်၊ ကြိုပွိုင့်ကုမ္ပဏီတွေ အကုန် ကပ်ဆိုက်နေတာ၊ ဒီနည်း ကလေးကများ မတ်နိုင်မလားလို့ " ရဲဝင့်က ပြုံး၍ ခေါင်းခါသည်။

" ၀ယ်တဲ့လူက အခန်းလိုချင်တာ၊ ငွေတိုးလိုချင်တာမှ မဟုတ်တာ၊ လျော်ရပြီ ဆိုကတည်း က ငွေတင် ဆုံးရှုံးရတာမှ မဟုတ်တာ၊ နာမည်လည်း ဆုံးရှုံးသွားတာ၊ နာမည်မှ သူတို့ နာမည်တင် ဆုံးရှုံးတာ မဟုတ်ဘူး၊ ဒီမှာရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ အားလုံးရော နာမည်ပျက်တာ၊ တို့တော့ မကြိုက် ပါဘူး၊ ကြိုပွိုင့် အေးနေရင် ရှိတဲ့ငွေနဲ့ နိုင်တဲ့ ခွင်ပဲကိုင်မယ်၊ ပြီးတာပဲ ရောင်းမယ်" " ဘိုဆန်တာပေါ့ "
ဟန်ပိုက ခနဲ့တဲ့တဲ့ လှမ်းစတော့ ရဲဝင့်က မျက်စောင်းထိုးသည်။ " ဘာ ဘိုဆန်တာလဲ၊ မင်းက "
" အင်္ဂလိပ်ဆန်တာလေ၊ မင်းပဲ ပြောပြောနေတယ်၊ အင်္ဂလိပ်တွေ သိပ်ရှေးဆန်တယ်၊ အိမ်အိုကြီးတွေ တောင် ပြင်ဆင် ချင်ရင် အထဲကပဲ ပြင်ဆင်ပြီး အပြင်မျက်နှာတွေ ဒီအတိုင်းထားကြတယ် ဆိုတာလေ၊ မင်းလည်း ရှေးထုံးပဲ အမြဲလုပ်တာဆိုတော့ ဘိုဆန်တာပေါ့ " ရဲဝင့်က ပခုံးတွန့်ပြသည်။

" ကောင်းတာ တွေ့ရင်တော့ အင်္ဂလိပ်မှ မဟုတ်ဘူး၊ တရုတ်၊ ကုလားလည်း အတုယူသင့်ယူရမှာပဲ၊ အင်္ဂလိပ်တွေ က အဲဒီလို ကွန်ဗင်းရှင်းနယ် ဖြစ်လို့ ကမ္ဘာတစ်ခုလုံး စနစ်တကျ သိမ်းယူနိုင်ခဲ့တာ မမေ့နဲ့ "
ဟန်ပို က ခေါင်း တဆတ်ဆတ် ညိတ်၍ အခုတလော ယူကေကို အကောင်းချည်း ပြောတာကွာ။ စိတ်နဲ့ ဘယ်နှစ် ခေါက်သွားလည်နေလဲ မသိဘူးဟု ခနဲ့သည်။
ရဲဝင့်က နာရီကို ငုံ့ကြည့်၍ ဟုတ်ပါရဲ့၊ စောသွားလိုက်တာ ကောင်းပါတယ်ဟု ပြောပြီး နေရာမှထတော့ မနှင်းဖွေးနှင့် ဟန်ပို ပခုံးကိုယ်စီ တွန့်မိကြပါသည်။
.................................................................................................................................
ဟုတ်ပါရဲ့။ လှလိုက်တာ။
အကောက်ခွန် စစ်ဆေးရေး ဂိတ်မှ ထွက်လာသော စိမ်းဝေမှာ မနှင်းဖွေး ကြိုတွေးထားမိသည်ထက်ပင် အများကြီး ပိုလှနေ သည်။
မဖြူ မညို အတိအကျ ညီညာစွာ လတ်နေသော အသား ညိုညို စိမ့်စိမ့်ကလေးကတော့ အဖြူဘက် ကို တော်တော် လုနေပြီ။ အင်းလေ ယူကေမှာ နှစ်နှစ်တောင် နေမှတော့ အဲသလောက်တော့ ရှိရောပေါ့။
ဆံပင်ရှည် ကလေးတွေက သည်အတိုင်း ညီညာစွာ ဖြန့်ကြဲချထားသည်။ လူက ပိန်လည်းမသွား၊ ၀လည်း မလာ။ သိသာတာ ကတော့ ပိုအရွယ်ရောက်လာသည်။ အလှစုံလာသည်။ ထို အလှစုံနေသော ကိုယ်ကလေးပေါ် မှာ ထူးထူးခြားခြား ရင်ဖုံး အင်္ကျီတစ်စုံနှင့် ဇင်းမယ်လုံချည် တစ်ထည် ကို မြန်မာ ဆန်ဆန် သပ်သပ်ရပ်ရပ် ၀တ်စားပြီး ရှမ်းလွယ်အိတ်ကလေးပါ လွယ်ထားလိုက်သေးသည်။
အလှဆုံးကတော့ အပြုံး ကလေးပါပဲ။ ငယ်ငယ်တုန်းက အတိုင်း။

ကလေး သူငယ်ကလေးတစ်ယောက်၏ ဟန်ဆောင်မှု ကင်းမဲ့သော အားပါးတရ အပြုံး။
ထို အပြုံးနှင့် သူ့ အမေ ဒေါ်ခင်ခင်ဆီကို အရင်ဆုံး အားပါးတရ ပြေးဝင်သွားပြီး ဒေါ်ခင်ခင်ကို တင်းတင်း ကျပ်ကျပ် ဖက်ထားသည်။ ဒေါ်ခင်ခင်ကတော့ မျက်ရည်ပါ စို့သည်။ " သမီးလေး၊ နေကောင်းရဲ့လား သမီးရယ် " စိမ်းဝေက လူချင်းခွာ၍ အားရပါးရ ရယ်သည်။
" ကောင်းလို့ ၁၂ နာရီကြာတဲ့ ခရီးကြီး လာတာပေါ့ မေမေရဲ့၊ ဖေဖေနဲ့ မေမေရော နေကောင်းရဲ့လား "
ဦးအောင်ဝင့်နှင့် ဒေါ်ခင်ခင် ခေါင်းသာ ညိတ်ပြနိုင်ကြသည်။
စိမ်းဝေက ဘေးမှာ ကြောင်တက်တက် ရပ်နေသော ရဲဝင့်ကို လှည့်ကြည့်၍ နွမ်းလျလျ ပြုံးပြသည်။
" ကိုကို့ကို တစ်ချိန်လုံး သတိရနေတာ၊ သိလား " ရဲဝင့် အာစေးမိသွားသည်။ ဘာပြန် ပြောရမှန်းမသိ။

ကြားထဲက မနှင်းဖွေးက အလိုက်တသိ ၀င်ပြောရသည်။
" စိမ်းဝေ ကိုကိုကတော့ လာမယ် ကြားကတည်းကအလုပ် အကြောင်းတောင် ဘာမှ ပြောလို့ မရတော့ ဘူး " စိမ်းဝေက ချမ်းမြေ့စွာရယ်၍ မနှင်းဖွေးနှင့် ဟန်ပို ကို နှုတ်ဆက်သည်။
" မမနှင်းနဲ့ အစ်ကိုဟန်ပိုလည်း ဒီအတိုင်းပဲ၊ မပြောင်းလဲဘူး "

" စိမ်းဝေကတော့ ပြောင်းလဲတယ်၊ အများကြီး ထပ်လှသွားပြီ၊ အဲဒါကို သိရဲ့လား "
မနှင်းဖွေး ကပြောတော့ စိမ်းဝေက ရယ်သည်။
" ယောက်ျားလေးထဲ ကပဲ အဲသလို ပြောတဲ့လူ ရှိတော့ မယုံဘူး၊ မမနှင်းလောက်လှတဲ့ မိန်းကလေး က ပြောတော့ ယုံလိုက်တော့မယ် "
ရဲဝင့် က အခုမှ အသက်ဝင်လာဟန်နှင့် မေးသည်။
" စိမ်းဝေ မြန်မာ အ၀တ်အစားအသစ်တွေ ဘယ်က ရလာသလဲ "
စိမ်းဝေက ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်၍ ရှက်ကိုးရှက်ကန်းရယ်သည်။
" ဘန်ကောက် ထရန်စစ် မှာ ၀ယ်ပြီး ရေချိုးခန်းထဲ တစ်ခါတည်း ၀င်လဲလာတာ၊ စိမ်းဝေနဲ့ တော်တယ် မဟုတ်လား" ရဲဝင့်ကပြုံးသည်။

" တော်ပါတယ်၊ ဒီကျလည်း ၀ယ်လို့ရတာ ဘာလို့ ချက်ချင်း မြန်မာမလေး လုပ်ချင် စိတ် ပေါက်သွားရတာလဲ "
" ဟိုကောင်လေ " စိမ်းဝေက နောက်ကို မေးငေါ့ပြတော့မှ နောက်မှ တီရှပ်နှင့် ဂျင်းဘောင်းဘီ ၀တ်ထားပြီး အရပ်ရှည်၊ အသားဖြူသော်လည်း အရှေ့တိုင်းသားမှန်း သိသာသည့် လူငယ်တစ်ဦး ချဉ်းကပ် လာတာ တွေ့မိကြတော့ သည်။
" ဒီကောင် က နင် မြန်မာ လို မ၀တ်တတ်တော့ဘူး မဟုတ်လားလို့ စိန်ခေါ်တာနဲ့ ငါ မြန်မာမလေ၊ မြန်မာ အ၀တ်အစား ကို တခြားဝတ်စုံ အားလုံးထက်ပို ကျွမ်းကျင်တယ်၊ အခု ငါဝတ်လို့ တော်ရင် နင် ရှင်း မလား၊ လောင်းကြေးလို့ ပြောလိုက်တာ၊ သူ ရှင်းလိုက်ရရော "
သူစိမ်း ယောက်ျားကလေး တစ်ယောက်ကို သည်မျှ ရင်းရင်းနှီးနှီးပြောနေသော စိမ်းဝေကို အားလုံးက အံ့သြနေကြသည်။ မနှင်းဖွေး ကတော့ စိမ်းဝေထက် တစ်ဦးတည်းသော အံ့သြဟန်မပြဘဲ ပြုံးပြနေသော ရဲဝင့် ကို ပို၍ အံ့သြနေမိသည်။

" ကိုကို၊ ဒါ အာသာခိုင်ဦး တဲ့၊ အာသာ့မိဘတွေက ယူကေမှာ နေတဲ့ မြန်မာလူမျိုးတွေ၊ အာသာလည်း ဒီက အဘိုးအဘွား ဆီ မရောက်တာကြာလို့ စိမ်းဝေနဲ့ ချိန်းပြီး အတူတူ လာတာ၊ သူလည်း ကင်းဘရစ်ခ်ျ မှာပဲ အင်ဂျင်နီယာရင်း တက်နေတယ်၊ စိမ်းဝေကို အစစ ကူညီနေတဲ့ သူငယ်ချင်းပေါ့ "
" ကျေးဇူးတင်တယ်နော် ညီလေး " ရဲဝင့်က တည်ငြိမ်စွာ ပြုံး၍ လက်ကမ်းပေးသည်။ အာသာက အားပါးတရ ပြုံး၍ လက်ဆွဲ နှုတ်ဆက်သည်။
" မနာလိုဘူး အစ်ကိုရာ၊ စိမ်းဝေက အစ်ကို့အကြောင်းကို ကျွန်တော့်ကို နေ့တိုင်းနီးနီး ပြောတာ၊ ကျွန်တော့် အကြောင်းတော့ အစ်ကို့ကို ခုမှ ပြောတာ ဆိုတော့၊ စိမ်းဝေ နင် သူငယ်ချင်းထက် အစ်ကို့ကို အများကြီး ပိုချစ်တာတော့ သေချာပြီ " စိမ်းဝေက အာသာ့ကို မျက်စောင်းထိုးရင်းက ရဲဝင့် လက်မောင်းတစ်ဖက် ကို သူ့လက်နှစ်ဖက်နှင့် ပွေ့ဖက် လိုက်သည်။

" ပိုချစ်စရာလား၊ နင့်ကို ငါ့အစ်ကိုထက် " မနှင်းဖွေးနှင့် ဟန်ပို တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ရဲဝင့်ကတော့ အမူအရာမပျက် ခပ်အေးအေးပင် မေးသည်။
" ညီလေး ရန်ကုန်မှာ တည်းစရာရှိလား၊ အစ်ကိုတို့ဆီမှာ တည်းချင်လည်း ၀ဲလ်ကမ်းနော် "
သည်တစ်ခါတော့ စိမ်းဝေရော၊ အာသာပါ အံ့အားသင့်သွားကြသည်။

" ကျွန်တော့် အဘိုးအဘွားက မန္တလေးမှာ ရန်ကုန်မှာတော့ ဟိုတယ်ပဲ တည်းမလို့ လုပ်ထားတာ၊ အစ်ကိုက ဘယ်လိုလုပ် သိသလဲ၊ ရဲဝင့် မျက်နှာ တစ်မျိုးဖြစ်သွားသည်။
" ကြိုတဲ့ လူ မတွေ့လို့ပါကွာ၊ ဘာမှ အားမနာနဲ့၊ စိမ်းဝေ သူငယ်ချင်းကို ခေါ်လေ၊ ကိုကိုတို့ အခု အလုပ်ခန်း အပေါ်ထပ် နေ တဲ့ နေရာက အကျယ်ကြီးပဲ "
စိမ်းဝေ က ခေါင်းခါသည်။ " နေပါစေ၊ အာသာ ဟိုတယ်ပဲ သွားဟာ၊ ညကျ ငါနဲ့ကိုကို စကားတွေ ၀အောင် ပြောချင်သေးတယ် " " သမီး ဧည့်သည်ကို အဲသလို မပြောရဘူးလေ "

ဒေါ်ခင်ခင်က ၀င်ဟန့်သော်လည်း အာသာက လက်ကာပြ၍ " ရတယ် အန်တီ၊ သူနဲ့ ကျွန်တော်က အဲသလိုပဲ တည့်တိုး ပြောနေကျ၊ သူ အဲ့သလို တည့်တိုး ပြောလို့ရတဲ့ သူငယ်ချင်းဖြစ်ရတာကိုပဲ ကျွန်တော်က ကျေနပ်နေတာ " ဟု ဖြေသည်။ ရဲဝင့်မျက်နှာ အထားရခက်ဟန် ပေါ်သွားသည်။
မနှင်းဖွေးကတော့ ပွင့်လင်း ရိုးသားဟန်ရှိသော အာသာခိုင်ဦးကို သဘောကျ မိသော်လည်း အာသာခိုင်ဦး၏ စကားများအရ စိမ်းဝေအပေါ်ထားသော သူ့သဘောထားကို ၀န်ခံပြီး သလို ဖြစ်နေခြင်းအတွက်တော့ ရင်လေး နေမိသည်။

စိမ်းဝေ (၁၀)

အပေါ်ထပ် ၇န်တာတံခါးကို ဖွင့်လိုက်သည်နှင့် စိမ်းဝေ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဝရန်တာတွင် ကြည့်မြင်တိုင် အိမ်မှာ ကိုကိုနှင့် စိမ်းဝေ အတူတူ ထိုင်နေကျ ဒန်းကလေးက အခန့်သား ရှိနေ ပါသည်။
နေပါဦး။ ဟိုဒန်းက ငှားတဲ့ အိမ်ရှင်ပိုင်တဲ့ ဒန်းပဲ။ ကိုကို ယူလာမှာတော့ မဟုတ်ပါဘူး။ ပုံတူ ဒန်း တစ်ခု ထပ် ၀ယ်ပြီး အရောင်တူ သုတ်ထားတာပဲ နေမှာ။
ဝရန်တာသို့ ဖိနပ်ပင် မစီးဘဲ ဆင်းလာခဲ့ပြီး ဒန်းနား သွားကြည့်လိုက်တော့ သူ့ အထင်မှားကြောင်း စိမ်းဝေ သိလိုက်ရသည်။
ဒန်း၏ နောက်မှီ တွင် အင်္ဂလိပ် စာကြောင်းကလေး တစ်ကြောင်းရှိနေသည်။

" If you are sad and lonely, stay with me" တဲ့။
" ၀မ်းနည်းပြီး အထီးကျန် နေတယ်ဆိုရင် ငါနဲ့နေပါ" ဟု အဓိပ္ပာယ်ရသော စာကြောင်းကလေး။ ညတိုင်း ဒန်းပေါ်မှာ ထိုင်ပြီး အလုပ် လုပ်နေတတ်သော ကိုကို့ကို ကျီစယ်လိုသဖြင့် စိမ်းဝေကိုယ်တိုင် စိမ်းဝေ လက်ရေးဖြင့် ရေးခဲ့တာ ဖြစ်သည်။
စိမ်းဝေ ဒန်းပေါ်မှာထိုင်၍ စာသားကလေးတွေကို လက်ချောင်းကလေးတွေနှင့် ထိတို့ ကြည့်မိသည်။
တကယ်ပဲ ၀မ်းနည်းပြီး အထီးကျန်နေပြီလား ကိုကိုရယ်။ အဲဒါဆို မနှစ်က စိမ်းဝေ ပြန်မလာတော့ဘူး လို့ ပြောတုန်းက ဘာလို့ ကောင်းသားပဲလို့ အေးအေးလေး ပြောနိုင်ခဲ့ရတာလဲ။ " စိမ်းဝေ "
ရုတ်တရက် ရဲဝင့် အသံ ပေါ်လာသဖြင့် စိမ်းဝေ လှည့်ကြည့်မိသည်။ ရဲဝင့်က ၀ရန်တာ အထွက်တံခါးလေးမှာ ရပ်လျက်က လှမ်းခေါ်နေခြင်းဖြစ်သည်။ " ရှင် ကိုကို " " အထဲမှာ အဲယားကွန်း ဖွင့်ပေးထား တယ်လေ၊ အထဲမှာ နေပါလား၊ စိမ်းဝေက အရမ်းအေးတဲ့ နေရာက ရုတ်တရက် ရောက်လာတာ၊ အပူမခံနိုင်မှာ စိုးလို့ " စိမ်းဝေက ချမ်းမြေ့စွာ ပြုံး၍ ခေါင်းခါသည်။

စိမ်းဝေ မြန်မာမကလေးပါ ကိုကို။ ပြီးတော့ ဖေဖေ မေမေနဲ့ ကိုကို့ မေတ္တာရိပ်အောက်ကို ရောက်လာတာ။ အစစ အေးမြပြီးသားပါဟု စိတ်ထဲက ပြောမိသည်။ " ဒန်းကလေးက ကိုကို ၀ယ်လာခဲ့တာလား "
ရဲဝင့်က အခုမှ ဒန်းကို သတိထားမိဟန်နှင့် လှမ်းကြည့်ပြီး ခေါင်းခါသည်။ " အိမ်ရှင်က လက်ဆောင် ပေးလိုက်တာပါ " စိမ်းဝေ နှုတ်ခမ်းကလေးစူတူတူ ဖြစ်သွားသည်။ သို့သော် ရဲဝင့်က ပြုံး၍ ဆက်ပြောသည်။ " ကိုကိုက သွားဝယ်လို့လေ " ကဲ ကြည့်။ စိမ်းဝေ ပြန်ကျေနပ်သွားသည်။

" ပူလိုက်တာဟာ၊ နင် မပူဘူးလား "
ဟမ်ဘာဂါဆိုင်ထဲတွင် အေးစက်နေအောင် ဖွင့်ထားသောလေအေးစက်ကိုမှ အားမနာ။ အာသာခိုင်ဦးက အင်္ကျီကုပ် ကို တဖျပ်ဖျပ် ခါရင်းက ညည်းတွားသည်။
သူ အပို ပြောနေတာတော့ မဟုတ်။ သူ့နဖူး တစ်ခုလုံး ချွေးသီးချွေးပေါက်တွေနှင့် ဖြစ်နေသည်။ စိမ်းဝေ က သူ့ကို ကြည့်၍ ရယ်သည်။
" မြန်မာလူမျိုး၊ ယူကေမှာကြီးရင် ပူတာရော၊ အေးတာရော ခံနိုင်ရမှာ ပေါ့ဟ၊ နင်ကလည်း ရှုံ့မဲ့ မနေစမ်းပါနဲ့ "
အာသာခိုင်ဦးက ပြုံးဖြီးဖြီးလုပ်ပြသည်။
" အဲ့ဒီစကားက နင့်အတွက်ပဲ မှန်မှာပါဟာ၊ နင်ကတော့ ပူလည်းလှ၊ အေးလည်းလှ "
ရင်ဖုံး အင်္ကျီ ချည်လုံချည်ကလေးနှင့် သပ်သပ်ရပ်ရပ်ကလေး လှနေသော စိမ်းဝေကို စိုက်ကြည့် ၍ ပြောတော့ စိမ်းဝေက မျက်စောင်းထိုးသည်။

" မြန်မာပြည်ကျရင် ပြောပုံ၊ ဆိုပုံတွေ ဆင်ခြင်ဖို့ ငါပြောထားတယ်နော် အာသာ "
အာသာက တဟားဟား ရယ်သည်။
" လှလို့လှတယ်လို့ ပြောတာများဟာ၊ ဘာဖြစ်လို့လဲ "
" ဒီမှာက မိန်းကလေးတွေကို လှတယ်လို့ သူတို့ ချစ်သူတွေကပဲ ပြောပိုင်ခွင့် ရှိတာဟ "
အာသာက စုတ်သတ်၍ ခေါင်းခါသည်။
" ငါလည်း မြန်မာပါပဲဟာ၊ အဲဒီ့ ထုံးစံကြီးတော့ မကြိုက်ပါဘူး၊ ဒီက မိန်းမလှကလေးတွေခမျာ ဘယ်ယောက်ျား ကလေးကမှ သူတို့ကို လှတယ်လို့ မပြောကြဘူးဆိုရင် တော်တော် သနားစရာ ကောင်း တာပဲ " " သနားရင် နင် ဒီဆိုင်ရှေ့ထွက်ပြီး ဟို ယုဇန စူပါမားကတ် ဘက်က ထွက်လာတဲ့ မိန်းကလေး လှလှ ကလေးတွေ အကုန်စောင့်ပြီး လှလိုက်တာလို့ ပြော၊ ဖူးရောင်ပြီး ပြန်ဝင်လာရမှာ သေချာတယ် "
အာသာက ရယ်ပြန်သည်။ ပြီးတော့ အရယ်ရပ်၍ စိမ်းဝေ မျက်နှာကို ထူးဆန်းစွာ စိုက်ကြည့်သည်။
 
 " စိမ်းဝေ "
" ဘာလဲ "
" ကိုရဲဝင့်ကရော နင့်ကို လှတယ်လို့ တစ်ခါမှ မပြောဖူးဘူးလား "
စိမ်းဝေ ခဏ စဉ်းစားကြည့်သည်။ ပြီးတော့ ခေါင်းခါသည်။
" ဟင့်အင်း၊ ဒီမှာက မောင်နှမတွေလည်း အဲသလို မပြောတတ်ကြပါဘူး၊ ဘာဖြစ်လို့လဲ "
အာသာက ခေါင်းသာခါပြသည်။
စိမ်းဝေ ဖျတ်ခနဲ တစ်စုံတစ်ခုကို သတိရ၍ ထိတ်ခနဲ ဖြစ်သွားသည်။

" စောစောက နင့်နဲ့ ကိုဟန်ပိုကြီးနဲ့ ဘာတွေ ပြောနေကြတာလဲ "
ရဲဝင့် နှင့်စိမ်းဝေ အပြင်သွားနေတုန်း အာသာက စိမ်းဝေကို လာခေါ်၍ ဟန်ပိုနှင့်ဆုံပြီး စကားလက်ဆုံ ကျနေ ခဲ့ကြသည်ကို စိမ်းဝေ ပြန်အလာတွင် တွေ့ခဲ့ရ၍ မေးခြင်းဖြစ်ပါသည်။
" ငါနဲ့ အဲဒီ့အစ်ကိုကြီးကြား ပြောစရာဆိုလို့ နင့်အကြောင်းပဲ ရှိတာပဲ "
စိမ်းဝေ မသိမသာ အံကြိတ်သည်။
" နင် လျှောက်မေး နေတာပေါ့လေ "
အာသာက ရယ်သည်။

" မျက်နှာကြီး အဲဒီ့လို မလုပ်ပါနဲ့ဟာ၊ နင်က မမေးရဘူးလို့လည်း ငါ့ကို မှာမထား၊ မပြောရဘူးလို့လည်း ကိုဟန်ပို ကို ပိတ်ထားတာမှ မဟုတ်တာ၊ လက်ရှိမှာ နင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း အနေနဲ့ နင့်အကြောင်း တွေမေးမိ၊ ပြောမိတာ နင် အပြစ် မယူသင့်ပါဘူး "
စိမ်းဝေ သက်ပြင်းချသည်။
" ဒါဆို နင် ငါနဲ့ ကိုကို မောင်နှမ အရင်းမဟုတ်ဘူးဆိုတာ သိပြီးပြီပေါ့ "
အာသာက ပြုံးသည်။
" လူကြီးတွေက လက်ထပ်ပေးချင်တာကို ကိုရဲဝင့်က နှမလေး လိုပဲ စောင့်ရှောက်ချင်တယ် လို့ ငြင်းတာ လည်း သိပြီးပါပြီ " တော်တော် ဆိုးတဲ့ ကိုဟန်ပို ပါလား။ စိမ်းဝေ မျက်မှောင်ကြုတ်၍ ငြိမ်သွားသည်ကို ကြည့်ရင်း အာသာ ဖွဖွ ရယ်သည်။

" ဒါလေး သိတာများဟာ၊ နင်နဲ့ငါ သူငယ်ချင်း အရင်းကြီးပါ။ ငါ့အတွက်တော့ အဲ့ဒါ ဘာမှ နင် လျှို့ဝှက်စရာ လို့ မထင်မိတဲ့ ကိစ္စပါ။ ပြီးတော့ နင့်လောက်လှပြီး ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ကို အစ်ကို အရင်းတစ်ယောက်လိုပဲ စောင့်ရှောက်ချင်တယ်လို့ ပြောတဲ့ ကိုရဲဝင့်ရဲ့ စိတ်ဓာတ် ကို ပိုပြီးတောင် လေးစား သွားသေးတယ်၊ ငါ အံ့သြတာက နှစ်ခုပဲ "
စိမ်းဝေက မျက်လုံးလှန်၍ ကြည့်သည်။
" ဘာနှစ်ခုလဲ "
" တစ်ခုက နင် ငါ့ကို အဲဒါ ဘာလို့ ပြောမပြချင်သလဲ ဆိုတာ "
စိမ်းဝေက မျက်စောင်းထိုးသည်။
" ကိုကိုနဲ့ငါ့ကို ဟိုလို ဒီလို ထင်တာမျိုးတွေ ပြောလာရင် နင်မှ မဟုတ်ဘူး။
ဘယ်သူငယ်ချင်းနဲ့မဆို မိတ်ပျက်မှာပဲ၊ အဲဒါကြောင့် မပြောပြတာ "
အာသာက ရယ်သည်။

" ပြောစရာလားဟာ၊ အခုလို သိရတော့ ပိုတောင် မပြောသေးတယ်၊ သူနင့်ကို နှမလေးအရင်းလိုပဲ ချစ်တာ သိပ်သေချာတယ် ဟ၊ သိလား "
စိမ်းဝေ မျက်လုံးပြူးပြသည်။
" ဘာဖြစ်လို့လဲ " " နင်နဲ့ ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပြီး နင့်ကို ချစ်မသွားစရာအကြောင်း အဲ့ဒီ့ တစ်ခုတည်း ပဲ ရှိတဲ့ဥစ္စာ " " အာသာ " " ဆောရီး ဆောရီး၊ နင် မေးလို့ ငါပြောရတာလေ " စိမ်းဝေ မျက်စောင်း ထိုးမိပြန်သည်။
" ပြော၊ နောက်တစ်ခု အံ့သြစရာဆိုတာ " အာသာ တွေဝေသွားသည်။

" ငါ မသေချာပါဘူး၊ ထင်တာပါ၊ ကိုရဲဝင့်က ငါ့ကို သိနေသလိုပဲ "
စိမ်းဝေ မင်သက်သွားသည်။ ပြီးမှ "မဖြစ်နိုင်တာဟာ" ဟု တိုးတိုးပြောသည်။
" အေးပါ။ ငါလည်း ထင်တာပါလို့ ပြောသားပဲ၊ ကဲ ငါ့ကို အဖြေပေးဦး "
" ဘာအဖြေလဲ "
" မန္တလေး လိုက်လည်ဖို့လေ "
စိမ်းဝေ နှုတ်ခမ်း စူပြသည်။
" ငါဘယ်နှခါ ပြောရမလဲ၊ ဒီမှာ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ သူငယ်ချင်းဖြစ်ရင် အဲသလို လိုက်မလည်ပါဘူးလို့၊ ပြီးတော့ ငါဒီမှာ ဖေဖေ၊ မေမေတို့နဲ့ ကြာကြာ နေချင်သေးတယ် " ရင်ထဲကတော့ ကိုကိုနဲ့ရောပဲဟု ပြောမိသည်။ အာသာကတော့ ရယ်၍ " ကဲကဲ၊ နောက် မပြောတော့ပါဘူး" ဟု ဆိုသည်။

ညဥ့်နက်နေပြီ။
ကိုကို ပြန်မလာသေး။ ပဲခူးအထိ သွားရမှာမို့ နောက်ကျမည်ဟုတော့ ပြောအသွားသား။ သို့သော် ညစာ စားလာမည်ဟု ပြောမထားသဖြင့် စိမ်းဝေ ညစာ မစားသေးဘဲ ရဲဝင့်ကို စောင့်နေသည်။ အပေါ်ထပ် ဧည့်ခန်းထဲမှာ ထိုင်၍ ယခုတလော သိပ်အောင်မြင်နေသည်ဟု ပြောသည့် အမျိုးသမီး အဆိုတော်အသစ် ၏ သီချင်းခွေကို ဖွင့်ကြည့်တော့လည်း စိမ်းဝေ ကြားဖူးပြီးသော မလေးရှား သီချင်းများ အလိုက် ဖြစ်နေ၍ ပြန်ပိတ်လိုက်သည်။
ဝရန်တာဘက် ထွက်မည် စိတ်ကူးပြီး နေရာမှအထ တယ်လီဖုန်းဘက်မှ "တီ" ခနဲ အသံရှည်ကြားရသည်။
တယ်လီဖုန်းက ဘာကြောင့် "တီ" သံမြည်ရတာတဲ့လဲ။
စိမ်းဝေ အံ့သြစွာဖြင့် တယ်လီဖုန်းဘက် သွားကြည့်တော့ စာရွက်တစ်ရွက်ထွက်လာနေသော စက် ကလေး ကို တွေ့ရသည်။ အလို ဖက်စ်ပါလား။

ဒါဆို မြန်မာပြည်မှာ ဖက်စ် ရနေပြီပေါ့။ ရရုံသာမက ရဲဝင့်ပင်လျှင် ကုမ္ပဏီအတွက် ဖက်စ် တပ် ဆင်နိုင်နေပြီ။ ကောင်းလိုက်တာ။ ဒါဆိုရင် ကျောင်းမဖွင့်ခင် ကျောင်းကို ဆက်သွယ်ချင်ရင် အိမ်ကနေ အသာ ဖက်စ် ထိုး လိုက်ရုံပေါ့။
အောက်က ရုံးခန်းမှာလည်း ကွန်ပျူတာနှစ်လုံး တွေ့ခဲ့သည်။ အာသာ ပြောသည့် ၀င်းဒိုးစနစ်လည်း ပါပြီး သား။ အဆင်သင့်လိုက်တာ။

စိမ်းဝေ စာရွက်ကလေးကို ကောက်ကိုင်ကြည့်သည်။ စင်ကာပူ ကုမ္ပဏီတစ်ခုမှ ဓာတ်လှေကား ဈေးပို့သော "အင်ဗွိုက်စ်"။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရောင်းထိုင်းနေသည် ဟုသာ ပြောသည်။ ကိုကို အလုပ်တော့ ပြတ်ဟန် မတူဟု တွေးရင်း တယ်လီဖုန်း အောက်က စားပွဲအံဆွဲ ကလေးကို ဖွင့်၍ စာရွက်ကို ထည့်မည်ပြု သည်။ အံဆွဲထဲက စာရွက်ပုံ အပေါ်ဆုံးမှ စာရွက်ထောင့်တွင် ပါသော Ref: Aurthur Khaing Oo ဆိုသည့် အင်္ဂလိပ်စာလုံးက စိမ်းဝေ မျက်စိကို ဖမ်းချုပ်လိုက်သည်။
ဘုရားရေ။

အာသာကို ကိုကို တကယ်ပဲ သိနေတာလား။
စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ်ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။
" အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။
အဲသည် အချိန်မှာပင် အိမ်အောက်က ကားဟွန်းသံကို ကြားရလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, May 28, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁ဝ)

"ဟန်ပိုက မျက်ရိပ်ပြသဖြင့် တစ်ခုခုတော့ ပြဿနာဖြစ်ပြီဟု မနှင်းဖွေးရိပ်မိလိုက်သည်။ ရဲဝံ့တို့ ကုလားထိုင် မှာ ထိုင်မိသည်အထိ စောင့်ပြီးမှ ရေတစ်ခွက် ရေခဲသေတ္တာထဲမှ ငှဲ့ယူပေးပြီး ရဲဝံ့ရှေ့တွင် ချပေး လိုက်သည်။ "ဘာဖြစ်လို့လဲ ကိုရဲဝံ့" ရဲဝံ့က နွမ်းလျစွာ ပြုံးသည်။
"နှင်း ဘဲ မေးမှ နဲ့ တူတယ်၊ နှင်းဆိုရင် ဘယ်လို ဆုံဖြတ်မလဲလို့" "ဘာကိုလဲ" ဟန်ပို က ဖြတ် ၀င်ပြော သည်။ "သူ့မိထွေး ကကွာ၊ ဆင်ဖြူကျွန်း က တူမနှစ်ယောက်ကို အလုပ် သွင်းပေးခိုင်းနေ တယ်၊ စာပေးစာယူနဲ့ ဘွဲ့ရပြီးသားတွေ ပါဘဲ၊ ငါကလည်း ရပါတယ်၊ ပေးပါလို့ ပြောတာ ဒီကောင်က သိပ်မကြိုက် ချင်ဘူး ဖြစ်နေတယ်"
ကို ဆက်ဖတ်ရန်....

မနှင်းဖွေးက ရဲဝံ့ကို လှည့်ကြည့်သည်။ "ကိုရဲဝံ့က မိန်းကလေးတွေကို သိလို့လား"
ရဲဝံ့က ခေါင်းခါသည်။ "တစ်ခါမှ မဆုံဖူးပါဘူး" "ဒါဆို ဘာကို မကြိုက်တာလဲ"ရဲဝံ့က ပခုံးတွန့်ပြသည်။

"အဒေါ် ယူထားတဲ့ ယောက်ျားဘက်က ပါလာတဲ့ လင်ပါသားကုမ္ပဏီမှာ အလွယ် ၀င်လုပ်ချင်တဲ့ စိတ်ဓာတ်ကို မကြိုက်တာ၊ ဒီအလုပ်ကို စိတ်ဝင်စားလို့၊ ကြိုးကြိုးစားစားလုပ်ပြချင်လို့လို့ ယုံဖို့ခက်တယ်၊ သူဌေး အမျိုးဆိုပြီး အလုပ်အချောင် လိုချင်တဲ့ လူစားမျိုးက အလုပ်ထဲ ကျရင်လည်း ငါက အမျိုးဘဲ ဆိုပြီး ဘော်ကြော့ နေတတ်တယ်၊ အဲဒါကို စိတ်ပူတာ" ဟန်ပိုက စုတ်သတ်သည်။
"မင်းကလည်းကွာ၊ မြင်တောင် မမြင်ဖူးသေးဘဲ ရမ်းသမ်း အမှတ်နုတ်နေတယ်၊ တကယ် အလုပ်ကြိုးကြိုး စားစား လုပ်ချင်တာ၊ အဆက်အသွယ်မရှိလို့လည်း အားကိုးရှာတာ ဖြစ်ချင်ဖြစ်မှာပေါ့"
ရဲဝံ့ခေါင်းခါ သည်။
"အဲသလိုဆိုရင် သူ့အဒေါ်နဲ့ငါ့ကို လာတွေ့ပြီး လျှောက်လွှာတင်ရမယ်၊ အကျိုးအကြောင်း လာပြောပြ ရမယ်လေ၊ အဝေးကနေ အဒေါ်နဲ့တစ်ဆင့် လှမ်းပြောတယ်ဆိုတဲ့ လူစားမျိုးက အလုပ်မှာ ခိုကပ်လို့ ငါဆူလိုက်ရင် လည်း အဒေါ် ပြေးတိုင်ကြမှာဘဲ၊ ဒါ တွက်လို့ရတယ်" မနှင်းဖွေး သက်မ ရှိုက်တင်မိသည်။

ရဲဝံ့ ပြတ်သားလွန်း၍ လူမှုဆက်ဆံရေး နယ်ပယ်မှာ လူချစ်လူခင်မများတာ သေချာသော်လည်း ရဲဝံ့၏ တွက်ချက်မှုတွေက လွဲခဲကြောင်းလည်း သတိရမိ၍ စိတ်ကျဉ်းကျပ်လာသည်။
ဟန်ပို လည်း သူ့လိုဘဲ တွေးဟန်တူသည်။ "ကဲပါလေ၊ မင်း သဘောမကျလည်း ငြင်းလိုက်ပြီး ဒီလျှောက်ထား တဲ့အထဲကဘဲ ရွေးပေါ့၊ မင်းက ငြင်းထည့်လိုက်ရမှာလည်း အားနာ မယ့် ကောင်စား မဟုတ်ပါဘူး၊ ငါ သိပါတယ်" ရဲဝံ့က သက်ပြင်းချသည်။
"အဲသလောက် လွယ်ရင် ငါ မင်းတို့တောင် တိုင်ပင်မနေဘူး၊ ငြင်းထည့်လိုက်ပြီးပြီ၊ အန်တီခင့် စကား တစ်ခွန်းကြောင့် ငါ ခက်နေတာ" "ဘာစကားလဲ" ရဲဝံ့မျက်နှာ တစ်မျိုး ဖြစ်သွားသည်။

"သမီးလေးတောင် မင်း ဒီလောက်လုပ်ပေးသေးတာဘဲ၊ ဒီကလေးမတွေက စိမ်းဝေနဲ့ တစ်ဝမ်းထဲ ကွဲတာနော်" တဲ့။ မနှင်းဖွေးနှင့် ဟန်ပို အာစေးမိသွားပါသည်။ တစ်ယောက်က အသက်အစိတ်ဆိုတော့ ရဲဝံ့ထက် အနည်းငယ်သာ ငယ်သည်။ ကလျာတဲ့။ အငယ်က ၂၁နှစ်။ စိမ်းဝေထက်  အနည်းငယ်သာ ကြီးသည်။ မူယာတဲ့။ သူတို့ချင်းလည်း တစ်ဝမ်းကွဲသာ တော်သည်။ ၀တ်စားထားတာတော့ ရိုးရိုးယဉ်ယဉ် ပါဘဲ။ ရဲဝံ့ကိုတော့ အစ်ကိုဟု ရင်းရင်းနှီးနှီး ခေါ်ကြသည်။ ဟန်ပိုကိုတော့ ကိုဟန်ပိုတဲ့။ မနှင်းဖွေး ကို လည်း နှင်းတဲ့။ အလုပ်အကြောင်းရှင်းပြတော့ သိပ်စိတ်ဝင်းစားဟန်မတူ။ ရယ်စ ရာတွေ ဖြတ်ဖြတ်ပြောနေ တာ များ သည်။ လေးလေးနက်နက်မရှိ။

ရဲဝံ့က သိပ်နှစ်သက်ဟန်မတူ။
"နှင်းဘဲ ဆက်ရှင်းလိုက်တော့လို့ ကွန်တိန်နာဆိပ်ကမ်းသွားလိုက်ဦးမယ်၊ ဟန်ပိုက ဒီမှာ စောင့်ပေးလိုက်၊ စူပါမားကက် အုပ်စု က လူတွေလာလိမ့်မယ်" မနှင်းဖွေး ခေါင်းညိတ်ပြတော့ ရဲဝံ့ ထွက်ခွာသွားသည်။
ဟန်ပို က မယောင်မလည်နှင့် နေရာမှ ထ၍ မီးဖိုဖက် ၀င်သွားသည်။ အရိပ်အကဲသိသော မနှင်းဖွေးက ခဏနော် ဟု လက်ပြ၍ ဟန်ပို့နောက် လိုက်သွားသည်။ ဟန်ပို က ဖန်ခွက်ထဲ ရေတစ်ခွက် ငှဲ့ထည့်၍ စိတ်အေးလက်အေးမော့သောက်နေသည်။ မနှင်းဖွေးက မေးငေါ့ပြတော့ ဟန်ပိုက ရယ်သည်။
" ထားလိုက်ပါဟာ၊ ငြင်းလို့ကောင်းတဲ့ လူတေါမှ မဟုတ်တာ၊ အလုပ်မနိုင်ရင် လူ ထပ်ခန့်ချင်ခန့်၊ ဒီလူ နှစ်ယောက် လစာ ဘာမှ မရှိပါဘူး၊ အန်တီခင့် မျက်နှာက ရှိသေးတယ် " " ကိုရဲဝင့် ကြောက် တာလည်း အဲဒီ အန်တီခင့်မျက်နှာ ၀င်ဝင်ပါနေမှာကိုပဲ " ဟန်ပိုက ခေါင်းခါသည်။

" ဒီ ကောင်မလေးတွေကသာ မသိတတ်ချင်နေရင် နေမယ်၊ အန်တီခင်ကတော့ သိတတ်ပါတယ်၊ ၀င်ပါမှာ မဟုတ်ပါဘူး၊ အလုပ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ပြန်ပို့ပေါ့၊ သူတို့လည်း စိမ်းဝေ အစ်မတွေပဲ၊ သိပ်တော့ ညံ့မယ် မထင်ပါဘူး၊ အနည်းဆုံး စိမ်းဝေ အစ်မနဲ့တူတာ တစ်ခုတော့ ရှိကြပါတယ် "
" ဘာလဲ " " ညိုချောလေးတွေလေ " မနှင်းဖွေးက မျက်စောင်းထိုး၍ နှာဘူးဟု အသံမထွက် ဘဲ ရေရွတ်တော့ ဟန်ပို က တဟားဟားရယ်သည်။

ရဲဝင့် (၁၀)

ရဲဝင့်က ကျေနပ်စွာပြုံး၍ ကြားလူကို လက်ဆွဲနှုတ်ဆက်သည်။
" ကျေးဇူးပဲဗျာ၊ ဒီလူတွေ အင်တင်တင်နဲ့၊ ခင်ဗျား ပြောတတ်လို့ အဆင်ချောသွားတာ "
ကြားလူက ရယ်သည်။
" ဒီအတိုင်းတော့ ဘယ်ရမလဲဗျ၊ တစ်ပွဲကျွေးရမှာပေါ့ "
" ရပါတယ်ဗျာ၊ ကြိုက်တဲ့ဆိုင်သာ ရွေး "
ကြားလူ က ဆိုင်နာမည် ရွတ်ပြသည်။ ရဲဝင့် မကြားဖူးသော ဆိုင်နာမည်ပါ။ ဟန်ပို့ကို လှည့်ကြည့်တော့ ဟန်ပို ကလည်း ပခုံးတွန့်ပြသည်။
" ကဲ သွားလေ "
ပထမတော့ ယမကာ ၀ါသနာပါ၍ အဲသည့်ဆိုင်ကို ရွေးကြသည်ဟု ပထမ သူ ထင်လိုက်မိသည်။

သူတို့အဖွဲ့က သုံးယောက်၊ ရဲဝင့်နှင့် ဟန်ပိုပါဆိုလျှင် ငါးယောက်။ မီးမှောင်မှောင် အခန်းကျဉ်း ကလေး ထဲရှိ ဆိုဖာခုံများတွင် ၀င်ထိုင်၍ စားစရာသောက်စရာများ မှာပြီးသောအခါ ဘောင်းဘီ အတို၊ အရှည် မျိုးစုံ ခပ်ကျပ်ကျပ်နှင့် လည်တော်တော် ဟိုက်ဟိုက်၊ တီရှပ် ကျပ်ကျပ်ကလေးများ ၀တ်ဆင်သော အသက်နှစ်ဆယ် ခန့် အရွယ် မိန်းကလေးငါးယောက်အခန်းထဲ ၀င်လာကြပြီး သူတို့ ကြားတွေထဲမှာ ၀င်ထိုင် လိုက်ကြသည်။
" ကြားလူ " က အနီးဆုံး မိန်းကလေး၏ ခါးကိုပင် ဖက်လိုက်သေးသည်။
ရဲဝင့် မျက်မှောင်ကြုတ်သည်။
" ဘာလဲ သူတို့က "
ကြားလူက ရယ်သည်။
" ဆရာ ရဲဝင့်အကြောင်း ကျွန်တော်တို့ သိပါတယ်ဗျာ၊ အရက်လည်း မသောက်၊ လောင်းကစားလည်း မလုပ်၊ မိန်းမလည်း မပွေတဲ့ ရှားပါး လူပျိုကြီးဆိုတာ၊ ဒီကလေးမကလေးတွေက အမြည်း ထည့်ပေးရုံပါ "
ဟန်ပို က မျက်ရိပ်ပြသည်။ ရဲဝင့်က သက်ပြင်းချသည်။

" အေးပါ ဗျာ၊ လုပ်ကြပါ၊ ကျွန်တော့် အတွက်တော့ မလိုဘူးဗျ၊ ကျွန်တော်က အရက်လည်း မသောက် တတ်ဘူး၊ ညီမ ဟိုနားမှာပဲ နေပေးနော်၊ ညီမ အတွက်လည်း ဘောက်ဆူး သတ်သတ်ပေးမယ် ဟုတ်လား "
ရဲဝင့်ဘေး က မိန်းကလေးက ရတယ်လေဟု ခပ်မဲ့မဲ့ပြုံးပြ၍ မျက်စောင်းတစ်ချက်ထိုးပြီး ထသွားသည်။

" လူမှုရေးဆိုတာ ရှိတယ်ဟ " ဟန်ပိုက အပြန်လမ်းမှာ ကားမောင်းရင်း ပြောတော့ ရဲဝင့်က ပခုံး တွန့်ပြသည်။ " ငါက အရက်လိုက်သောက်ပြီး ကောင်မလေးတွေ ဖက်လား ယမ်းလား လုပ်မှ ကျေပွန် မယ့် လူမှုရေး ဆိုရင်တော့ မကျေပွန်လည်း နေကွာ "
ဟန်ပိုက ခေါင်းခါသည်။
" ယောက်ျား ၉၀ ရာခိုင်နှုန်းက အဲဒါတွေ ၀ါသနာ ပါတယ်ဟ၊ တို့ လုပ်ငန်းက ယောက်ျားကြီးတွေ အများကြီး နဲ့ လုပ်နေတာ၊ သူတို့ ၀ါသနာပါတဲ့ ကိစ္စကို မဲ့ပြရွဲ့ပြလို့တော့ မိတ်ပျက်မှာပေါ့ "
" မမဲ့ပြ၊ မရွဲ့ပြပါဘူး၊ ငါ မလုပ်တာ သက်သက်ပါ၊ ၉၀ ရာခိုင်နှုန်း က လုပ်လည်း မကောင်းမှုက မကောင်းမှု ပဲ၊ ကောင်းမှု ဖြစ်မလာဘူး၊ တို့ရုံ ထိရုံလည်း မကောင်းမှုက မကောင်းမှု ပဲ၊ ကောင်းမှု ဖြစ်မလာဘူး၊ တစ်ကျိုက် သောက်လည်း မကောင်းမှုက မကောင်း မှုပဲ၊ ကောင်းမှု ဖြစ် မလာဘူး၊ ဘုရားဟော ထဲမှာ အဲဒီအတွက် အတိ အကျပါတယ် "

" ဘာလဲ "
" မကောင်းမှု ဆိုတာကို တဲ့၊ အနည်းငယ်မျှသာပဲ ဆိုပြီး မထီမဲ့မြင် မပြုရာတဲ့၊ တစ်စက်တစ်စက် ကျတဲ့ ရေနဲ့ စဥ့်အိုးဟာ ပြည့်ရသလို၊ မကောင်းမှုမှာ စမွေ့လျော်တာနဲ့ တဖြည်းဖြည်း တိုးပွားလာတတ်သတဲ့၊ ၉၀ ရာခိုင်နှုန်းသော ယောက်ျားကြီးတွေ ၀ါသနာပါတဲ့ ကိစ္စဆိုရင် အဲဒီ လူတွေနဲ့ ယှဉ်တွဲ လှုပ်ရှားနေ ရတဲ့ တို့က ပိုသတိထား ရှောင်သင့်သေးတယ် သိလား "
ဟန်ပို တွေဝေ တိတ်ဆိတ်သွားသည်။

စိမ်းဝေ (၉)

တိုက်ခန်း လူခေါ် ခေါင်းလောင်းကို တီးမြည်ဟု ကြံလိုက်ရုံ ရှိသေးသည်။ တံခါးက ပွင့်၍ အာသာခိုင်ဦး ထွက် လာသဖြင့် စိမ်းဝေ အံ့သြသွားသည်။
" နင် ဘယ်လိုလုပ် …. "
" ငါက မျှော်နေတာလေ၊ တံခါးမှန်မှာ လူရိပ်တွေ့တာနဲ့ ပြေးလာတာ၊ ကဲလာ "
စိမ်းဝေ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကျဉ်းမြောင်းသော လူသွားစင်္ကြ့လေးနှင့် အပေါ်ထပ်သို့ တက်သော လှေကားတို့ အပြိုင် စောင့်နေကြသည်။ " ပရိုဂျက်တာက အပေါ်ထပ်မှာဟ " စိမ်းဝေ မျက်မှောင်ကြုတ်သည်။ " အပေါ်ထပ်က နင့်အိပ်ခန်း မဟုတ်ဘူးလား " အာသာက ဟက်ဟက်ပက်ပက် ရယ်သည်။

" ဒီတစ်အိမ်လုံးက ငါ့အိပ်ခန်းပဲ၊ ငါအိပ်ချင်တဲ့ နေရာမှာ အိပ်တာ၊ အပေါ်မှာ နှစ်ခန်း၊ နင် ဆလိုက်တွေ လာ ကြည့်ချင်တယ် ပြောတော့ ငါ တစ်ခန်းကို ရှင်းထားတယ်၊ အောက်က အခန်းက ဟိုဂျပန်မ မငှားတော့ ကတည်းက ပိတ်ထားတာ၊ လာပါဟာ နင်နဲ့ ငါနဲ့ သူငယ်ချင်းဖြစ်တာ စာသင်နှစ် တစ်ပိုင်းတောင် ကုန်တော့ မယ်၊ နင် ငါ့ကို မယုံသေးဘူးလား " စိမ်းဝေ သက်ပြင်းချ၍ အားတုံ့ အားနာ ရယ်လိုက်သည်။ ဟုတ်ပါရဲ့။ အာသာသည် ယူကေ နိုင်ငံပေါက် တစ်ဦးပီပီ အနောက်ဆန်လွန်းသော ဗီဇ အကျင့်များ ရှိနေတာ ထင်ရှားပေမယ့် သူ့ကိုတော့ မြန်မာမိန်းကလေး တစ်ဦးကို ပေးသင့်သော ငဲ့ကွက် မှု၊ စောင့်စည်းမှု များနှင့် တည်ကြည်စွာ ခင်မင် ကူညီနေခဲ့သည်မှာ ထင်ရှားလှသည်။

အာသာခေါ်သည့် အပေးထပ်သို့ ကော်ဇောထူ ခင်းထားသော လှေကားထစ်များအတိုင်း လျှောက်၍ တက်ခဲ့ သည်။
" လာ ဒီအခန်း ကိုဝင်၊ ဟိုမှာ ပရိုဂျက်တာ အဆင်သင့်ပဲ၊ ပိတ်ကားကတော့ ဟိုမှာ ချိတ်ထားတဲ့ ငါ့အိပ်ရာ ခင်းပေါ့ဟာ၊ ငါ အောက်မှာ ကော်ဖီနှပ်ထားတယ်၊ သွားယူလိုက်ဦးမယ် "
ကျဉ်းမြောင်းသော လှေကားမှာ သူ့ကို ရှောင်၍ ဆင်းသွားသော အာသာကို ကြည့်ရင်း စိမ်းဝေ ဆလိုက် ထုပ် ကို ထုတ်ယူသည်။

အခန်း တစ်ခန်းလုံးမှာ နှစ်ယောက်ထိုင် ဆိုဖာတစ်ခုံသာ ချထား၍ စိမ်းဝေ အဲသည်မှာပင် ထိုင်ရသည်။ အာသာ က ဂရောင်းကော်ဖီ၊ ကျိုထားသော အိုးကလေး၊ သကြားဖန်ဘူး၊ နွားနို့စက္ကူဘူး၊ မတ်ခွက်နှစ်ခွက် ကို တင်ထားသော လင်ပန်းကလေးကို ဆိုဖာရှေ့က စားပွဲငယ်ကလေးပေါ်ချ၍ ဆိုဖာတစ်ဖက်ခြမ်းမှာ ၀င်ထိုင် သည်။ " နင် တခြား လုပ်ချင်တာရှိရင် သွားပါ၊ အင်ဂျင်နီယာလောင်းက ပန်းချီကားတွေ ကြည့်ရတာ ဘယ်စိတ် ၀င်စား မလဲ " အာသာ က ဘာမှ မဖြေဘဲ ဆလိုက်ထုပ်ပေါ်မှ နာမည်ကို ဖတ်ကြည့် သည်။

" Works of Edgar Degas " (အက်ဂါဒီဂါးစ်၏ ပန်းချီများ)  " တစ်ထုပ်လုံး ဒီဂါးစ် ချည်းပဲလား " စိမ်းဝေ မျက်ခုံးပင့်သွားသည်။ " နင် ဒီဂါးစ်ကို သိသလား "  အာသာက ခေါင်းညိတ်ပြသည်။ " ပြင်သစ် ပန်းချီဆရာ မဟုတ်လား၊ အင်ပရက်ရှင်းနစ်စ်လေ " စိမ်းဝေ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

" ဟုတ်တယ်၊ တော်တော်များများကတော့ သူ့ကို မိုနက်တို့၊ ရေနွားတို့လိုပဲ အင်ပရက်ရှင်းနစ်လို့ လက်ခံ ထားကြတယ်၊ သူကလည်း အဲဒီလတွေနဲ့ ပြပွဲ၈ပွဲမှာ ၇ပွဲပြဖူးတယ်၊ ဒါပေမဲ့ သူ ကတော့သူ့ဟန်သက်သက်ပဲ၊ ဂျပန်ဟန်ပန်တချို့ ထွက်နေတယ်လည်း ပြောကြတယ်၊ သူက သူမျူား ဆွဲ နေကျ ရှုထောင့်က မလွဲဘူး၊ အပေါ်ကတို့၊ တစောင်းတို့၊ သူ ယူချင်တဲ့ ပုံစံ ယူဆွဲတာ၊ စားပွဲတို့၊ ဗီရိုတို့ ဆိုရင် လည်း အစွန်းတွေ၊ အပြတ်တွေနဲ့ဓာတ်ပုံ ရိုက်သလို ပါလာတတ်တာ၊ သူ နာမည်ကြီးခဲ့တဲ့ ၁၈၇၀ ကျော် နှစ်တွေမှာ ဓာတ်ပုံက အဲသလောက် မထွန်းကားသေးတော့ ဓာတ်ပုံပညာရဲ့ သဘောတွေ ကို သူ့ပန်းချီတွေမှာ တွေ့ရတတ်တယ် လို့လည်း ပြောတယ်၊ နေပါဦး၊ နင်က ဒါတွေ ဘယ်လိုလုပ် သိနေတာလဲ " အာသာက ပခုံးတွန့်ပြသည်။

" သိပ် အသိကြီးတော့လည်း မဟုတ်ပါဘူး၊ ဒီလိုပဲ ကိုယ် အခင်ချင်ဆုံး မိန်းကလေးက အတ်စ်ခရက်တစ် ဖြစ်ချင်တယ် ဆိုတော့ ငါလည်း စကားပြောလို့ ရအောင် နည်းနည်းတော့ လေ့လာ ရတာပေါ့၊ မြန်မာ ကလေးတွေ ပေါင်းရတာ လွယ်တာ မှတ်လို့ "
စိမ်းဝေ က မျက်စောင်းထိုး၍ အရူးဟု တိုးတိုးပြောသည်။
ကိုကို က လွဲလျှင် တခြား ယောက်ျားကလေး တစ်ဦး၏ အရေးစိုက်မှုကို စိတ်ထဲက ကြည်နူးသလို ဖြစ်မိ သည်ကတော့ ဒါ ပထမဦးဆုံးပဲဟု ထင်သည်။

Dance Class (အကသင်တန်း) ပန်းချီကားထဲတွင် ဘဲလေး ကချေသည်များ အလယ်တွင် ထူးထူး ဆန်းဆန်း ထည့်ဆွဲထားသော သင်တန်းဆရာ အဘိုးအို ဂျူးလ်စ်ပါရော့၏ ပုံကို တအံ့တသြ ငေးမော ကြည့်နေရင်းက နောက်မှ တံခါးဖွင့်သံ ကြား၍ လှည့်ကြည့်လိုက်တော့ ဆင်းဒ၀စ်ခ်ျ ဘူးနှစ်ဘူး ကိုင်၍ ၀င်လာသော အာသာ ကို တွေ့ရသည်။
" နင် ဆာနေမှာ စိုးလို့၊ ငါလညး ဘာမှ မချက်တတ်တာနဲ့ မျက်စောင်းထိုးဆိုင်က ဆင်းဒ၀စ်ခ်ျ သွားဝယ် လာတာ၊ ကျူနာဆင်းဒ၀စ်ခ်ျ စားတယ်မဟုတ်လား " စိမ်းဝေက ပြုံး၍ ခေါင်းညိတ်ပြရင်း လက်ထဲက ပရိုဂျက်တာရီမုတ်ခလုတ် ကို တစ်ချက် နှိပ်လိုက်သည်။

" နင် ပြောတော့ ဒီဂါးစ်က စားပွဲတွေ၊ ဗီရိုတွေကို တစ်ဝက်ပြတ်ကြီးတွေ ထည့်ဆွဲတတ်တယ်ဆို၊ ဒီမှာ လူပုံပါ ရှေ့တစ်ခြမ်းပြတ်နေပါလား " စိမ်းဝေက ဆင်းဒ၀စ်ခ်ျ တစ်ကိုက် ကိုက်နေရင်းက သီးမတတ် ရယ်သည်။ " ထိုင်နေတဲ့ လူကြီးက မင်နက် တဲ့၊ နင် မင်နက်ကိုရော သိသလား " အာသာ ခေါင်းညိတ်ပြ သည်။ " အင်ပရက်ရှင်းနစ်စ်ပဲလေ၊ ဒီဂါးစ်ရဲ့ ပြိုင်ဘက်ပေါ့၊ ဘာလဲ ဒီကားက မင်နက်ရဲ့ လက်ရာလား "
စိမ်းဝေ က ခေါင်းခါသည်။

" ဒီဂါးစ်ပဲ ဆွဲတာပါ၊ ရှေ့က စန္ဒရားတီးနေတဲ့ မိန်းမက "
" နေပါဦး ဘယ်မှာလဲ စန္ဒရား " " မပါဘူးလေ ပြတ်နေတာ အဲဒါ မင်နက်ရဲ့ မိန်းမ၊ ဒီဂါးစ်ဆွဲထားတဲ့ သူတို့ ပုံတူ ထဲက သူ့မိန်းမပုံ လက်ရာကို မကြိုက်လို့ဆိုပြီး မင်နက်က ဖြဲပစ်လိုက်တာ၊ ဒီဂါးစ်က တမင်ဖြတ်ဆွဲ တာ မဟုတ်ဘူး " အာသာက ရယ်သည်။ " ရှေးတုန်းက ပန်းချီဆရာကြီးတွေလည်း ကလေးစိတ် မကုန်သေးပဲကိုး၊ ဒါပေမဲ့ ဒီပန်းချီကားကိုတော့ ဆက်ထိန်းသိမ်းထားကြတယ်ပေါ့ "
" တန်ဖိုးကြီးပေါ့ဟာ၊ ဒီမှာ မရှိဘူး၊ ဒါ ဂျပန်က ပြတိုက်တစ်ခုမှာဘဲ ရှိတာ၊ နို့နင်က နင့်စာတွေလည်း ကျက်နေရတာ၊ ဒါတွေ ဘယ်အချိန် သွားလေ့လာနေလဲ "

" ပန်းချီ ပညာရှင်မလေးတစ်ယောက်အကြောင်း စဉ်းစားမိတဲ့ အချိန်တွေပေါ့ဟာ "
အာသာ  မချိုမချဉ်ပြောတော့၊ စိမ်းဝေက မျက်စောင်းထိုး၍ အရူးဟုဒုတိယမ္ပိပြောပြန်သည်။
အာသာက တဟားဟား ရယ်သည်။ ပြီးတော့မှ " နင် နည်းနည်း စောင့်လိုက်ရင် ဒီ ပန်းချီတွေ အားလုံး ကွန်ပျူတာမှာ ကြည့်လို့ရတဲ့ ဆော့ဖ်ကော်ပီတွေ ထွက်လာမှာပဲ " စိမ်းဝေ မျက်လုံးပြူးသွားသည်။

" ကွန်ပျူတာမှာ ပန်းချီ ကြည့်လို့ရတယ် ဟုတ်လား "
" ၀င်းဒိုး မပေါ်ခင်ကတော့ ဘယ်ရမလဲဟ၊ အခု ၀င်းဒိုး ပေါ်လာတော့ ဒီဆလိုက် ပရိုဂျက်တာတွေ မကြာခင် ခေတ်တုံးတော့မယ် ထင်တယ်၊ မောက်စ်ကလေး တစ်ချက်နှိပ်ရင်ကြိုက်တာ ခေါ်ကြည့်လို့ရတဲ့ ခေတ် ရောက်တော့မှာ၊ နင့် အစ်ကိုကို ကွန်ပျူတာ ၀ယ်ပေးဖို့သာ ပူဆာ " ကိုကို။ ကိုကို့အကြောင်း စဉ်းစားမိသည်နှင့် သူ့ဘေးမှာ ထိုင်နေသော အာသာ ရေငွေ့များလို လွင့်ပါး ပျောက်ကွယ် သွားသည်။

မနှင်းဖွေး (၉)

ထုံးစံအတိုင်း ရဲဝင့်ကို အလုပ်စားပွဲပေါ်မှာ မှောက်လျက် အိပ်ပျော်နေသည်ကို တွေ့ရသဖြင့် မနှင်းဖွေး အသံ တတ်နိုင်သရွေ့ မမြည်အောင် ပတ်လျှောက်ပြီး မီးဖိုခန်းဘက်သို့ ၀င်သွား၍ ရေနွေးကျိုသည်။
ကော်ဖီ ဖျော်နေတုန်းမှာ ရဲဝင့် မျက်နှာသစ်သံကို ကြားရသည်။ မနှင်းဖွေးက သူဝယ်လာသော မုန့်ဟင်းခါးကို ပန်းကန်လုံး တစ်ခုထဲ ထည့်နေချိန်တွင်တော့ ရဲဝင့် မျက်နှာသုတ်ပ၀ါ အသေးကလေးတစ် ထည် ပခုံးမှာ တင်လျက်သားလာထိုင်သည်။
" ညဥ့်နက်အောင် အလုပ်လုပ်တာ ဘယ်နှည ရှိနေပြီလဲ၊ ဟိုတလောကတင် ခေါင်းက အကြီးအကျယ် ကိုက်ထားသေးတာ၊ နားဦးမှာပေါ့ " ရဲဝင့်က ရယ်ကျဲကျဲနှင့် ကော်ဖီပန်းကန်ကို ဆွဲယူသောက်သည်။
" ကိုရဲဝင့် ဘာလို့ ဒီလောက် ကြိုးစားနေတာလဲ ဟင် " မနှင်းဖွေးက မေးရင်း ၀င်ထိုင်ပြီး သူ့အတွက် ကော်ဖီတစ်ခွက် ဖျော်သည်။ ရဲဝင့်က ခဏ စဉ်းစားနေပြီးမှ ဖြည်းဖြည်းဖြေသည်။

" အမှန်အတိုင်း အတိုချုပ် တိတိကျကျ ဖြေရရင် " " အင်း " " မေ့သွားပြီလို့ ဖြေရမှာပဲ " " ဟာ ကိုရဲဝင့် "
ရဲဝင့်က ရယ်သည်။

" ဟုတ်တယ်၊ မပြည့်စုံတဲ့ ဘ၀က လာလို့ ပြည့်စုံချင်လို့၊ မကြောင့်မကြ နေချင်လို့ ကြိုးစားခဲ့တာတော့ အမှန်ပဲ၊ အခု သိပ်ကြီးမဟုတ်တောင် ကိုယ့်အထွာနဲ့ ကိုယ်တော့ ပြည့်စုံနေပြီ၊ ဖေဖေနဲ့ အန်တီခင်ကိုလည်း အလုပ်က နားပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်အောင် ထောက်ပံ့နိုင်ပြီ၊ စိမ်းဝေကို လည်း နိုင်ငံခြားမှာ ကျောင်းထားနိုင်ပြီ၊ အိမ်ပိုင်၊ ကားပိုင်ရုံလောက် အဆင့်လည်း ကျော်ခဲ့ပြီ၊ ဒါပေမဲ့ နှင်းလည်း တို့တွေနဲ့အတူ ရုန်းကန်ခဲ့တာ သိမှာပဲ၊ ဒီလို ကြိုးစားရင်းက ပြည့်စုံလာတာ ငွေကြေး၊ ပစ္စည်းဥစ္စာတစ်ခုတည်းမှ မဟုတ်တာ၊ အတွေ့အကြုံတွေ၊ လုပ်ငန်းကျွမ်းကျင်မှုတွေ ရှေ့ကို တွက်တတ်တဲ့ အမြင်တွေ၊ ဒါတွေ စုမိလာတော့ ကိုယ် လုပ်တာ လေးတွေက အကောင်အထည်ပေါ်တာ များများလာတယ်၊ မှန်းတာလေးတွေက မှန်မှန်လာတယ်၊ ကိုယ်တိုင် ၀င်လုပ်တာနဲ့ သူများ လုပ်ပေးတာ ထိုင်ကြီးကြပ်ရတာနဲ့ ရလာဒ်လေးတွေ ကွာမှန်း သိသိလာတယ်၊ အဲဒါကို သိနေလျက်က ကိုယ်တိုင် ၀င်မလုပ်ဘဲ နေနိုင်ဖို့ဆိုတာ ခက်လာရော၊ အစက ကိုယ်က အလုပ်ကို လေ့လာရတာ၊ နောက်တော့ အလုပ်ကို ကိုယ်က ဇက်ကြိုးဆွဲတတ်သွားတယ်၊ ခုတော့ အလုပ်က ကိုယ့် ကို ပြန်ဇက်ဆွဲ သွားပြီ ပြောရတော့မှာပဲ၊ ထွက်ပြေးလည်း မလွတ်တော့ဘူး " မနှင်းဖွေး သက်ပြင်းချသည်။

ရဲဝင့်ပြောတာ မှန်ပါသည်။ ကုမ္ပဏီ အောင်မြင်သည်နှင့်အမျှ မနှင်းဖွေးကိုပါ စာရင်းကိုင် အဆင့်မှ တဖြည်း ဖြည်းတိုးပေးခဲ့ရာ ယခုဆိုလျှင် အစုဝင် အဆင့်ရောက်နေပြီ။ ကိုဟန်ပိုလည်း အိမ်ပိုင်၊ ကားပိုင်ခွဲနေ နေပြီ။ မနှင်းဖွေးလည်း ညီမလေး တစ်ယောက်ခေါ်၍ တိုက်ခန်းတစ်ခန်း ၀ယ်၍ နေနေပြီ။

ကုမ္ပဏီမှာလည်း ၀န်ထမ်းများလာပြီ။ ၀န်ထမ်းတွေ၏ ဘ၀က ဒီကုမ္ပဏီ၏ အောင်မြင်မှု အပေါ်မှာ တည်နေ သည်။ ဒီကုမ္ပဏီ၏ အောင်မြင်မှုက ရဲဝင့် ဘယ်လောက် အလုပ် လုပ်သည်ဆိုသည့် အပေါ်မှာ တည်နေ သည်။ ဒါကို ရဲဝင့်က သိနေသည်။ သိနေလျက်က ကြိုးစားမှု လျှော့ဖို့ဆိုတာ ရဲဝင့်လို လူအတွက် မလွယ်လှ ပါ။ " ကိုယ့် ကျန်းမာရေးတော့ ဂရုစိုက်မှပေါ့ ကိုရဲဝင့်ရယ်၊ ခုတလော ခေါင်းတွေလည်း ကိုက်ကိုက်နေတာ၊ မနားတာလည်း ကြာလှပြီ၊ ခရီးလေးဘာလေး ထွက်ပါလား " ရဲဝင့်က ရယ်သည်။ " ခရီးက အလုပ်နဲ့လည်း ထွက်နေတာပဲ၊ ဘာထူးဆန်းလို့လဲ "
ခဏ တွေဝေ စဉ်းစားနေသည်။ ပြီးတော့မှ " ပြင်ဦးလွင် သွားရရင်တော့ ကောင်းမလားပဲ "
မနှင်းဖွေး မျက်လုံးပြူးသွားသည်။

" ပြင်ဦးလွင်မှာ ဘာရှိလို့လဲ "
ရဲဝင့်က ရယ်သည်။
" ဘာရှိရမလဲ နှင်း မိဘတွေ ရှိတာပေါ့၊ တို့က အလုပ် ဆက်လုပ်နေ ပြီး နှင်း ကို ပြန်နားဦး လို့ ပြောရင် ပြန်မှာမှ မဟုတ်တာ၊ အဲဒီတော့ နှင်းပါ ခေါ်ပြီး သွားရ ကောင်းမလားလို့ "
မနှင်းဖွေး ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။ ဟုတ်ပါ့၊ အိမ်မပြန်တာ ကြာ၍ ပါပါနှင့် မာမာကလည်း မေးလှပြီ။

" ကောင်းသားပဲ ဘယ်တော့လောက် သွားမလဲ " " ရှေ့ အပတ်ထဲ သွားမယ်လေ၊ ဟန်ပိုကြီး ထားခဲ့ တာပေါ့ " " ထားပေါ့ကွာ၊ ထားခဲ့ပေါ့၊ တစ်ပတ်လောက် ထားခဲ့လို့ကတော့ ဟန်ပိုတို့ မိန်းမ ယူပြီးသားသာ မှတ် " အသံဝါကြီးနှင့် ပြောပြောဆိုဆို ဟန်ပို ၀င်လာသည်။ ရဲဝင့်က ရယ်သည်။
" ပူမနေနဲ့ နှင်း၊ တစ်ပတ် မပြောနဲ့၊ တစ်လ ထားတာတောင် ဒီကောင့်ယူမည့်သူ မတွေ့စေရဘူး "
ဟန်ပိုက အသံမထွက်ဘဲ ဆဲလေသည်။

ရုက္ခဗေဒ ဥယျာဉ်ထဲတွင် နှင်းမှုန်မှုန် ကျနေသည်ကို ငေးကြည့်ရင်းက မနှင်းဖွေး ၀တ်ထားသော ဆွယ်တာ ရင်ကြယ်သီးတို့ကို စေ့လိုက်သည်။ ပြီးတော့ ခုံတန်းကလေးတွင် ထိုင် ၍ ရေကန်ဘက်ကို ငေးကြည့်နေသော ရဲဝင့်ကို လှည့်ကြည့်သည်။ ရဲဝင့်က မနှင်းဖွေး ဘက် သို့ ပြန်လှည့်ကြည့်၍ ပြုံးပြသည်။
" နှင်း စိတ်ချမ်းသာတယ် မဟုတ်လား "
မျှော်လင့် မထားသော မေးခွန်းမို့ ကြောင်တက်တက်နှင့် မနှင်းဖွေး ခေါင်းညိတ်ပြမိသည်။ ပြီးမှ ပြန်မေးမိ သည်။
" နှင်း ကို စိတ်ချမ်းသာစေချင်လို့ ဆိုပြီး အလုပ်တွေကို ထားခဲ့တာပေါ့လေ ဟုတ်လား "
ရဲဝင့် က တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်ပြသည်။

" အလုပ်ဆိုတာ အောင်မြင်ချင်လို့ လုပ်တာပဲ၊ အောင်မြင်တဲ့ဘ၀ဆိုတာကလည်း ကိုယ်ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ဘ၀ကို ခေါ်တာလေ၊ အလုပ်တွေ ကြိုးစားလုပ်ပြီးမှ ကိုယ့်ဘေးက ကိုယ် ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် မထားနိုင်ရင် အစကတည်းက ဘာလို့ ကြိုးစားနေမှာလဲ "
ကိုယ်ချစ်တဲ့သူဆိုသည့် စကားကြောင့် မနှင်းဖွေး မျက်နှာကလေးနွေးခနဲ ဖြစ်သွားသည်။ နှင်းက ကိုရဲဝင့် ချစ်တဲ့ သူတွေထဲမျာ ပါတယ်ဆိုတော့ ဂုဏ်ယူရမှာပေါ့နော်ဟု ရယ်သွမ်းသွေးလိုက်သည်။
ရဲဝင့် က ရယ်သည်။

" နှင်းက တို့ကို အလုပ်တွေအကြောင်းပဲ သိတဲ့လူလို့ ထင်နေတာ မဟ်ုတ်လား အမှန်က တို့ တော်တော် ချစ်တတ်ပါတယ်၊ ဖေဖေ့ကိုလည်း ချစ်တယ်၊ စိမ်းဝေကိုလည်း ချစ်တယ်၊ ဟန်ပိုကြီးလည်း ချစ်တာပဲ၊ အန်တီခင် ကိုတောင် နည်းနည်းတော့ ချစ်သေးတယ်၊ သူ့တူမ နှစ်ယောက်ပဲ မချစ်တာ "
မနှင်းဖွေးက လိုက်ရယ်သည်။ ပြီးတော့ ဆက်မေးသင့် မမေးသင့် စဉ်းစားနေသည်။ အဲဒါကို ရဲဝင့်က ရိပ်မိ သွားသည်။
" နှင်း၊ ဘာလဲ ပြောလေ "
" ဟိုဟာလေ စိမ်းဝေ အကြောင်းမေးမလို့ "
ရဲဝင့်က ဆွေးဆွေးမြည့်မြည့်ဟန်ဖြင့် ပြုံးသည်။
" မေးပါ နှင်းရဲ့၊ စိမ်းဝေ က တို့အားလုံးရဲ့ ညီမပဲဟာ "
မနှင်းဖွေး သက်ပြင်းချသည်။
" ကိုရဲဝင့်က စိမ်းဝေကို ဒီလောက် ချစ်တာ၊ ဘာလို့ လက်မထပ်ချင်ရတာလဲ "
ရဲဝင့်က အဲဒီမေးခွန်းကို မျှော်လင့်ထားပြီး ဖြစ်ဟန်နှင့် ပြုံးသည်။

" စောစောကစကားပဲ ပြန်ကောက် ရမှာပဲ၊ ဘ၀မှာ အောင်မြင်ချင်တယ်ဆိုတာ ဘာကို ခေါ်တာလဲ ဆိုတာလေ၊ ချစ်တဲ့သူကို စိတ်ချမ်းသာစေချင်တာ ချစ်တဲ့သူကို စိတ်ချမ်းသာအောင် ထားနိုင်ရင် ကိုယ်လည်း စိတ်ချမ်းသာတယ်။
အဲဒီ အချိန်မှာ ဘ၀ကို အောင်နိုင်တဲ့ အရသာမျိုး ခံစားရတယ်၊ စိမ်းဝေကို တို့ချစ်တယ်ဆိုတာလည်း စိတ်ချမ်းသာစေချင်တာ၊ လက်မထပ်ချင်တာက တို့နဲ့ လက်ထပ်ဖို့ အခု သူ ဆုံးဖြတ်လိုက်ရင် ရေရှည်မှာ သူ စိတ်ချမ်းသာလိမ့်မယ်လို့ မသေချာလို့၊ ကိုယ်ချစ်တဲ့ သူတစ်ယောက် ကိုယ့်ဆုံးဖြတ်ချက် တစ်ခုကြောင့် ဘ၀မှာ စိတ်မချမ်းမသာ ဖြစ်ရတာလောက် ကြီးမားတဲ့ ဆုံးရှုံးမှု ဘယ်ရှိနိုင်မှာတဲ့လဲ၊ တို့ အဲဒီ ဆုံးရှုံးမှုကို မခံနိုင်ဘူး "
မနှင်းဖွေး မကျေနပ်နိုင်သေးပါ။

" စိမ်းဝေက မငြင်းဘူးဆို၊ စိမ်းဝေလည်း ကိုရဲဝင့်ကို ချစ်မှာပဲ၊ သေချာတယ်၊ ဒါဆို ကိုရဲဝင့် ငြင်းလိုက် တာက စိမ်းဝေကို စိတ်ချမ်းသာအောင် လုပ်တာ ဖြစ်နိုင်ပါ့မလား " ရဲဝင့် ခေါင်းခါသည်။
" ၁၉ နှစ်က သိပ်ငယ်လွန်းသေးတယ်၊ တွေဝေနေတုန်း အရွယ်၊ ကိုယ့်ခံစားချက်ကို ကိုယ် တိတိပပ နားလည်နိုင်သေး တဲ့ အရွယ် မဟုတ်ဘူး၊ ၁၉ နှစ်သမီး စိမ်းဝေရဲ့ ဆုံးဖြတ်ချက်ကို အသက်အစိတ် အရွယ် စိမ်းဝေ က သဘောတူချင်မှ တူနိုင်လိမ့်မယ် "
" တူနေရင်ရော "
ရဲဝင့်က လျှို့ဝှက်သိပ်သည်းစွာ ပြုံးသည်။
" တူနေရင် အဲဒီ အချိန်ကျမှ ဆုံးဖြတ်ရမှာပေါ့၊ အသက် အစိတ်အ၇ွယ် ရဲဝင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ အသက် သုံးဆယ်အရွယ် ရဲဝင့်ရဲ့ ဆုံးဖြတ်ချက်ကလည်း ရှိသေးတယ်၊ ဒါပေမဲ့ စကားအဖြစ်သာ ပြောရတာပါ၊ ရေခြား မြေခြား အတွေ့အကြုံသစ်တွေကြားမှာ စိမ်းဝေက ပြောင်းလဲဦးမှာ ဆိုတာ တို့ သေသေချာချာ သိပါ တယ် "
မနှင်းဖွေးခေါင်းခါသည်။

" ကိုရဲဝင့်က နှလုံးသားရေး ကိစ္စကို အဆောက်အအုံ ဆောက်သလို တွက်ချက် ပြင်ဆင်နေတာကိုး၊ ခံစား ချက်တွေကို ထည့်မစဉ်းစားတော့ဘူးလား၊ စိမ်းဝေကို ကိုရဲဝင့်က ညီမလေးလိုပဲ ချစ်တာလား၊ ချစ်သူလိုရော မချစ်ဘူးလား၊ အဲဒီ မေးခွန်းကိုရော ကိုယ့်ကိုယ်ကိုယ် မေးပြီးပြီလား "
ရဲဝင့်က ရေကန်ဘက် ပြန်လှည့်ကြည့်ရင်းက တိုးတိုးဖြေသည်။

" နှင်းက အချစ်ဆိုတာ နှစ်မျိုးရှိတယ်လို့ တကယ် ယုံနေတာကိုး၊ တို့အတွက်ကတော့ အချစ် တစ်မျိုးပဲ နား လည်တယ်၊ ညီမလေးလည်း ချစ်တာပဲ၊ ချစ်သူလည်း ချစ်တာပဲ၊ မိဘလည်း ချစ်တာပဲ၊ သူငယ်ချင်းလည်း ချစ်တာပဲ၊ ချစ်တဲ့သူအားလုံးကို စိတ်ချမ်းသာစေချင်တာပဲ ရှိတယ်၊ ဘ၀ လက်တွဲဖော် အနေနဲ့ ရွေးဖို့ကျ တော့ ဦးနှောက်က ပါသင့်၏။ မသင့်၏ ၀င်စဉ်းစားတာ၊ ကျန်တာ အတူတူပဲ၊ လူတွေ ပြောနေတဲ့ ၁၅၀၀ တို့၊  အချစ်စစ် အချစ်မှန်တို့၊ အဲဒါတွေတို့ ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး "
မနှင်းဖွေး ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>