Saturday, April 30, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂)

ရဲမော်က  ဆရာကြီး လုပ်ပြီး ဦးဆောင်သည်။ စာချုပ်စာတမ်းတွေ လက်နှိပ်စက် ရိုက်သော သူ့ အသိ တစ်ယောက် ရှိသည်။ ထိုသူက အားလုံး စီစဉ်ပေးမည်။ ဝန်ဆောင်ခ ပေးလိုက်ရုံပဲ ဖြစ်သည်။ ကျောက်တံတား မြို့နယ်၊ တရားရုံးမှာ လက်ထက်စာချုပ် ချုပ်ရမည်။ ရုံးအနီး ရှိ ဂိုဒေါင်လိုလို အခန်းတစ်ခုမှာ လက်နှိပ်စက် ရိုက်သူတွေ စုထိုင်ကြသည်။ ကိုယ့်စားပွဲနှင့် ကိုယ်၊ ကိုယ့်မိတ်နှင့်ကိုယ်၊ ကိုယ့် အဆက်အသွယ် နှင့် ကိုယ် အလုပ်လုပ်ကြသည်။ ထိုနေရာမှာ စုရပ်အဖြစ် ဆုံကြဖို့ ချိန်းထားသည်။

ပေါ်ဌေးက ကံညွန့်မောင်နှင့် အတူသွားသည်။ အနှောင်းနှင့် ဒေစီပွင့်တို့က ရင်ရင်ငြိမ်းကို ခေါ်လာမည်။ ရဲမော် က စီစဉ်စရာတွေ အဆင်သင့်လုပ်ထားဖို့ ကြိုတင်သွားနှင့်သည်။ လက်ထက်စာချုပ် ချုပ်တဲ့ အတွေ့ အကြုံ ကို လေ့လာရအောင်၊ ကိုယ့်အလှည့်ကျရင်လည်း တရားရုံးနဲ့ စိမ်းမနေရအောင် သူ့ကောင်မလေး မြရီဝင်း ကို ခေါ်လာခဲ့မည်ဟု ဆိုသည်။
ချိန်းထားတဲ့ နေရာ ရောက်တော့ သူတို့ချည်း မဟုတ်ဘဲ တခြားသူငယ်ချင်းတွေ တစ်ပြုံတစ်မကြီးကိုပါ တွေ့လိုက် ရလေသည်။

''ဟင်--- လူတွေက များလှချေလား''
ဟု ပေါ်ဌေးက တအံ့တသြ မေးလိုက်တော့ ရဲမော်က-
''အေးကွ ----သက်သေလက်မှတ်ထိုးပေးဖို့လေ''

''သက်သေက နှစ်ယောက်ဆို ရတာပဲ၊ ဒီလောက် အများကြီးလိုလို့လား ''
''လိုတာပေါ့ကွ ၊သက်သေများတော့ ပိုပြီး ခိုင်လုံတာပေါ့ ၊ တကယ်လို့ နောက်ပိုင်းမှာ မင်းပြဿနာလုပ်ရင် အားလုံး က မင်းကို ဝိုင်းဗျင်းကြမှာပဲ''
''မင်း တို့ က ငါ့ကိုခုထိ မယုံကြသေးဘူးလား၊ ဘာလဲ... ရင်ငြိမ်းကို ထိုင်ကန်တော့ပြီး သစ္စာ ဆိုမှ ယုံကြ မှာလား''
ပေါ်ဌေး က ပြောရင်းထိုင်ချမည့်ဟန် လုပ်လိုက်သည်။ နောက်လို့ နောက်မှန်း မသိသော ရင်ရင်ငြိမ်းက-
''အို... မလုပ်ပါနဲ့၊ ငရဲကြီးနေပါ့မယ်''

ဟု ပျာပျာသလဲ တားလိုက်သဖြင့် ရယ်ကြရသေးသည်။ အေဘီကျော်က ခေါင်းတညိတ် ညိတ် လုပ်နေရာမှ-
''အေးကွာ... ငါလည်း လက်ထပ်စာချုပ် ဘယ်လိုလုပ်ရတယ်၊ ဘာတွေ လိုအပ်တယ်ဆိုတာ လေ့လာ ထားရမယ်၊ ဒါမှ ငါတို့ အလှည့်ကျရင် လွယ်ကူသွားမှာ၊ ဟုတ် တယ် မဟုတ်လာဟေ့ အနှောင်း''
ဟု လှမ်းပြောသည်။ အနှောင်းက-
''ငကျော်... သူများတွေ မင်္ဂလာယူနေတဲ့အချိန်မှာ ငါရန်မဖြစ်ချင်ဘူး၊ နင့်ပါးစပ်ပုပ်ကြီးကို ပိတ်ထားစမ်း''

ဟု ပြန်ခွပ်သည်။ ချက်ကောင်း စောင့်နေသော အောင်ချိုက-
''နေစမ်းပါဦး ကျော်ကြီးရာ၊ အဲဒီအချိန်ကျရင် မင်းက သတို့သားအနေနဲ့ လက်မှတ်ထိုးမှာ လား၊ သတို့သမီး အနေ နဲ့ လက်မှတ်ထိုးမှာလား''
ဟု သိပ်ထည့်လိုက်သည်။ လက်နှိပ်စက်သမားသည် တ၀ါးဝါး တဟားဟားလုပ်ရင်း နောက်ပြောင် နေကြသော သူတို့အုပ်စုကို အတော်သဘောကျနေသည်။ သူကလည် အသက် သုံးဆယ် ၀န်းကျင် ခန့် လူရွယ်ပိုင်းသာ ဖြစ်သောကြောင့် ရောပြီး ပျော်နေခြင်း ဖြစ်၏။

''လက်ထပ်ဖို့ ကျွန်တော်စီစဉ်ပေးခဲ့တာ များပြီ၊ ဒီတစ်ခါလောက် ပျော်စရာကောင်းတာ မရှိ ဘူး၊ ဒီလောက် သက်သေ လက်မှတ်ထိုးမယ့်သူများတာလည်း မကြုံဖူးဘူး၊ ခင်ဗျားတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်လည်း သက်သေအဖြစ် လက်မှတ်ဝင်ထိုးချင်တယ်ဗျာ''
''ဟာ... ဘယ်ဖြစ်မလဲ၊ အစ်ကိုကြီးနဲ့ ဘာဆိုင်လို့လဲ'' ဟု ပေါ်ဌေးက ငြင်းသည်။

''လုပ်ပါဗျာ... ပျော်လို့ပါ ဒီလိုလုပ်... ကျွန်တော့် ၀န်ဆောင်ခကို လျှော့ယူမယ်လေ''
''မဖြစ်ပါဘူး၊ အလိုလိုကမှ လူတွေ များနေရတဲ့ကြားက''
''မင်းကလည်းကွာ၊ တစ်ယောက် ပိုသွားရုံနဲ့ ပြဿနာ မရှိပါဘူး၊ ပိုတောင် ခိုင်လုံသွား သေးတယ်''
ရဲမော်က ဟိုလူဘက်က ၀င်ထောက်ခံသည်။ ပေါ်ဌေးကိုလည်း ခပ်လှမ်းလှမ်းကို ဆွဲခေါ်သွားပြီး-
''ငါတို့တွေ အလှည့်ကျရင်လည်း သူ့ကို အကူအညီတောင်းရဦးမှာကွ၊ ခွင့်ပြုလိုက်ပါကွာ၊ ဒီလိုလူမျိုး က ပေါင်းထားတာ မမှားဘူး''
''ဒါဆိုလည်း ပြီးရောကွာ''

လက်နှိပ်စက်သမားက ကျေနပ်သွားသည်။ လက်ပတ်နာရီကို ကြည့်ပြီး-
''ကဲ... အချိန်ကျပြီ၊ သွားကြရအောင်''
'' နေဦး... တစ်ယောက် လိုသေးတယ်''
''ဘယ်သူလဲ''
''ကောင်းထွန်း''

''ဟာကွာ... ဒီကောင့်ကို ဘာဖြစ်လို့ ခေါ်ရတာလဲ၊ အမြဲတမ်း လေးတိလေးကန်နဲ့၊ ဘယ်တော့ဖြစ်ဖြစ် ချိန်း လိုက်ရင် နောက်ကျတာချည်းပဲ၊ မေ့လည်း မေ့တတ်တယ်''
''ငါ့စိတ်ထင်တော့ ဒီကောင် ထုံးစံအတိုင်း အပျင်းထူနေတာ ဖြစ်မယ်၊ ဘာမှလည်း မလုပ်ဘဲနဲ့ သိပ်ပင်ပန်း နေပြီဆိုပြီ အိပ်ရာထဲ ခွေနေလိုက်၊ မဖြစ်သေးပါဘူးဆိုပြီး မျက်နှာထသစ်လိုက်၊ မလန်းဘူးဆိုပြီး ပက်လက် ကုလားထိုင် မှာနှပ်လိုက်၊ သွားမှကောင်း မယ်ဆိုပြီး အ၀တ်အစား ထလဲ၊ နောက်ကျနေပြီ... မထူး တော့ဘူး ဆိုပြီး ပြန်လှဲ၊ ချီတုံချတုံ လုပ်နေတာ ဖြစ်ရမယ်''
''ခက်တာပဲကွာ၊ မင်းကလည်း ဒီကောင့်အကြောင်း သိသားနဲ့'' ပေါ်ဌေးက ရဲမော်ကို အပြစ်တင်သည်။

''သူ့တစ်ယောက်တည်းကွက်ပြီး ချန်ထားလို့ ဖြစ်မလားကွ၊ တော်ကြာ... ဒီကောင် သိသွားရင် ပြဿနာ ရှာလိမ့်မယ်၊ သူ့အကြောင်းလည်းသိသားနဲ့''
''မေ့များ မေ့နေလား မသိဘူး''
''ငါ သေသေချာချာ မှာထားတာပါကွာ၊ လာမှာပါ၊ ဆယ်မိနစ်လောက်တော့ စောင့်ကြည့် လိုက်ပါဦး''
လက်နှိပ်စက် သမားက-
''စောင့်လို့ မဖြစ်တော့ဘူး၊ ခုချိန် သွားမှ ၊ တော်ကြာ နောက်ကျနေလို့ဆိုပြီး တရားသူကြီး က တခြားအမှု  တစ်ခု ခေါ်ပြီး စစ်နေရင် တမေ့တမော စောင့်နေရမယ်''
ဟုသတိပေးသည်။

''ကဲ...ဒါဆိုလည်း သွားကြမယ်၊ သူဟာသူ အချိန်မီ ရောက်မလာတာတော့ မတတ်နိုင်ဘူး''
တရားရုံးဆီသို့ လမ်းလျှေက်သွားကြသည်။ ဒီတော့မှ ရုံးပေါက်ဝမှာ မြိန့်မြိန့်ကြီး ရပ်စောင့်နေသော ကောင်းထွန်း ကို တွေ့ကြရလေသည်။
''မင်းက ဘယ်လို ဖြစ်ရတာလဲ''
ပေါ်ဌေး မပြောနိုင်ခင် ရဲမော်က ဦးအောင် မေးပေးလိုက်သည်။ ကောင်းထွန်းက သိပ်အရေးမကြီးဟန်ဖြင့်-
''မင်း အရက်နာကျနေလို့ မလာနိုင်ဘူး ထင်နေတာ''
ဟု ပေါ်ဌေးက မကျေမချမ်းပြောတော့-
''အရက်နာကျရမှာက ဒီနေ့မဟုတ်ဘူး၊ မနက်ဖြန် မနက်မှ ကျရမှာ၊ ဒီည ပွဲကြီးပွဲကောင်း ရှိတယ်လေ၊ တ၀ကြီး ကိုင်ရမှာ''
''ဘာပွဲလဲ''

''ဘတ်ချလာနိုက်လေကွာ၊ ကိုပေါ်က ဒကာခံမယ့်ပွဲ''
''ဘာ... ငါက ဘတ်ချလာနိုက် လုပ်ရမယ်... ဟုတ်လား၊ အခုဟာက တကယ် လက်ထပ်တာမှ မဟုတ်ဘဲကွ''
''ဟင်... တကယ် မဟုတ်ဘူလား၊ ဒါဆို မင်းက ရင်ရင်ငြိမ်းကို အတည်လိုလိုနဲ့ လှည့်စားပြီး လက်ထပ်စာချုပ် အတု လုပ်မလို့ပေါ့လေ''
''ဟာ... ဟေ့ကောင်၊ အလိုလိုကမှ ငါ့ကို ၀ိုင်းပြီး မယုံသင်္ကာဖြစ်နေရတဲ့ကြားထဲ၊ မင်းက လျှောက်ပြော နေတယ်''
''အဲဒါကြောင့်ပေါ့ကွ၊ မင်းကသာ ဘတ်ချလာနိုက် လုပ်လိုက်ရင် တကယ် အစစ်အမှန်ပဲ ဆိုတာ သက်သေ ပြပြီးသား ဖြစ်သွားတာပေါ့''
''မင်းကတော့ ဘယ်လိုနည်းနဲ့ သောက်ရမလဲ ဆိုတာပဲစဉ်းစားနေတာ''

''မောင်ကောင်းပြောတာ မှန်တယ်ကွာ၊ ဒီည တစ်ပွဲ ပေးလိုက်ရင်ပိုပြီးတော့ တရားဝင် သွားမယ်''
ကံညွန့်မောင်က ကောင်းထွန်းဘက်မှ ၀င်ထောက်ခံလိုက်သည်။
''ကဲ...ပြီးရောကွာ ပြီးရော''
ရုံးခန်းထဲ ၀င်သွားသော လက်နှိပ်စက်သမား ပြန်ထွက်လာပြီး-
''ကဲ... လာကြ၊  လာကြ၊ အဆင်သင့် ဖြစ်ပြီး''
ဟု ပြောပြီး ရုံးခန်းထဲခေါ်သွားသည်။

တရားသူကြီးသည် အသက် လေးဆယ်ငါးလောက်ပဲ ရှိဦးမည်။ ဦးနှောက်ပူအောင် စဉ်စားလွန်းလို့လားတော့ မသိ။ ထိပ်ပြောင်စပြုနေပြီ။ ပျော်တတ်ပုံရသည်။ သဘောလည်း ကောင်းမယ့်ပုံစံပဲ။
''တပျော်ကြီးပါလားဟေ့''
ဟု ခရီးဦးကြိုပြုရင်း နှုတ်ဆက်သည်။
''ကဲ... ထုံးစံအတိုင်း မေးရဦးမယ်၊ မိန်းကလေးကို အဓိကထားပြီးမေးမယ်၊ ငါ့တူမက... ဟောဒီကအဲ...မောင်ပေါ်ဌေးနဲ့ လက်ထပ်မယ့်ကိစ္စမှာ ကိုယ့်သဘောနဲ့ ကိုယ်လက်ထပ်မှာ လား၊ တစ်စုံ တစ်ယောက် က ခြိမ်းခြောက် အကျပ်ကိုင်လို့လား''
ရင်ရင်ငြိမ်း သည် အိမ်မက် မက်သလို ဖြစ်နေ၏။ မျက်လုံးလေးကလယ် ကလယ် ဖြစ်နေရာမှ အနှောင်းကို လက်ညှိုး ထိုးပြပြီး...
''သူ... သူ တိုက်တွန်းလို့''

တရားသူကြီးက မျက်နှာတည်သွားပြီ-
''ဘာ... ငါ့တူမ ကိုယ်တိုင် သဘောတူလှို့ မဟုတ်ဘူးပေါ့''
''မဟုတ်ပါဘူး''
အားလုံး မျက်စိမျက်နှာ ပျက်ကုန်ကြသည်။ ပေါ်ဌေးက-
''နင်... နင်... ဘာတွေ လျှောက်ပြောနေတာလဲ''

တရားသူကြီးက လက်ကာပြလိုက်ပြီး-
''ဒါဆိုရင်တော့... ''
''ဟာ... မဟုတ်သေးဘူး၊ နားလည်မှုလွဲနေပြီ၊ သူ ပြောတာက သဘောတူလို့ မဟုတ်ဘူး ဆိုတာ ပြောတာ၊ ဟုတ်တယ် မဟုတ်လား ရင်ငြိမ်း''
ရင်ရင်ငြိမ်းက ခေါင်ညိတ်ပြန်သည်။ တရားသူကြီးက ရင်ရင်ငြိမ်းကို သေသေချာချာ အကဲ ခတ်ကြည့်သည်။ အတွေ့အကြုံ ရင့်ကျက်သူပီပီ အခြေအနေကို နားလည်လိုက်သည်။

''ဟုတ်တယ်တွေ... မဟုတ်ဘူးတွေနဲ့ ရှုပ်ကုန်ပြီ ၊ ကဲ ကဲ... ရှင်းရှင်းလေးပဲ မေးမယ်၊ မရင်ရင်ငြိမ်းက မောင်ပေါ်ဌေးကို လက်ထပ်ချင်သလား''
ရင်ရင်ငြိမ်းက ပေါ်ဌေးကို တစ်ချက် ကြည့်သည်။ ပေါ်ဌေးမှာပင်နတီ ကန်သွင်းခံရခါနီး ဂိုးသမားတစ်ယောက်၏ မျက်နှာထားလို ဖြစ်နေ၏။ ရင်ရင်ငြိမ်းက ခေါင်းညိတ်ပြသည်။ တရားသူကြီးက-
''နှုတ်က ဖွင့်ပြောမှ တရားဝင်တယ်''

''ဟုတ်... ဟုတ်ကဲ့''
''ကိုယ့်သဘောနဲ့ ကိုယ် လက်ထပ်ချင်တာလား''
''ရှင်... ဟုတ်ပါတယ်''
''ကဲ... ဟုတ်ပြီ၊ ဒါဆို လက်မှတ်ထိုး''
လက်မှတ်ထိုးပြီးကြတော့ တရားသူကြီးက ဆုံးမစကား အနည်းငယ်ပြောသည်။

''ကဲ ကဲ... သွားလို့ရပြီ''
ထိုစဉ်တွင် အေဘီကျော်က တစ်စခန်း ထသည်။

''ဦးလေး... အဲ...ဆရာ... အဲ အဲ တရားသူကြီးမင်း ခင်ဗျာ၊ ကျွန်တော် တစ်ခုလောက် မေးပါရစေ''
''မင်း ခေါ်ချင်သလို ခေါ်ပါကွာ၊ အဘလို့ မခေါ်ရင် ပြီးတာပဲ၊ ကဲ... ဘာမေးချင်လို့လဲ''
''ဒီလိုပါ၊ ကျွန်တော်လည်း လက်ထပ်စာချုပ် လုပ်ချင်ပါတယ်၊ တစ်ခုရှိတာက သတို့သမီးဘက်က မသေချာသေးဘူး၊ သတို့သားအနေနဲ့ပဲ တစ်ဖက်သတ် ကြိုတင်ပြီး လက်မှတ်ထိုးထားလို့ မရဘူးလား''
''မရဘူး၊ ရုံးတော်ရှေ့မှာ နှစ်ယောက်စလုံး ရှိမှ ထိုးလို့ရမယ်''

''ရုံးရှေ့မှာတော့ ရှိပါတယ်၊ ဒါပေမယ့်... ''
ဆိုပြီး အနှောင်းကို ပြုံးစေ့စေ့ လုပ်ရင်းလှမ်းကြည့်သည်။ အနှောင်းမှာ ဘာမှမပြောသာ သဖြင့် အံကြိတ်ပြီး မျက်စောင်းသာ ထိုးနေရသည်။
ရုံးအပြင်ကို ရောက်လျှင်တော့ အေဘီကျော် မစားသာဘူးသာမှတ်။

''ငါ့စိတ်ထင်တော့ကွာ၊ ကျော်ကြီးလို အသားမည်းမည်း၊ အရပ်ရှည်ရှည်တောက်တောက်၊ ခါးက ကိုင်းကိုင်း၊ ခေတ်ဟောင်းက မျက်မှန်နဲ့ ပုံတုံးကြီးဟာ ဒီရုံးကို လာခွင့်ရမယ့် ကောင်မျိုး မဟုတ်ပါဘူး''
ကံညွန့်မောင်က ပြောတော့ ကောင်းထွန်းက-
''ဘယ်ပြောနိုင်မလဲကွ၊ လက်ထပ်ဖို့ မဟုတ်ဘဲ တခြားအမှုတစ်ခုခုနဲ့ လာချင်လာနေ ရမှာပေါ့''

ထိုအခါ တရားသူကြီးက-
''ဟေ့ကောင်တွေ... တရားရုံးထဲမှာ အဲဒီလို နိမိတ်မရှိတဲ့ စကားမျိုး မပြောရဘူးကွ၊ တော်တော်ရှုပ် တဲ့ ကောင်တွေ၊ သွားကြတော့ကွာ... သွားကြတော့ ၊ ငါ အလုပ်တွေ ရှိသေးတယ်''
ဟု ရယ်ရယ်မောမော နှင်ထုတ်လိုက်သည်။

သူတို့အုပ်စု တစ်ယောက်ကို တစ်ယောက် နောက်ရင်းပြောရင်းထွက်သွားကြသည်။ တရားသူကြီးကို နှုတ်ဆက် နေရသဖြင့် ပေါ်ဌေးနှင့် ရင်ရင်ငြိမ်းတို့နောက်မှာ ကျန်နေခဲ့ သည်။ ရင်ရင်ငြိမ်းမှာ ခုချိန်ထိ အိပ်မက် မပြယ်သေးသလို ဖြစ်နေ၏။ ပေါ်ဌေးက ရင်ရင်ငြိမ်း ၏လက်ကို ဆုပ်ကိုင်းလိုက်သည်။ သူ့ လက်ကလေး က အေးစက်နေသည်။ ရင်ရင်ငြိမ်းက လက်ကို အသာရုန်းထွက်လိုက်ပြီး-
''အို... လူတွေကြားထဲမှာ''
''တို့တွေ လက်ထပ်ပြီးကြပြီပဲ၊ ကိုယ့်မိန်းမလက် ကိုယ်ကိုင်တာ ဘာဖြစ်လဲ''
''ဟယ်... နင့်စကားကလည်း ရင့်သီးလိုက်တာ''
ဟု ပြောရင်း ရင်ရင်ငြိမ်း၏ မျက်နှာ ရဲခနဲ ဖြစ်သွား၏။

------------------------------------------------------------------------

''ငါတို့ လက်ထပ်တုန်းက သူငယ်ချင်းတွေ အားလုံးရှေ့မှာ လက်မှတ်ထိုးခဲ့ကြတာ၊ အခု လည်း အားလုံး သဘောတူမှ ကွာရှင်းပေးနိုင်မယ်၊ လက်ထပ်စာချုပ်မှာ သက်သေအဖြစ်နဲ့ ပါခဲ့တဲ့ လူတွေ တစ်ယောက် မကျန် ကွာရှင်းစာချုပ်မှာလည်း သက်သေလတ်မှတ်ထိုးပေးရ မယ်၊ ငါ လိုချင်တာ အဲဒါပဲ"
ရင်ရင်ငြိမ်း၏တောင်းဆိုချက် ဖြစ်သည်။ ထိုတောင်းဆိုချက်သည် ဈေးဆစ်လို့ရမည် မဟုတ်။ "နင် လိုချင်တာ အကုန် ရစေရမယ်"ဟု ပေါ်ဌေးက အလောသုံးဆယ် ကတိပေးခဲ့ မိ၏။ ရင်ရင်ငြိမ်းက အိမ်၊ အတွင်းပစ္စည်း ငွေကြေး စသည်တို့ တောင်းလိမ့်မည်ဟု ထင်ခဲ့ သည်။

တကယ်တော့ သူ စိတ်လောကြီးပြီး မဆင်ခြင်၊ မသုံးသပ်မိခဲ့ခြင်းသာ ဖြစ်၏။ ရင်ရင်ငြိမ်း သည် ဘာကိုမှ မက်မော တွယ်တာ တတ်သူ မဟုတ်။ သူ ၀ယ်ပေးထားသော လက်ဝတ် လက်စားတွေကိုတောင် ဆင်မြန်းလေ့ မရှိ။ အလှူမင်္ဂလာဆောင် အခမ်းအနားတွေ သွားတဲ့အခါ သူကပဲ အတင်း ၀တ်ဆင်ခိုင်း ရသည်။ စိန်နားကပ်ကိုလည်း ကြီးလွန်းတယ်၊ အရောင်တလက်လက်နဲ့ ကြွားဝါသလို ဖြစ်နေတယ် ဆိုလို့ အပါးဝိုင်း ခပ်သေးသေး ခြယ်နားကပ်လေး ၀ယ်ပေးထားရတာ။

ဒီလောက် နှစ်အတော်ကြာအောင် ပေါင်းလာတဲ့ ကိုယ့်မိန်းမအကြောင်း ကိုယ် သိဖို့ကောင်း သည်။ အလောတကြီး ဆုံးဖြတ်တတ်၊ လုပ်တတ် ကိုင်တတ်သော မိမိကိုယ်ကိုပင် အပြစ်တင်ရတော့မည်။
ခုမှတော့ ဘာမှ မတတ်နိုင်။ လက်ထပ်စာချုပ်မှာ သက်သေလက်မှတ် ထိုးထားတဲ့ လူတွေက် အများကြီး။ အားလုံး ကို လိုက်ပြီး စည်းရုံးဖို့ဆိုတာ မလွယ်။ အကုန်လောက်နီး ပါးက ရင်ရင်ငြိမ်း ဘက်တော်သားတွေ။ ကိုယ့်စကား ကို ယုံမယ့်လူက မရှိသလောက်ပဲ။ ဘယ်လောက်ကြီးပဲ အကြောင်းပြချက်ခိုင်လုံသည် ဖြစ်စေ၊ ကွာရှင်း စာချုပ်ပေါ်မှာ သက်သေအဖြစ် လက်မှတ်ထိုးပေးဖို့ကတော့ ခါးခါးသီးသီး ငြင်းဆန်မယ့်သူတွေသာ များမှာ သေချာသလောက်ရှိ၏။

ဒါကို သိလို့လည်း ရင်ရင်ငြိမ်းက ခုလိုတောင်းဆိုခြင်း ဖြစ်သည်။ ပေါ်ဌေး ဆိုတဲ့ကောင် ကလည်း ဒါမျိုး စိန်ခေါ် လာပြီဆိုရင် ဘယ်လောက်ပဲ ခက်ခဲတဲ့ကိစ္စဖြစ်ဖြစ်၊ ဘယ်လို အဟန့် အတားမျိုးပဲ ရှိရှိ၊ မဖြစ် ဖြစ်အောင် မရမနေ ကျားကုတ်ကျားခဲ လုပ်တတ်တဲ့ ကောင်မျိုးပဲ။ တွေ့ကြသေးတာပေါ့ ရင်ငြိမ်းရယ်... ဟု စိတ် ထဲက ကျိတ်ပြီး ကြုံးဝါးလိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၃)

အခန်း(၄)
ဂျိန်း

မထင်မရှား ဂျိန်း၊
ရွက်ကြမ်းရေကျို ဂျိန်း၊

ဂျိန်းက သည်ဘ၀မျိုးကို ဘယ်တော့မှ အရောက်ခံမည့် မိန်းကလေးမျိုး မဟုတ်။
သိတတ်သည့် အရွယ်မှစ၍ ဂျိန်းဆိုသည့် နာမည်ကို ဂျိန်းဂရက်(ခ်ျ) မုန်းခဲ့၏။ နာမည်ကြီး ကို က ရိုးစင်း လွန်းသည်။ ငြိမ်လွန်းသည်။ နာမည်နှင့်လူ တခြားစီ ဖြစ်နေ၏။

မွေးစာရင်း တွင် ပါနေ၍ ဂျိန်းဟု ခေါ်ခံနေရသော်ငြားလည်း သည်နာမည်နှင့် သူ လုံးဝမလိုက်ဟု ဂျိန်းက ထုတ် ပြောသည်။ လေးတန်း ရောက်တော့ နာမည်ကို စာလုံး အမျိုးမျိုး ပေါင်းကြည့်သည်။
ဂျိန်းနီ၊ ဂျေးနီ၊ ဂျန်နေး၊ ဂျာနီ၊ ဂျိုင်း သူနှင့် ဟပ်မိသည့် နာမည်ကို ဂျိန်း လိုက်ရှာသည်။ ထူးဆန်ရ မည်။ သိပ်သည်း ရမည်။ ကဗျာဆန်ရမည်။ လူတိုင်းနားတွင် ငြိစေမည့် နာမည်မျိုး ဖြစ်ရမည်။
အိုင် နေရာတွင် အေ အစားထိုးကြည့်သည်။ ၀ိုင်နှင့် လဲကြည့်သည်။ ရံခါတွင် စိတ်ကူးပေါက်ပြီး အီး ထပ်ဖြည့် သည်။ ဟိုဟာဖြည့်၊ သည်ဟာဖြုတ် လုပ်ကြည့်သည်။
သာမန် ဂျိန်း မဟုတ်ကြောင်း ကမ္ဘာကို ပြနိုင်မည့် နာမည်ကို ရှာပုံတော် ဖွင့်နေခြင်း ဖြစ်လေသည်။

နာမည် တစ်ခုပြောင်းတိုင်း လက်မှတ်ပါ ပြောင်းထိုးကြည့်သည်။ ဧရာမ စာလုံးကြီးတွေနှင့် ထိုးကြည့်သည်။ သေးသေးမှုန်မှုန် စာလုံးကလေးများနှင့် ထိုးကြည့်သည်။ လက်မှတ်ကို စာလုံး ကြီးကြီးနှင့် စပြီး နောက်က ပုရွက်ဆိတ် ခေါင်း လောက် စာလုံးကလေးများဖြင့် ကပ်ရေးသည်။

နောက်ဆုံး ခပ်စောင်းစောင်းနှင့် ရဲရဲတင်းတင်း ဆွဲထားသည့် လက်မှတ်ကို ရွေးလိုက်သည်။ ကတိုက်ကရိုက် ရေးခြစ် လိုက်သည့် လက်မှတ်မျိုး။ "ကျွန်မမှာ လုပ်စရာတွေ အများကြီး၊ လက်မှတ် ကို လှပအောင် ထိုး နေချိန် မရှိဘူး" ဟု ပြောနေသည့်ဟန်။ အိုင်ပေါ်တွင် ၀လုံးသေးလေးကလေး တော့ တင်ထား၏။ တီကို ကန့်လန့်ဖြတ်မျဉ်း ကို အရှည်ကြီး ဆွဲသည်။

ကိုင်သည့်ဖောင်တိန်ကလည်း နစ်သွား အမျိုးမျိုး၊ စိတ်ကူးတစ်မျိုးပေါ်တိုင်း ဖောင်တိန်ပြောင်းကိုင် သည်။ သုံးသည့် မင်ကလည်း အရောင်စုံ၊ စိတ်လှုပ်ရှားမှုအလိုက် အရောင်ပြောင်းသုံး၏။
ဂျိန်း သည် သိတတ်သည့်အရွယ်မှစ၍ ထိပ်ဆုံးရောက်ဖို့ ဆုံးဖြတ်ထားသည့် မိန်းကလေးမျိုး ဖြစ်သည်။ နာမည်ကျော် စာရေးဆရာမ ဖြစ်ချင်ဖြစ်၊ မဖြစ်လျှင် ရုပ်ရှင်မင်းသမီးတော့ အနည်းဆုံး ဖြစ်ရမည်။ စူးစမ်း လေ့လာခြင်း၊ အသစ်အဆန်းကို ရှာဖွေခြင်း၊ ထုံးတမ်းစဉ်လာ လမ်းရိုးဟောင်းမှ ခွဲထွက်ပြီး ကမ္ဘာသစ် ရှာဖွေခြင်း တို့မှာ ဂျိန်းအတွက် အသက်ရှူသည့်ကိစ္စလို သာမန်မျှသာ ဖြစ်လေ သည်။ ထို့ကြောင့် နောင်တွင် သူ့ကို လူတွေ့ မေးမြန်းသူ သတင်းထောက်များအား "ကျွန်မက နိုင်ငံကျော် တစ်ယောက်ဖြစ်လာသလို ဆိုးတဲ့နေရာ မှာလည်း နာမည်ကျော်လေ၊ ကျွန်မအတွက် အချစ်ကိစ္စဟာ သာမန်ပဲ" ဟု ကြေညာ သေး သည်။

ဂျိန်းသည် အရပ်အမောင်းကောင်းပြီး ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်လုံးကိုယ်ပေါက် ပိုင်ရှင် ဖြစ်၏။ အညိုရောင် ဆံပင် တွေကို ဖြစ်ကတတ်ဆန်း ထားသည်။ မျက်လုံးရောင်က အညိုလိုလို ထင်ရ သော်လည်း စိတ်လှုပ်ရှား တိုင်း အရောင်ပြောင်းသွားတတ်ပြီး ပြာသည့်အခါ ပြာ၍ စိမ်းသည့်အခါ စိမ်းလာသည်။ နှုတ်ခမ်းက ခပ်ထူထူ အသံ က ခပ်ပြာပြာ။

၁၉၄၁ခုနှစ်တွင် မွေးပြီး လူဦးရေ တစ်သန်းမျှ မပြည့်သော စစ်ပြီးခေတ်၏ စိန့်လူးဝစ် မြို့ကလေးတွင်  ကြီးပြင်း ခဲ့သည်။ စိုက်ပျိုးရေးနှင့် စက်မှုလက်မှုမြို့ကလေး ဖြစ်၏။ အဖေက မီးရထား ကန်ထရိုက်၊ အမေက သာမန် အိမ်ရှင်မ၊ အမေ့အမေ အဘွားကတော့ အချစ်ဝတ္ထုတွေ ရေးဖူးသည်။ အဘွားသည် မာဂရက်မစ်ရှယ် ကို အားကျသော်လည်း ချစ်ဖို့ကောင်းသော ခပ်ချာချာ လင်ယောက်ျားနှင့် ကလေးတွေ အတွက် ငွေရဖို့ကို ဦးတည်ခဲ့ရသဖြင့် လေရူးသုန်သုန်လို ၀တ္ထုမျိုး ကို မရေးနိုင်ရှာခဲ့။ ဂျိန်းက သူ့တွင် အဘွား ၏ မျိုးဆက်သွေး ပါသည်ဟု အခိုင်အမာ ယုံကြည်ထား ၏။

"ကျွန်မက စာပေ မျိုးရိုး ရှိခဲ့တယ်လေ" ဟု ဂျိန်းက ခပ်ကြွားကြွားကလေး ပြောလေ့ရှိသည်။ အသေးစိတ် ကလေး များကိုတော့ ချောမွေ့ပြေပြစ်အောင် တန်ဆာဆင် ပြောတတ်၏။
လူတွေ အာရုံစိုက်အောင် လုပ်နည်းကို ကလေးဘ၀ကတည်းက ဂျိန်း သိခဲ့၏။ လေးနှစ်သမီးအရွယ် က အဖြစ် အပျက် ကို ဂျိန်းက သတင်းထောက်များအား ပြန်ပြောပြသည်။

မောင်ကလေး ရောဘတ် ကို မေမေ မွေးပြီး ဆေးရုံက ဆင်းလာသည့်နေ့။ ဦးလေးတွေ အဒေါ်တွေ၊ အိမ်နီးနားချင်း တွေအားလုံး စုပြုံပြီး နီတာရဲကလေးအနားမှာ အဖြစ်တွေ သည်းနေကြတယ်လေ။
"အဲဒီမြင်ကွင်း ကို ကြည့်ပြီး ကျွန်မမှာ အပြင်းအထန် ပြိုင်ရမည့်သူ ပေါ်လာပြီလို့ သဘောပေါက် လိုက်တယ်၊ ဘယ်သူမှ ကျွန်မကို လှည့်မကြည့်ကြတော့ဘူးလေ၊ သည်အတိုင်း နံရံကို မှီပြီး ကျွန်မ ငေးကြည့် နေရမှာလား၊ သူတို့နဲ့ အတူသွားရောပြီး ပေါက်စကလေးကို စိတ်ဝင်စားဟန်နဲ့ မြှူတယ်၊ ဒါလည်း ကျွန်မကို ဘယ်သူမှ သတိထားမိကြဟန် မတူဘူး၊ ဘယ်ရမလဲ၊ တစ်ခုခုလုပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

"ထပြေးပြီး ထမင်းစား စားပွဲပေါ် ခုန်တတ်လိုက်တယ်။ ပြီးတော့ လှည့်ပတ်ကတယ်၊ ဘယ်သူမှ လှည့်မကြည့် ကြသေးဘူး၊ နီတာရဲကလေးဆီမှာပဲ သူတို့အာရုံ ရောက်နေကြတယ်၊ စကတ်ကလေး ၀ဲနေအောင် ကျွန်မ က တယ်၊ အကြောင်းမထူးဘူး၊ ဒါနဲ့ ကျွန်မ ရှေ့ကတစ်ဆင့် တက်ဖို့ ပြင်လိုက် တယ်၊ အဲဒီလိုဆော့ရင် တစ်အိမ်သား လုံး ၀ိုင်းရယ် နေကျလေ။
"စားပွဲပေါ်မှာ ကင်းမြီးကောက် ပစ်ထောင်လိုက်တယ်၊ စကတ်က ကျွန်မ မျက်နှာပေါ် ကျလာတာ ပေါ့ ။ ထင်တဲ့ အတိုင်းပဲ အားလုံး ခေါင်းထောင်လာကြတယ်။ မေမေက ကျွန်မကို ဆူတယ်၊ ခြေထောက်ပြန်ချဖို့ ပြောတယ်၊ ဒါပေမယ့် မေမေ့ မျက်နှာက ပြုံးလို့၊ အဖေရော ဦးလေး အဒေါ်တွေ ရာ ၀ိုင်းရယ်ကြတယ်။ အဘွား ကတော့ ဗျစ်တောက်ဗျစ်တောက် ပြောရင်း ရယ်နေတယ်။ အားလုံး ရဲ့ အာရုံကို ကျွန်မ အဲဒီနည်းနဲ့ စုစည်း နိုင်ခဲ့တယ်လေ။

"အဲဒီအရွယ်ကစပြီး လူတွေ ဂရုစိုက်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မ သိခဲ့တာ။ ကျွန်မမှာ ခုလို ဖြစ် လာအောင် လေးနှစ်သမီးကတည်းက ခရီးစခဲ့တာ ရှင့်"
ဂျိန်းသည် တစ်ပြိုင်တည်းတွင် မောင်လုပ်သူ ရောဘတ်အတွက် အစ်မကြီး အမိအရာ အဖြစ်လည်း ရပ်တည် ပေးနိုင်ခဲ့လေသည်။
"ဂျိန်း က တစ်ခါတလေ ထင်ရာ စိုင်းပေမယ့်၊ ကျွန်တော်ကို ထိခိုက်အောင်တော့ တစ်ခါဖူးမှ မလုပ်ခဲ့ ဖူးဘူး" ဟု ရောဘတ်က ပြောတတ်သည်။
စိန့်လူးဝစ် ငယ်ဘ၀အကြောင်းကို သတင်းထောက်များအား ဖောက်သည်ချသေး၏။ အတန်းထဲတွင် ထိပ်ဆုံး က ချည်းနေသည်။ သောင်းကျန်းသည့်နေရာတွင်လည်း ထိပ်က။

မိန်းကလေးများတွင် ရင်သားများ ရှိသည်ဆိုသည်ကို သိသည်နှင့် ကစားစရာ အရုပ်ကလေး၏ ရင်ဘတ်တွင် စက္ကူ တွေ ထိုးထည့်သည်။ ကျောင်းစာကြည့်တိုက်တွင် ရှာဖွေဖတ်ရှုရင်း ယောက်ျား ကလေးများတွင် ပါသည့် အစိတ်အပိုင်းများအကြောင်းကို အတန်းဖော် ကောင်မလေးများနှင့်အတူ အဓိပ္ပာယ် ဖွင့်ဆိုသည်။ လေ့လာ စူးစမ်းသည်။

အမေက မထိရ၊ မကိုင်ရဟု တားမြစ်ထားသည့် မိန်းကလေးများ ခန္ဓာကိုယ်မှ အစိတ်အပိုင်းများ အကြောင်း ကို လည်း ရှစ်နှစ်သမီးအရွယ်တွင် ဂျိန်းနားလည်နေပြီ။
သူသိထားသမျှကို အေမီတို့ ၀ီလ်မာတို့အား ဂျိန်းက လက်ချာရိုက်သည်။ သိပ္ပံ ပညာရှင်ဆန်သည့် မျက်မှန် ထူထူ နှင့် ၀ီလ်မာက ယောက်ျားကလေးများ၏  အစိတ်အပိုင်းတစ်မျိုးသည် စိတ်လှုပ်ရှား လာလျှင် ပုံသဏ္ဍာန် ပြောင်းလာကြောင်း ကြားပြီး မယုံကြည်နိုင်စွာဖြင့် "နင် အဲလောက် သိရင်လဲ ဘယ်လိုအခါမှာ ကောင်လေး တွေ စိတ်ပြောင်းတယ်၊ ဘာကြောင့် စိတ်ပြောင်းတယ်ဆိုတာ ပြောလေ" ဟု စောဒက တက် သည်။ အေမီကလေးကတော့ မျက်လုံး ကလေး ကလယ်ကလယ်နှင့် အကြောင်သား နားထောင် နေတတ် ၏။

"နင်တို့ ငါတို့ကြောင့်ပေါ့ဟဲ့"
အောင်မြင်သည့် လေသံဖြင့် ဂျိန်းက ဆက်ရှင်းပြသည်။
"ငါတို့ မိန်းကလေးတွေဟာ ယောက်ျားလေးတွေကို အရူးဖြစ်အောင် လုပ်လို့ ရတယ် မှတ်ထား၊ တို့က သူ တို့ထက် ဆွဲအား ကောင်းတယ် သိလား"
မိန်းမသားတို့၏ စွမ်းပကားကို ဆယ့်နှစ်နှစ်သမီးအရွယ်တွင် ဂျိန်း သုတေသန လုပ်ခွင့် ကြုံခဲ့သည်။ သည်တုန်းက ဂီနီရူဘယ်လ်က ဆယ့်လေးနှစ်၊ မေလ ညနေ ကျောင်းဆင်းချိန်တွင် ဖြစ်သည်။
ညနေစာ စားချိန်နှင့် ကျောင်းစာလုပ်ချိန်လည်း မရောက်သေး။ အမေက မီးဖိုချောင်တွင် အလုပ်ရှုပ် နေသည်။ အဖေက အလုပ်မှ ပြန်မရောက်သေး၊ ကလေးတွေ အားလုံး အိမ်ပြင်တွင် ထွက်ဆော့ နေကြ၏။ ဂီနိ တို့ အိမ်ရှေ့ မြက်ခင်းပေါ်တွင် ဂျိန်း နှင့် ဂီနီ နှစ်ယောက်တည်း ရှိနေကြသည်။

အသားရောင်ဖျော့ဖျော့ ဆံပင်နက်နက်နှင့် ဂီနီ၏ပုံစံက အဲလ်ဗစ်ပရက်စလေနှင့် တူသလိုလို။ ဆယ့်လေးနှစ် သားအရွယ် ဂီနီသည် ကားမျိုးစုံအကြောင်းကို ကောင်းကောင်းကျွမ်းနေပြီ၊ အိမ်နှင့် မဝေးသည့် အက်ဆို ကုမ္ပဏီ တွင် ကျောင်းအားရက်တိုင်း သူ အလုပ်ဝင်လုပ်၏။ အလုပ်ဆင်းသည့် နေ့များတွင် ဆီချေးပေ နေသည့် ဂျင်းဘောင်းဘီ နှင့် ခပ်ကြွားကြွားကလေး ပျော်နေတတ်သူ။

ဂီနီက စက်သံကို နားစွင့်ကြည့်ရုံဖြင့် လှည့်မကြည့်ဘဲ ကားအမျိုးအစားကို ခွဲနိုင်သည်ဟု သူငယ်ချင်းတွေကို ကြွေးကြော် ထား၏။ လမ်းကို ကျောခိုင်း၊ မျက်စိကို ပိတ်ထားပြီး ဖြတ်မောင်း သွားသည့် ကားအမျိုးအစား ကိုရော ကား၏ မော်ဒယ်လ်ကိုပါ ဂီနိ ခွဲခြားနိုင်၏။ ယောက်ျားလေး တွေ အားလုံး ဂီနီကို အထင်ကြီး ကြသော်လည်း မိန်းကလေးတွေက သိပ် စိတ်မ၀င်စားကြ။
နှစ်အိမ်ကျော်တွင် နေသည် ဂျိန်းတစ်ယောက်ကမူ ဂီနီ၏ အရည်အချင်းကို သဘောကျသည်။ ကားအမည် ဖော်တမ်း ကစားပွဲ တွင် ဂျိန်းက အမြဲတမ်း မေးပေးရသည်။ သည်ကစားနည်းကို ဂီနီ အကြိုက်ဆုံး။ သူ့ကို ကူညီသည့် အတွက် ဂီနီက ဂျိန်းကို သူ၏ စက်ဘီးပေးစီးသည်။

ရာသီဥတု သာယာလွန်းနေသဖြင့် သည်နေ့ ခါတိုင်းလို မဟုတ်ဘဲ။ ဂီနီက မြက်ခင်းပြင်ပေါ်တွင် စန့်စန့်ကြီး မျက်စိ မှိတ် ထားသည်။ ဂျိန်းကက ခါတိုင်းလို ကားစကားထာဝှက်နေ၏။ လမ်းဘက်ကို မျက်နှာမူထိုင်လျက်။
ကား တစ်စင်း ဖြတ်မောင်းသွားသည်။
ဂျိန်းက "ကဲ အဲဒါ ဘာကားလဲ"
"ဒေါ့ခ်ျ၊ လေးဆယ့်ခုနစ်မော်ဒယ်လ်"
မှန်သည် မှားသည်ကို ဂျိန်းချက်ချင်း မတုံ့ပြန်သဖြင့် ဂီနီ ဇဝေဇ၀ါ ဖြစ်ပြီး သူ့အဖြေ ကို ပြင်ပြော သည်။

"ဒါဖြင့် ချက်ပလက် ကွာ"
ဂျိန်း ဘာမှ မတုံ့ပြန်။ ကားတွေကို ဂျိန်း လှမ်းမကြည့်တော့၊ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ပက်လက်လှန် လဲလျောင်း နေသည့် ဂီနီကိုသာ ငုံ့ကြည့်နေ၏။ ဤတွင် မိန်းကလေးများ၏ ခွန်အား ကို စမ်းသပ်ဖို့ ဂျိန်း ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။ ဂီနီက သူ့အဖြေကို အတည်ပြုပေးခြင်း မရှိသည့် အတွက် ဒေါပွလာပြီ။
"ဟေး ဂျိန်း၊ ပြောလေ"
ဘာကားဖြတ်မောင်းသွားမှန်း ဂျိန်း မသိလိုက်။ သူ့အာုံက ဂီနီ၏ ခန္ဓာကိုယ် တစ်နေရာတွင်သာ စူးစိုက်နေ၏။

"အဲ အဲ နင် ပထမ ပြောတာ မှန်တယ်ဟ"
"ဒါဆို ဒေါ့ခ်ျ မှန်တာပေါ့၊ ဘာလို့နင် ချက်ချင်း မပြောတာလဲ"
သူ အမှတ်လျော့သွားရခြင်းအတွက် ဂီနီ မကျေမနပ် ဖြစ်နေသည်။ ဂျိန်းက တောင်းပန်တော့ ဂီနီက ဟောက်သည်။ နောက်ကားတစ်စီး လာပြန်၏။ သည်တစ်ခါ ဂီနီ အထူးအာရုံစိုက် နားထောင်၏။ အမှား အယွင်း အဖြစ်မခံနိုင်ဘူးလေ။

"ရှူး အသာနေ" ဟု ဂျိန်းကို အသံမပြုဖို့ သူ တားလိုက်သေး၏"
သည်ကားသံ "ဗျုစ်" အစစ်၊ သိပ်သေချာသည်။ သို့သော် သူ ဖြေချိန်မရလိုက်တော့
"ဖယ် ဖယ် နင်ဘာလုပ်တာလဲ ဂျိန်း"
ဂျိန်းလက်ကို အတင်းဖယ်ပြီး ဂီနီ ထပြေးတော့သည်။ သူ့အိမ်ဆီသို့ တကျိုးတည်း လစ်ပြီး မီးဖိုဆောင် တံခါးဝ တွင် ပျောက်ကွယ်သွားတော့၏။ ညပိုင်းတွင် တီဗွီ ကြည့်ဖို့ ဂျိန်းတို့ အိမ်သို့ ဂီနီ ရောက်လာသည်။ ခပ်မှောင်မှောင် ဧည့်ခန်းထဲတွင် ဂျိန်း ကျိတ်ပြုံးနေ၏။ မိမိ အောင်မြင်သွားပြီ ဖြစ်ကြောင်းလည်း ကောင်း ကောင်း နားလည်လိုက်သည်။
အခန်း(၅)
ဂျိန်း
၁၉၅၉ ခုနှစ်။

"ဒါဟာ စာပေ မဟုတ်ဘူး၊ လက်နှိပ်စက်စာလုံးတွေပဲ"
ဟစ်ပီစာရေးဆရာ ဂျက်ကီရောစ်၏ စာအုပ်ကို ဝေဖန်ရေးဆရာ ထရူးမင်းက ပုတ်ခတ် ဝေဖန်သည်။
၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်ထိ လေးနှစ်ကာလသည် မစ်ဇိုရီ တက္ကသိုလ်တွင် ဂျိန်းကျင်လည်ခဲ့သော နှစ်များ ဖြစ်လေ သည်။ သမားရိုးကျ လမ်းရိုးလမ်းဟောင်း လိုက်မလား၊ သစ်လွင်သည့် ဟစ်ပီ လောကထဲ ၀င်မလား ဟူ သည့် လမ်းနှစ်သွယ်ကို ရွေးချယ်ရမည့်ကာလ၊ လမ်းရိုးလမ်းဟောင်းတွေ စည်းရိုးလှလှ နှင့် အိမ်များ ရှိသည်။ စားကောင်းသောက်ဖွယ်တွေ ရှိသည်။ အိုက်စင်ဟောင်ဝါ ရှိသည်။ ကျေးလက်ဆန်သည့် ပုံသေ လှုပ်ရှားမှု များ ရှိသည်။ လုံလုံခြုံခြုံ ရေကူးဝတ်စုံနှင့် မီးခိုးရောင် ဖလန်နယ်ဝတ်စုံများ ရှိသည်။ ပြီးတော့ ပက်ဘွန်း နှင့် ဒက်ဘီဂန်းတို့၏ တေးသံများ ရှိသည်။ စနေညနေပိုင်း သတင်းစာ ရှိသည်။

"အဲဒါတွေက လူဖျင်းတွေအတွက်ပဲ" ဟု ဂျိန်းက မှတ်ချက်ချသည်။
ဟစ်ပီတို့လောကသည် တောက်ပရွှန်းလက်၏။ အန္တရာယ်ပြွမ်း၏။ စိတ်လှုပ်ရှားစရာ ကောင်း၏။ ဟစ်ပီတို့၏ ဌာနချုပ်မှာ အရှေ့ကမ်းခြေ၊ ဂရင်းဝစ်ခ်ျရွာတွင် ရှိသည်။ အရောင်အသွေးစုံလှသည့် အရက်ဆိုင်များ၊ ကော်ဖီဆိုင် များတွင် နရီသွက် တေးသံများ လွှမ်းနေ၏။ စမ်းသပ် ကပြသည့် အပျော်တမ်း ခေတ်ဆန်းက ဇာတ်ရုံများ ရှိ၏။  လမ်းသစ်ရှာနေသည့် ပန်းချီပြခန်းများ ရှိ၏။ ဆန်ဖရန်စစ္စကိုသည် အနောက်ကမ်းခြေ၏ ဟစ်ပီမြို့တော် ဖြစ်သည်။

အနောက်ကမ်းခြေမှ ကဗျာဆရာများက  အရှေ့ပိုင်းမှ လေးကြောင်းစပ်ကာရန် ကဗျာပုံစံကို လက်တွန့် နေချိန် တွင် အရှေ့ပိုင်းမှ ခြေညှပ်ဖိနပ်စီး၊ မုတ်ဆိတ်ဆံရှည် စာရေးဆရာများက စာပေကို ဟန်သစ်ဖြင့် မီးရှူး မီးပန်း လွှတ်နေကြပြီ။
သို့သော် အရှေ့နှင့် အနောက်ကမ်းခြေ နှစ်ခုစလုံးမှ ဟစ်ပီတို့သည် ဆေးခြောက်စွဲလမ်းမှု၊ စစ်ဆန့်ကျင်မှု ဘုံဝါဒ စနစ် ယုံကြည်မှု၊ အချစ်ကို မျှဝေခံစားမှု၊ အသည်းပုံကို မေတ္တာသင်္ကေတ အဖြစ် သတ်မှတ်မှုတို့တွင် တူညီ ကြလေသည်။ ထိုအရာအားလုံး ရေနွေးကရားတစ်ခုတည်းတွင် ရောမွှေဆူပွက်နေခြင်းပင်လျှင် ဟစ်ပီ တို့ ၏ အဘိဓမ္မာတရား ဖြစ်လေသည်။

ကာလဒေသ ပယောဂအပြင် အသက်အရွယ်နှင့် ပင်ကိုအရည်အသွေးကြောင့် ဂျိန်းသည် လမ်းသစ် ထွင်သူများဘက်သို့ ပါသွားလေတော့သည်။ သို့သော် တောသူတောသားများ ၀တ်သည့် ၀တ်ရုံကြီးကို ဘိုသီ ဘတ်သီ မ၀တ်။ ဖက်ရှင်သစ်ဖြစ်သည့် ဧရာမ ငွေနားကွင်းကြီးများကို နားမှာ မဆင်။ ဆံပင်ကိုတော့ အလေ့ကျ ပေါက်နေသည့် ချုံပုတ်တစ်ခုလို မဖြီးမသင်ဘဲ လွှတ်ထားလိုက် သည်။
"နင့် ကြည့်ရတာ ပေါက်လွှတ်ပဲစားနဲ့ တူလိုက်တာဟာ" ဟု ဗိုင်းကောင်းကျောက်ဖိ အေမီက ဝေဖန်သည်။
"နင့် မှာ ဘီး မရှိဘူးလား" ဟု ၀ီလ်မာက မေးတတ်သည်။

ဝီလ်မာ ၏ စဉ်းစားရာ ကင်းမဲ့ပုံကို မတုံ့ပြန်တော့ဘဲ
"ငါက ဒီလိုနေရတာကို အရသာ တွေ့တယ်" ဟုပဲ ပြန်ပြောလိုက်သည်။
ဟစ်ပီ လောကသည် ဂျိန်း စိတ်ဝင်စားခြင်းမှာ အချစ်ကိစ္စတွင် အတားအဆီးမရှိ ပွင့်လင်းခြင်း ကြောင့်လည်း ဖြစ်သည်။ နောက်တစ်ချက်မှာ သူတို့သည် စာရေးဆရာ များကို အလေးထား လေးစားသူများ ဖြစ်ကြောင်း ကြားဖူး ထား၍ ဖြစ်၏။

တစ်ခုတော့ ရှိသည်။ ဟစ်ပီအုပ်စု တော်တော်များများသည် အားလုံး ယောက်ျားတွေချည်း ဖြစ်နေ ခြင်းအတွက် ဂျိန်း သဘောမတွေ့။ သူတို့အားလုံးကို ခွဲခွဲခြားခြား မြင်၍မရ။ အားလုံး တစ်ပုံစံတည်း လိုလို ဖြစ်နေ၏။
စွဲမက်စရာ ကောင်း၏။ အားကောင်းမောင်သန်း ယောက်ျားပီသ၏။ ခေတ်ပေါ်အားဆေးများ မှီဝဲပြီး အရက်  ခိုး ဝေနေသည့် သူတို့၏ စိတ်ဓာတ်များသည် စိတ်လှုပ်ရှားစရာ ကောင်း၏။ ရင်ခုန်စရာ ကောင်း၏။ သို့သော် ဂျိန်း ၏ အတွေ့အကြုံအရ သူတို့ ဖန်ဆင်းသည့် ယောက်ျားဇာတ်ကောင်များ ၏ ခွန်အားသည် အရှိထက် ပိုလွန်း နေ၏။
ဂျိန်း က မိန်းမ  ဂျက်ကီရုစ် မဖြစ်လို၊ အမေရိကန် ဖရန်စီဆာဂန်သာ ဖြစ်ချင်၏။

"ပြင်သစ်မှာ သူကျော်ကြားသလို ကိုယ်ကျော်ကြားချင်တယ်၊ ငယ်ရွယ် နုပျိုရမယ်၊ စွဲမက်စရာ ကောင်းရမယ်" ဟု သူ့ အိပ်မက်များအကြောင်းကို ၀ီလ်မာအား ဖွင့်ပြောဖူးသည်။
နောက်ဆုံးနှစ် ရောက်တော့ ပြင်သစ်ဝတ္ထု နှစ်ပုဒ်ကို နှိုင်းယှဉ်စစ်တမ်းထုတ်သည့် စာတမ်းတစ်ခု ရေး တင်သည်။ ရနေကျအတိုင်း အဆင့် "အေ"ရသည်။ ရသစာပေပိုင်းတွင် ၀တ္ထုတစ်ပုဒ် ရေးတင် သည်။ ဇာတ်လမ်း မှာ အဖေ၏ ချစ်သူ မိန်းကလေး ကို မတော်တဆ သတ်မိသည့် ကောလိပ် ကျောင်းသူ တစ်ယောက်အကြောင်းဖြစ်သည်။ ခရစ္စမတ်ရက်တွင် စကိတ်စီးထွက်ကြရာမှ ဇာတ် လမ်းစထား၏။
ဇာတ်လမ်းကျော`ရိုးက သူလေ့လာနေသည့် ပြင်သစ်ဝတ္ထုတစ်ပုဒ်မှ ခပ်တည်တည် ခိုးချထားခြင်း ဖြစ်သည်။ ၀တ္ထု နာမည်ကိုလည်း ပြင်သစ်ဝတ္ထုအတိုင်း "နှုတ်ဆက်အနမ်း" ပေးထား၏။ ဥရောပ ရှုထောင့်မှ လိင်ကိစ္စ အမြင် ကို ရဲရဲတွေး ရဲရဲရေးထားခြင်းဖြစ်၏။

" အကျင့်ပျက်စာပေမျိုးပဲ၊ အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်က သူ့သမီးထက် ငယ်တဲ့ မိန်းကလေး တစ်ယောက် နဲ့ အတူတူ အိပ်သတဲ့ "
ရသစာပေ သင်တန်းကို ပို့ချသည့် ဆရာမ  လူစီပီယာဆင်က  ဤသို့ ကောင်းချီးပေးပြီး အင်္ဂလိပ် စာဌာနမှူး လီယိုနယ်ဆင်ဒါဆင် ထံသို့  ဂျိန်း၏ ၀တ္ထုကို တင်ပြသည်။
အမျိုးသမီးရေးရာဌာနမှူး အက်စ်သာရောက်ဒ်ထံသို့ ဆင်ဒါဆင်က " လူစီပြောသလောက် မဟုတ်ပါ" ဟူ သည့် မှတ်ချက်ဖြင့် ဆက်တင်သည်။ ကြမ်းသည့် အခန်းများကိုတော့ ပါမောက္ခ ဆင်ဒါဆင် စိတ်ပျက် သည်။

သည် ၀တ္ထုအတွက် ဂျိန်း ကျောင်းထုတ်ခံရလုမတက် ဂယက်ရိုက်သွားသည်။ ကျောင်းသားရေးရာ ဌာန ကရော၊ ဌာနမှူးများကပါ ၀ိုင်းကန့်ကွက်သည်။ မဖတ်သင့်သည် စာပေအမျိုးအစားအဖြစ် ၀ိုင်း အော်ကြသည်။ တက္ကသိုလ်ပရိဝုဏ်တွင် ဂျိန်း နာမည်ကြီးသွားပြီ။
" သမီး နာမည် ကျော်သွားပြီ မေမေ "
ဂျိန်း က အမေ့ကို ၀မ်းသာအားရ ပြောသည်။

"ဟုတ်လား၊ သမီး ၀တ္ထု အဲဒီလောက် ကောင်းလို့လား "
"ကောင်းတာပေါ့ မေမေရဲ့၊ သမီးလိုချင်တာ အဲဒီလို ဂယက်မျိုးပဲ "
လူတွေ အာရုံစိုက်လာအောင် လုပ်နိုင်သည့်စွမ်းအား မိမိတွင် ရှိနေဆဲ ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့၍ ဂျိန်း ၀မ်းသာမဆုံးဖြစ်နေသည်။
နာမည်ကျော် စာရေးဆရာမဖြစ်ဖို့ ဂျိန်းအိပ်မက်ေူတွ ဆက်မက်နေဆဲ။ တစ်ပြိုင်တည်းတွင် ပျံကျပုံစံ နေတတ်သည့် နာမည်ကျော် စာရေးဆရာတစ်ယောက်၏ ချစ်သူဖြစ်ရရင် ဘယ်လိုနေမလဲဟု ဂျိန်း တွေးပြီး ရင်ခုန်ကြည့်သည်။ စင်စစ် ဂျိန်းကျင်လည်နေရသည့် နေ့စဉ်ဘ၀က အမေရိကန် အနောက် အလယ်ပိုင်း ပုံစံဖြစ်သည်။ ရှေးရိုးဆန်ဆန် အေးအေးငြိမ်ငြိမ်၊ ဟစ်ပီတွေ ဆေးခြောက်နှင့်ဂီတသစ် တွင် အသားကျ နေသလို၊ ဂျိန်းကလည်း မိရိုးဖလာ အစဉ်အလာတွင် ကျင့်သားရပြီးသား။

လည်ဆွဲတန်ဆာ၊ လက်ဝတ်ရတနာများကို ဂျိန်း မက်မောခဲ့၏။ ဇာထိုးပန်းထိုး အဆင်တန်ဆာများကို ၀ါသနာ ပါခဲ့၏။ သည်ဘ၀မျိုးကို ကျောခိုင်းပြီး ဟစ်ပီလောကကို မျက်နှာမူခဲ့ ခြင်းဖြစ်လေသည်။
၁၉၅၀ ပြည့်နှစ်များနှင့် ခြောက်ဆယ်ပြည့်နှစ် တစ်ဝိုက်တွင် နယူးယောက်သည်၊ အတိအကျ ပြော ရလျှင် ဂရင်း ၀စ်ခ်ျရွာအုပ်စုသည် ဟစ်ပီဌာနချုပ် ဖြစ်လာပြီး တစ်ကမ္ဘာလုံးက အာရုံစိုက်ရသည့် ဒေသ ဖြစ်လာ သည်။

ဆန်ဖရန်စစ္စကိုကို ဂျိန်း သိပ် စိတ်မ၀င်စားပါ။ နယူးယောက်နှင့်စာလျှင် ဆန်ဖရန်စစ္စကိုသည် ဇနပုဒ်မျှသာ ဖြစ်လေသည်။ ဆန်ဖရန်စစ္စကိုလောက်ကို အထင်ကြီးလျှင် ဂျိန်းတစ်ယောက် စိန့်လူး ၀စ်စ်မှ ထွက်လာ ဖြစ်မည် မဟုတ်ပါချေ။ အချိန်တည်းဟူသော ကဗျာရှည်ကြီးသည် တစ်ပိုဒ်ပြီး တစ် ပိုဒ် တရွေ့ရွေ့ ရှေ့တိုး နေချိန်တွင် ဂျိန်းသည် မိန်းမသားဖြစ်ရခြင်းအတွက် ကျေနပ်ကြည်နူးချက် ရှိ၏။
ဘာသာရေးကို တစ်ဖက်က ကိုင်းရှိုင်း၏။ သို့သော် ခြေသလုံးမွေးရိတ်သည်။ မျက်ခုံးမွေးနှုတ်သည်။ ညစာ စားပြီး လျှင် စားနေကျ အချိုပွဲများကို ရှောင်သည်။ မအိပ်ခင် ဆံပင်ကို ပုံသွင်းသည်။ ဖက်ရှင် မဂ္ဂင်ဇင်းများ အညွှန်း အတိုင်းလိုက်နာ ကျင့်သုံးသည်။ အားပျော့ အမြှုပ်ငြိမ်ဘီယာ အပါအ၀င် ဆေးရည်မျိုးစုံကို အသုံးပြု သော်လည်း ဆံပင်တွေက လှလှပပ ဖြစ်မလာ။ ဆံပင်ကို ကြိုးကြိုးစားစား ပုံသွင်းပြီး အတွဲနှင့် အပြင် ထွက်သည်။ တစ်ခါတွင် ခေါင်းပေါ်တွင်  ၀ါးစည်းပြေသလို ပြိုကျသဖြင့် အရှက်တကွဲ ဖြစ်ခဲ့ရဖူး၏။

ဆံပင် ကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေသလို ဂျိန်းသည် သူ့ခနဓာကိုယ်ကိုလည်း မထိန်းနိုင် မသိမ်း နိုင် ဖြစ်လာ ၏။ အချိုပွဲကို ဘယ်လောက်ပဲ ရှောင်ရှောင်၊ ကော်ဖီနှင့် ထောပတ်ကို ဘယ်လောက် လျှော့လျှော့ တင်သားတွေက ကျစ်ကျစ်လျစ်လျစ် ဖြစ်မလာ၊ ခါးအောက်တွင် ဘောလုံးကြီးနှစ်လုံး ကပ်ထားသလို စိတ်ထဲ ထင်လာ၏။

ကယ်လ်ဗင်ရေးသည့် စာအုပ်ထဲ က အလေးချိန် လျှော့နည်းအတိုင်း၊ အာဟာရနှင့် တိုက်ပွဲဝင်ပြန် ၏။ ဗိုက် မ၀တော့ နုံးနုံးခွေခွေ ဖြစ်လာ၏။ စိတ်တိုလာ၏။ ထို့ကြောင့် ဆီဦးထောပတ်တွေ ဖိစားရ ပြန်၏။
ဤသို့ဖြင့် ဂျိန်းသည် ဘယ်လိုမှ ညှိ၍မရသော အစွန်းနှစ်ဖက်ကြားတွင် ထွက်ပေါက်မရှိ  ပိတ်မိနေ၏။ ကောင်းကောင်း စားလျှင် နေလို့ထိုင်လို့ ကောင်း၏။ သို့သော် လူက ကောက်ညှင်း ထုပ်လို ဖြစ်လာ။ မစားလျှင် ခန္ဒာ ကိုယ်က ကြည့်ပျော်ရှုပျော်ဖြစ်လာ၏။ သို့သော် ရွှင်လန်းကျန်း မာခြင်းမရှိတော့။

ကြာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ကုန်လာသည်။ ဆံပင်နှင့် တင်ပါးကို မကျေမနပ် ဖြစ်နေရာမှ ပေါင်တံ တွေက မတရား တုတ်လာ၏။ ငါးရံ့ကိုယ်ကလေး ဘယ်ရောက်သွားပြီလဲ။
အများနည်းတူ ကွင်းထဲတွင် အားကစား လှုပ်ရှားမှု၌ ဂျိန်းဘယ်တော့မှ ရက်ပျက်သည် မရှိ၊ လုပ်ပြီဆိုလျှင် သူများ ထက် ပိုရမှ ကျေနပ်သည့် ဂျိန်းဖြစ်သဖြင့် အများတကာထက် အပင်ပန်းခံ ကစား၏။
တွဲလိုက်သည့် အတွဲတွေကလည်း မရေမတွက်နိုင်တော့။ ဟောတစ်ယောက် ဟောတစ်ယောက်      အချစ်သည် မိမိအတွက် အာဟာရတစ်မျိုးဖြစ်ကြောင်း ဂျိန်းက ပွင့်ပွင့်လင်းလင်း ကြေညာထား၏။ နောက် တစ်ယောက်  မတွေ့မချင်း လက်ရှိ ချစ်သူကို မက်မက်မောမော ချစ်တတ်၏။ သည်အတွက်လည်း တက္ကသိုလ် ပရပုဏ်တွင် ဂျိန်းနာမည်ကျော်နေပြီ။ ဂျိန်း ပျော်ပါသည်။
"အချစ်ပန်းဦးကို တယုတယ ထိန်းသိမ်းတယ်ဆိုတာ မနူးမနပ်ကလေးတွေလုပ်တဲ့ အလုပ်ပါ။ ဂျိန်းက အချစ် မှာ ယစ်မူးချစ်တော့ အဲဒါက တစ်ယောက်တည်းဆီမှ မရနိုင်ဘူးလေ" ဟု အသံ အက်တက်ကလေးဖြင့် ဂျိန်း ပြောလေ့ ရှိ၏။

အချစ်သည် အရာတိုင်းကို ရှင်သန်စေသည်ဟု အချစ်သည်းသူ ဂျိန်းက ဆိုပြန်လေသည်။ ငါးဆယ်ခုနှစ် များသည် ကောလိပ်ကျောင်းသူတို့ ဗိုင်းကောင်းကျောက်ဖိ ရှိသေးသည့် ကာလ ဖြစ်၏။ ဂျိန်းသည် အချစ်ကိစ္စ တွင် ခေတ်ကို တော်လှန်သူ သူပုန်မကလေး တစ်ယောက် ဖြစ်၏။ သို့သော်လည်း နောက်ဆုံးနှစ် များတွင် အတည်တကျ ဖြစ်ဖို့အကြောင်း ဖန်လာလေတော့သည်။
ဂျိန်း နှင့် ငြိတွယ်လာသူမှာ စိန့်လူးဝစ်ဆေးတက္ကသိုလ်မှ ဘွဲ့ရပြီးစ ကန်ဒရစ် ဖြစ်သည်။ မွေးချင်း ငါးယောက် တွင် နစ်က တတိယ၊ ဆံပင်နက်နက်နှင့် အရာရာကို အလေးအနက် ထားတတ်သူ လူငယ်တစ်ယောက် ဖြစ်သည်။

ရုပ်ရည်ချောမောပြီး အနာဂတ်ကို ပုံသေတွက်ထားသည့် ရည်ရွယ်ချက် မြင့်မားသူမျိုး ဖြစ်၏။ မိန်းမ ယူမည်။ အိမ်ထောင်စု တစ်ခုကို ဖူဖူလုံလုံ နေရအောင် တည်ဆောက်မည်။ အလုပ်ကို ကြိုးစား လုပ်မည်။ ရည်မှန်းချက် ပန်းတိုင် ကို အရောက်သွားမည်။ ကြိုးစားမှု၏ အသီးအပွင့်များ ပျော်ရွှင်မှုများကို မိသားစုနှင့် အတူ မျှဝေခံစားမည်။ သူတို့နှစ်ယောက် ပြဇာတ်ရုံထဲတွင် ဆုံကြခြင်း ဖြစ်သည်။ "အင်နီဖရန့်၏ ဒိုင်ယာရီ" က ဇာတ်ကို နစ်က ညီမ၀မ်းကွဲတစ်ယောက်နှင့်အတူ လာကြည့်သည်။ ထိုမိန်းကလေးက ဂျိန်းနှင့် တစ်တန်း တည်း ကျောင်းသူ။ ဂျိန်းက ထုံးစံအတိုင်း နောက်ဆုံးအတွဲနှင့် ကဇာတ်လာကြည့်ခြင်း ဖြစ်၏။ မုတ်ဆိတ်မွေး အရှည်စား နှင့် တက္ကသိုလ် အသံလွှင့် အစီအစဉ်မှ ဂီတသတင်း ကြေညာသူ။

နစ်က ဂျိန်းကို ၀င်လာကတည်းက သတိထားမိ၏။ စင်စစ် ဂျိန်းကို လူတိုင်း သတိထားမိကြမည် မုချ။ ကိုယ်လုံး ကိုယ်ပေါက် တောင့်တောင့်၊ ဆံပင် မသေမသပ်နှင့်။ ၀တ်စားထားပုံက အီတလီ ရုပ်ရှင်မင်းသမီး နှင့် နင်လား ငါလား။
"အဲ ဒါဘယ်သူလဲကွ" နစ်က ညီမ လုပ်သူကို မေးသည်။

"ကျောင်းမှာ အကဲဆုံးပေါ့။ ကံကောင်းလို့ ကျောင်းထုတ်မခံရတာ၊ အပြာရောင် လွှမ်းတဲ့ ၀တ္ထုတွေ ရေးပြီး ရသစာပေ ပါလို့ ကြွေးကြော်နေတဲ့ မအ၀ှါလေ"
အပြာရောင်လွှမ်းတဲ့ ၀တ္ထုတွေရေးတဲ့ မိန်းကလေးတဲ့။ နစ်အတွက် အရမ်း ထူးဆန်းနေသည်။ ညီမ လုပ်သူကို အတင်း မိတ်ဆက်ခိုင်းသည်။
ရုပ်ရှင်ထဲတွင် အာရုံစိုက်နေသည့် ညီမလုပ်သူက
"ဘာလဲ နာချင်လို့လား" ဟု သတိပေးသည်။ သို့သော် မြင်မြင်ချင်း ရင်ခုန်နေသူ နစ်က ညီမ လုပ်သူ၏ သတိပေး စကား ကို လုံးဝ အမှု့မထားခဲ့ပေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၁၄)

ညာမေတင် အိပ်ပျော်သွားသောအခါ စောင်ပုခက်ထဲမှာ ထည့်ပြီး ခြေလှမ်းသွက်သွက်ဖြင့် ထမ်းလာခဲ့ ကြရပြန်သည်။ မိုးကောင်းမြို့အ၀င်သို့ ရောက်သောအခါ ညာမေတင်အိပ်ရာက နိုးအောင် စောင့်ကြသည်၊ ဘေးရန် ကင်းဝေးပြီ ဖြစ်သည့်အတွက် စိတ်လက်ချကာ နားနားနေနေစားရင်း သောက်ရင်း စောင့်ကြည့် နေကြခိုက် မှာ ညာမေတင်က အိပ်ရာက နိုးလာသည်။
ညာမေတင်ကား ပင်ပန်းနွမ်းနယ်လှချေပြီ၊ ထမ်းစင်ပေါ်က လိုက်လာရသည် ဆိုသော်လဲ အစားအစာ ကို မစားနိုင်ခြင်း၊ စိတ်ကျဉ်းကြပ်ခြင်း၊ ပူဆွေးသောက ဖြစ်ရခြင်းတို့က စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရှာ သည်။

"ညီမလေးရေ ဟိုအကောင်ရှိတဲ့နေရာကို သိပြီ၊ ဟိုအကောင်ကို သတ်နိုင်အောင် ဒို့မြန်မြန် လိုက်မှ ဖြစ်မယ်၊ သွားစို့နော်"
ဟိုအကောင် ဆိုသော စကားလုံးကြောင့် ညာမေတင်သည် သွက်သွက်ကြီး ဦးခေါင်းငြိမ့်လိုက်သည်။

"ဘယ်ကိုမှ မသွားဘဲကိုကို့နောက်ကိုလိုက်ခဲ့၊ ဟိုအကောင်ကို တွေ့ရမယ်"
အေး...ဟိုအကောင်ကို ငါသတ်မယ်
ညာမေတင် က ပြောသည်၊ ကိုမြင့်ညိုသည် ညာမေတင်၏ခြေမှာ ချည်ထားသည့်ကြိုးကို ဖြေပေးလိုက် သည်။

မဖြေ၍လဲ မဖြစ်တော့ချေ၊ မိုးကောင်းမြို့ထဲသို့ ၀င်ရတော့မည်ဖြစ်ရာ ချောမောလှပသော မိန်းမ ပျိုလေး တယောက်ကို တောတိရစ္ဆာန်ရိုင်း တကောင်လို ခြေထောက်ကို ကြိုးဖြင့် ချည်ခေါ်လာ သည်မှာ လူမြင်၍ လုံးဝ မသင့်လျော် သည့်အပြင် ဘာကြောင့် ကြိုးချည်လာည်ကို မေးကြမြန်းကြရာမှ သက်ဆိုင် ရာတို့၏ မေးမြန်း စစ်ဆေး သည့်အထိ ဖြစ်သွားနိုင်သည်၊ ထိုအပြင် ထို့သို့မေးမြန် စစ်ဆေးခြင်း ခံရသည့်အခါ နောက်ကြောင်း ရာဇ၀င်ကို စုံစေ့စွာ ဇာတ်လှန် ပြောကြားနေခြင်းဖြင့် ညီမလေး ညာမေတင် သည် ထောထဲ မှာ လူလာ တိရစ္ဆာန်လားမသိရသည့် အကောင်တကောင်နှင့် ပေါင်းသင်း ဆက်ဆံလာခဲ့သည့် အကြောင်းပါ တစွန်းတစ ပေါ်တော့မည်ဖြစ်သည်။ ထို့ကြောင့် ကိုမြင့်ညိုက ညာမေတင်ခြေမှာ ချည်ထားသည့် ကြိုးကို ဖြေလိုက်ခြင်း ဖြစ်သည်။ ခြေထောက်မှာ ကြိုးကို ဖြေလိုက် သော်လဲ ကိုမြင့်ညိုသည် သတိလက်လွတ် မဖြစ်ပေ။

"ခင်ဗျားတို့နှစ်ယောက်က ညီမလေးနောက်က နီးနီးကပ်ပြီး လိုက်ခဲ့ကြပါ၊ တကယ်လို့ မြို့ထဲရောက် တဲ့ အခါ သူမမြင်ဘူးတာတွေကို မြင်ရင် စိတ်ရိုင်းပြန်ဝင်လာပြီး ထွက်ပြေးသွားမယ် စိုးရတယ်၊သူ့အရိပ် အကဲကို သတိထား ကြည့်ပြီး ဟန်ပုံမပေါ်ရင် ကြိုးပြန်တုပ်နိုင်အောင်ပေါ့၊ ဒီလို ကြိုးပြန်ချည်ရတဲ့ခါ မေးကြ မြန်းကြရင် စိတ်နောက် နေတယ်လို့သာ ယုတ္တိရှိရှိ ဖြေပေးကြနော်"ဟု မှာကြားလိုက်သည်။
အထမ်းငှားလာသည့် လူလေးယောက်ကိုမူ သူတိုကဆောင်ရွက်ရမည် တာဝန်ပြီးဆုံးပြီ ဖြစ်သော ကြောင့် သူတို့ကျေနပ်စွာ တောင်သည့် အဖိုးအခအပြင် ကိုမြင့်ညိုက ကျေးဇူတင်သည်ဟုဆိုကာ ဆေးလိပ်ဖိုး မို့ဖိုး အပိုပေး လိုက်သေးသည်။

သို့နှင်ပင် သုံးယောက်သား သတိထားကြပ်မတ်ခါ ညာမေတင်ကို သတိကြီးစွာ စောင့်ကြည့်ကာ ရန်ကုန်သို့ ချောမောစွာ ခေါ်ဆောင် လာနိုင်ခဲ့ကြသည်။
ညာမေတင် သည် သူချစ်မြတ်နိုးလှသော ခင်မောင်အေးသည် သေဆုံးသွားလေပြီဟု ကြားရခြင်း၊ သူ့လက်စားချေ လိုလှသော ဟိုအကောင်ကိုအလွန်အမင်း ရင်ဆိုင်လိုခြင်း၊ ကိုမြင့်ညိုကို ခင်မင်နေခြင်း တို့ကြောင့် ရုန်းကန်အော်ဟစ်ဆူပုခြင်း မပြုဘဲ ငြိမ်ငြိမ်သက်သက်ပင် လိုက်လာခဲ့သည်။ လမ်းခရီး တလျှောက် မှာ သူမမြင်ဘူးသည့် သက်ရှိ သက်မဲ့ တွေကို ကြီးစွာသော အံ့သြခြင်းဖြင့် အိပ်ငိုက်ခြင်း၊ တွေဝေခြင်း မရှိဘဲ စိတ်ဝင်စားစွာ ကြည့်လာခဲ့သည်။

ညာမေတင်၏ အမူအရာကို မြင်ရသော ကိုမြင့်ညိုမဆိုးနှင့်၊ ကိုထွန်းအံ့နှင့် ကိုဘသော်တို့ပင် သနားကြင်နာ လာကြသည်။
ကိုမြင့်ညို၏ ဘခင်ကြီးသည် ချောချောမောမောပါလာသော သမီးလေး ညာမေတင်ကို ကြည့်မြင်ရ သောအခါ ၀မ်းသာ ၀မ်းနည်းဖြင့် မျက်ရည်မဆည်နိုင်အောင် ဖြစ်နေသည်၊ သမီးလေး သမီးလေးဟု နှုတ်မှ တတွတ်တွတ် ခေါ်နေသော်လဲ ညာမေတင်ကား ဘာမှန်းမသိရသည့်အလျောက် ခပ်ကြောင် ကြောင်သာ ကြည့် နေသည်။ ညာမေတင် ထွက်မပြေးနိုင် ခြံဝင်းတံခါးနှင့် တိုက်တံခါးကို သော့ခတ်ပိတ် ထားသည်။

ညာမေတင်ကို စိတ်တိုင်းကျ နေထိုင်ရန် လိုက်လျောထားကြသည်၊ ပင်စင်ယူပြီးခါစ ကျောင်းအုပ် ဆရာမကြီး တဦးကိုနေစရာ အခန်းပေး၊ ထမင်းကြွေး၊ တလသုံးရာဖြင့် ငှားကာ ညာမေတင်ကို စာသင် ရန်၊ သွန်သင် ဆုံးမရန်၊ လူမှုရေးတွေမှာ ယဉ်ကျေးမှုနားလည်မှု ရှိလာစေရန် အပြောအဆို အနေအထိုင် သိမ်မွေ့ လာစေရန် တာဝန်ပေးထားသည်။

ကျောင်းအုပ် ဆရာမကြီးကလဲ ကိုမြင့်ညိုတို့ မိခင်နှင့် သိကျွမ်းခင်မင်ခဲ့ဘူးသည်ကြောင့် လိုလို ချင်ချင် တာဝန် ယူလိုက်သည်၊ ငယ်ရွယ်သော ဆရာမကို ငှားခြင်းထက် ယခုလို အသက်အရွယ်ကြီးရင့်သော ဆရာမကြီး မျိုးကို ငှားခြင်းက ညာမေတင်အဖို့ ပိုပီး အရာထင်သည်၊ တောတရိစ္ဆာန် အစစ်အရိုင်းအစိုင်းကို ပင် သင်ကြားလျှင် ယဉ်ကျေးလာတတ်သည်ဖြစ်ရာ လူသားအစစ်ဖြစ်သော ညာမေတင်သည် ဖခင်ရင်း အစ်ကိုရင်း တို့နှင့် အတူနေထိုင်ရပြီး ကျောင်းအုပ် ဆရာမကြီး၏ ကျင်လည်စွာ တိုင်တွယ် သွန်သင်မှု ကိုခံရသော အခါ အချိန်ကာလမကြာမှီမှာပင် ချစ်သူခင်မောင်အေးနှင့် တောထဲမှာ နေခဲ့ရသည့် မခင်မေ ဘ၀မှာ ကိုမြင့်ညို တို့ မိသားစု၏ ညာမေတင်ဘ၀သို့ ပြန်လည်ရောက် ရှိသွားသည်။

ဖခင်ရင်း အစ်ကိုရင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ ညာမေတင်သည်များစွာ အားတက် ၀မ်းမြောက် သွား ရှာသည်၊ သို့သော်တောထဲမှာ သေဆုံး ကျန်ရစ်ရှာသည့်မိခင် လူဝံမကြီး ဘခင်လူဝံကြီးနှင့် ချစ်သူ ခင်မောင်အေး တို့ကို မည်သည့်အခါမှ မမေ့နိုင်ရှာချေ။

ညာမေတင် ၏ စိတ်သည် မူရင်းအမှန်သို့ ပြန်ရောက်သွားသော်လဲ သူ့အပေါ်မှာ ကြီးမားသော ကျေးဇူး ကို ပြုထားသူ ကျေးဇူးရှင် လူဝံကြီးမောင်နှံနှင့် သူအသက်တမျှ ချစ်သောခင်မောင်အေးတို့ကို သတ်သွားသည့် အကောင် ကိုမူ အကြိတ်အခဲမကျေနိုင်ချေ၊ ထိုအကောင်သည် လူသားတယောက်ဖြစ် သည်ကို ညာမေတင် သိရပြီ ဖြစ်သည်၊ ထိုလူ အသုံးပြုသွားသည့် မိုးပေါ်က အသံမျိုးမြည်သည့် အရာ သည် သေနတ်ဖြစ်ကြောင်း ကိုလဲ ညာမေတင်သိပြီ ဖြစ်သည်။

သို့သော် ထိုလူကို လက်စားချေမည် ဟူသော စကားကိုမူ ဖခင်နှင့် အစ်ကိုကို မပြောချေ၊ ပြောလိုက် လျှင် ခင်မောင်အေး အကြောင်းပါလာတော့မည် ဖြစ်သည်၊ ပင်ကိုယ်စိတ်ပြန်ရောက်နေပြီ ဖြစ်သည့် ညာမေတင် သည် တောထဲမှာ သူ့ဘ၀ကြင်ဖော် ဖြစ်ခဲ့သော ခင်မောင်အေးကို အချစ်မပြယ်နိုင်၊ မမေ့ နိုင်ဖြစ်သော်လဲ ဖခင် နှင့် အစ်ကိုကို ရှက်ကြောက်အားနာ လာရမှန်းသိနေပြီ ဖြစ်သောကြောင့် ဖခင်နှင့် အစ်ကိုရှေ့မှာ ခင်မောင်အေး နှင့် ပတ်သက်ပြီး ဘာမှ မပြောဘဲ မေ့ပျောက်ဟန် နေသော်လဲ စိတ်ထဲမှာ မူတငွေ့ငွေ့ သတိရ လွမ်းဆွတ်နေခဲ့သည်။

ညာမေတင်အတွက် တာဝန်ယူထားသည့် ကျေင်းဆရာမကြီးကလဲ အိမထောင်မရှိသည့် လူလွတ် အပျို ကြီး တယောက်ဖြစ်သည်၊ ထိုကြောင့် နောက်ပိုင်းငဲ့စရာ မလိုချေ၊ ညာမေတင် အနားမှာ အချိန်ပြည့် ရှိနေ သည်၊ ဆရာမကြီး၏ ပဲ့ပြင် သွန်သင်မှုကြောင့် ညာမေတင်သည် အ၀တ်အဆင်မှာ ရှေးရိုးမကျသော်လဲ သိက္ခာ ရှိရှိဖြင့် ယဉ်ကျေး သိမ်မွေ့စွာ ၀တ်ဆင်ထားသောအခါ ပင်ကိုယ်က ချောမောလှပသော ညာမေ တင်သည် မြင်ရသူ ယောက်ျားပျိုတိုင်း၏ မျက်စေ့ကျစွဲလန်းခြင်း ခံလောက်သည် ရုပ်ရည်မျိုး ဖြစ်သည် ကိုမည်သူမှ မငြင်းနိုင်ချေ။

သုံးနှစ်တာမျှသော အချိန်အတွင်းမှာ ညာမေတင်သည် ဆရာမကြီး ကျေးဇူးကြောင့် မြန်မာစာ အင်္ဂလိပ် စာကိုကောင်းစွာ ရေးတက် ဖက်တတ်သည်၊ အင်္ဂလိပ် စကားကို သွက်လက်ချောမောစွာ ပြောဆိုနိုင် သည့်အခြေသို့ရောက်လာသည်။ အိမ်ကိုရောက်လာသည့် ဧည့်သည်တွေကို ယဉ်ကျေးသိမ်မွေ့စွာ အချိန်အခါနှင့် သင်လျော်သည့် စားသောက်ဘွယ်ရာဖြင့် ဧည့်ဝတ်ပြုတတ်လာသည်။
မျောက်မြင်လေ အုပ်ခဲနဲ့ ထုချင်လေဆိုသော စကားအတိုင်း ညာမေတင်သည် ကျေးဇူးရှင် လူဝံကြီး မောင်နှံကို လွမ်းတိုင်း အသက်တမျှချစ်သည့် ခင်မောင်အေးကို လွမ်းတိုင်း လူသတ်သမားကို သတိရ သည်။ သတိရသည့်အခါတိုင်းမှာလဲ လူသတ်ကောင်ကို လတ်စားချေလိုသည့်စိတ်များ ကြီးသည်ထက် ကြီးလာ သည်။

ညာမေတင်အတွက် အစစအရာရာပြည့်စုံသွားပြီဖြစ်သည့်အတွက် ညာမေတင်ကို တာဝန်ယူသွန်သင် ပေးနေ ရသည့် ကျောင်းဆရာမကြီးသည်လဲ သူ့တာဝန်ပြီးဆုံးပြီဖြစ်သောကြောင့် ညာမေတင်တို့အိမ်မှ ပြန်လည် ထွက်ခွာသွားသည်။

အိမ်ဖော်မိန်းကလေးတယောက်ဖြင့် ညာမေတင်သည် အိမ်တာဝန်ကိုရော ဘခင်နှင့် အစ်ကိုတာဝန်ကို ရော နိုင်နင်းစွာ ယူနေနိုင်သည်ဖြစ်ရာ ကိုမြင့်ညိုတို့သားအဖမှာ သေရွာပြန်သမီးလေး နှမလေးကို အရိပ် တ ကြည့်ကြည့် ဖြင့် ချစ်၍မ၀ သနား၍မ၀နိုင်အောင် ဖြစ်နေကြသည်။

အိမ်မှုကိစ္စ ဘခင်နှင့် အစ်ကိုအတွက် ဆောင်ရွက်ပေးစရာ ကိစ္စများပြီး၍ အားလပ်သည့်အချိန်တွင် ညာ မေတင် သည် အိမ်အပေးထပ် လသာဆောင်မှာ ထွက်ထိုင်နေတတ်သည်။ ထိုနေရာမှကြည့်လိုက်လျှင် ဗိုလ်ချုပ်ပန်းခြံ နှင့် ကန်တော်ကြီးရေပြင်ကို ကောင်းစွာလှမ်းမြင်နေရသည်။ ဗိုလ်ချုပ်ပန်းခြံသည် တောင် ကုန်း အနိမ့်အမြင့် လေးများနှင့် သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းများနှင့် စိမ်းလဲ့သော ကန်တော်ကြီးရေပြင်နှင့် ခြုံနွယ် ပိတ်ပေါင်းများနှင့်...

မိုးကောင်းကင်သည် မြူမင်းလွင် ဖုံးနေသည့်အခါသော်၎င်း၊ မိုးသားများမှိုင်းမှောင်လာသည့် အခါမှာ သော်၎င်း၊ ဗိုချုပ်ပန်းခြံကို မြင်ရသည်မှာ တောတောင် အငယ်စားလေးလို ဖြစ်နေသည်။ ထိုကြောင့် ထိုမြင်ကွင်း ကို ကြည့်ရလေတိုင်း မြင်ရလေတိုင်း ညာမေတင်သည် သူ့ကျေးဇူးရှင် လူဝံကြီးမောင်နှံနှင့် ပျော်ရွှင်စွာ နေထိုင်ခဲ့သော ချစ်သူခင်မောင်အေးနှင့် ပျော်ရွှင်စွာ နေထိုင်ခဲ့သော ကူမွန်တောင်တန်းကို ဖြေမဆည် နိုင်အောင် လွမ်းဆွတ် ပူဆွေးမိရှာသည်။

မိဘသဖွယ်ဖြစ်သော ကျေးဇူးရှင် လူဝံကြီး မောင်နှံသည် မျက်စေံ အောက်မှာပင် သေဆုံးသွားကြ သည်၊  သူ ကိုယ်တိုင် ပိုက်ပွေ့ ငိုကြွေးခဲ့ရသည်၊ သူကိုယ်တိုင် ခင်မောင်အေးနှင့်အတူ မြေတွင်းကြီးထဲ ကိုထည့်သွင်း မြှပ်နှံ ခဲ့ရသည် ထို့ကြောင့် ကျေးဇူးရှင် လူဝံကြီး မောင်နှံသေသည်ကို ညာမေတင် ပူဆွေး လွမ်းဆွတ် သော်လဲ သေပြီဟူသော အဖြစ်ကို စိတ်နှစ်လုံး ဒုံးဒုံးချထားသည်၊ ယခုခင်မောင်အေး သေပြီ ဆိုသည်ကို ညာမေတင် စိတ်ထဲမှာ ဘ၀င်မကျဘဲ ဖြစ်နေသည်။

တဘ၀ထဲနှစ်ဖြစ် လဲခဲ့ရသည်ကြောင့် ကြာရှည်လေးမြင့် နှစ်ပေါင်းများစွာ ကွဲကွာနေပြီးမှ ပြန်လည် တွေ့ဆုံ ရသည့် အစ်ကိုရင်း ဖြစ်သူက ခင်မောင်အေး သေသွားပြီဟု ဆို၍သာ လက်ခံလိုက်ရသည်၊ ခင်မောင်အေး၏ ရုပ်အလောင်း ကို သူမမြင်မတွေ့ခဲ့ရချေ၊ ခင်မောင်အေး မည်သို့သေသည်၊ မည်သည့် နေရာမှာ သေသည်၊ မြေမြှုပ်ခဲ့ သလား၊ တောကောင်တွေ ကိုက်ဆွဲစားသောက်၍ ဖြစ်အောင်ဤအတိုင်း ထားခဲ့သလား ဆိုသည် ကို သူမသိရချေ။

သတိမေ့နေရာမှ  သတိရလာသောအခါ ဤမျှလောက် စေ့စေ့စပ်စပ် မစဉ်းစားနိုင်သေးသည့်အတွက် ကိုမြင့်ညို က ခင်မောင်အေး သေသည်၊ ဟိုအကောင်သတ်သည် ဆိုသော စကားမျှလောက်ကိုသာ လက်ခံ နားထောင်ပြီး ကျေးဇူးရှင်လူဝံကြီးမောင်နှံကိုသတ် ချင်သူခင်မောင်အေးကိုလဲ သတ်သောလူကို ကြီးစွာ သော အညှိုးဖြင့် သတ်ချင်တာလောက်သာ သိသည်။

ဤအိမ်ကြီးသို့ ရောက်လာပြီး စိတ်ချမ်းသာအောင် အလိုလိုက် ချော့မော့ကာ သွငန်သင်ပြုပြင်ခြင်းကို ခံယူ၍ တဖြေဖြေးပြောင်းလဲကာ မူရင်းညာမေတင်ဘ၀သို့ ပြန်ရောက်လာသော အခါတွင် ဖခင်ရင်း အစ်ကိုရင်း ကို ရှက်ရမှန်း ရိုသေလေးစားရမှန်း သိလာသည်၊ ထို့ကြောင့် ခင်မောင်အေး အကြောင်းကို စေ့စေ့ စပ်စပ် သိလိုသော ဆန္ဒရှိလျက်နှင့် မေးရန် မ၀န့်မရဲဖြစ်နေသည်။
ဖခင် နှင့် အစ်ကိုကလဲ ခင်မောင်အေးကို မေ့ပျောက်သွားစေရန် အစွမ်းကုန် ကြိုးစားထားကြသည်၊ ထို့ကြောင့် ညာမေတင်သည် စကားအစရ ခက်နေသည်။
ရင်ထဲမှာ မြို့သိပ်ထားရလေ ညာမေတင်၏ ပူဆွေးလွမ်းဆွတ်မှုသည် ပိုမိုကြီးမားလာလေ ဖြစ်သည်။

သတိရလျှင် ရခြင်း ခင်မောင်အေးကို တမ်းတပြီး အော်ဟစ်ခဲ့စဉ်က ဟိုအကောင်ဆိုသော နာမည်ကို ထည့်ပြီး အော်ခဲ့မိသည်ကို ညာမေတင် သတိမရတော့ချေ၊ အကင်းပါးသော ကိုမြင့်ညိုက နှမလေး စကား ကို နင်းလိုက်ပြီး ဟိုအကောင် သတ်သည်ဟု ပြောခဲ့သည်၊ ထိုသည်ကို ညာမေတင်က အကြွင်း မဲ့ ယုံကြည် လိုက်သည်၊ မည်သို့ပင်ဖြစ်စေ ခင်မောင်အေး သေသည်ကို မျက်စေ့ဖြင့် မမြင်ခဲ့စေကာမူ ဟိုအကောင်ဆိုသူ အပေါ် မှာကား ညာမေတင်သည် မေ့ပျောက်၍ မရနိုင်အောင်ပင် လက်စားချေလို စိတ်ကခိုင်မြဲစွာ တည်ရှိ နေသည်၊ ထိုသို့ ခိုင်မြဲသည့် စိတ်ရှိသည့် အတွက်လဲ ဖခင်လူဝံကြီး သေခါနီးမှာ ပေးခဲ့သည့် လက်ချောင်းပြတ် ကို အမြဲသတိရနေသည်။ လက်ချောင်းမှာမူ ကူမွန်တောင်တန်း ဝေးကွာ လှမ်းသည့် အရပ် ဒေသ မှာ ကျန်ရစ်ချေပြီ။

လမင်းထိန်ထိန်သာသာ ညများမှာဆိုလျှင် ညာမေတင်သည အလျှင်းပင် အိပ်မရနိုင်တော့ချေ၊ သူ့အိပ်ခန်း ပြူတင်းပေါက် မှ ဗိုလ်ချုပ်ပန်းခြံကို လှမ်းမျှော်ကြည့်ရင်း တောတောင်လေးတခု ဖြစ်နေ သော ဗိုလ်ချုပ်ပန်းခြံ သည် ညာမေတင် မျက်လုံးထဲမှာ ကူမွန်တောင်ကို ထင်းထင်းကြီး မြင်လာစေသည်။

ယခုလို လသာသည့်ညများမှာ ညာမေတင်နှင့် ခင်မောင်အေးတို့သည် မြင့်မားသော သစ်ပင်ကြီးတွေ ထိပ်ဖျားပေါ်ကို တက်ကာ သစ်ပင်အမြင့်ထက်မှာ တယောက်ခါးကို တယောက်ဖက်ကာ ထိုင်ကြရင်း အမြင့်ထက်မှ စီးပြီး မြင်နေရသော တောတောင်သည် ထိန်ထိန်သာသာလရောင်ထဲမှာ ရှုမငြီးအောင် ကြည်နူး သာယာလှသည်ကို မျက်စေ့အရသာ ခံကြည့်ခဲ့ကြသည်၊ တညှင်းညှင်း တိုက်ခပ်လာသော လက်ဆတ် အေးမြသည့်လေကို သစ်ပင်ထိပ်ဖျားမှ အရသာခံပြီး အားပါးတရ ရှုခဲ့ကြသည်။ လရောင်ဖြင့် တောတောင် အတွင်းမှာ ကျက်စားသွားလာသော အစာရှာကြသော တောတိရစ္ဆာန်တွေကို သစ်ပင်ထက်မှ စိတ်အေး လက်အေး ငုံ့ကြည့်ခဲ့ရသည်မှာ ကြည့်လို့ ကောင်းလှ သည်။
                                                                                                                                            
"မခင်မေ ငါသိပ်ပျော်တာပဲဟယ် နင်နဲ့ငါသေတဲ့အထိ မခွဲဘဲ အတူတူနေကြအောင်နော်"
ခင်မောင်အေး သည် ညာမေတင်ကို သူ့အည်းနှလုံးထဲက ပေါ်လာသည့် စိတ်အတိုင်း ကြီးမားသော သူ့ အချစ်မေတ္တာကို သူပြောတတ်သလို စကားဖြင့် ပြောခဲ့သည်များကို ညာမေတင်သည် ပြန်လည် ကြားယောင် ကာ မျက်ရည်ကျမိသည်။

"အော်....ခင်မောင်အေးရယ်၊ ငါကလဲ မခွဲဘူးလို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်၊ ကံကြမ္မာ ဖန်တီးချက် ကိုငါဘယ်လို ဖျက်နိုင်ပါ့မလဲ၊ ဒီတသက်မှာ နင့်ကိုချစ်သလို ဘယ်သူ့ကိုမှ ငါမချစ်နိုင်တော့ပါဘူး၊ နင့်နာမည်အမှန် ခင်မောင်အေးလို့ နင်ပြောခဲ့စဉ်က ငါကငါ့နာမည် အမှန်ကိုမသိခဲ့ဘူး၊ အခုငါ့နာမည် အမှန် ညာမေတင် ဖြစ်နေပြီဆိုတာကို ဟိုကူမွန်တောင်တန်းမှာ လမင်းထိန်ထိန်သာတဲ့ညာအခါ သစ်ပင်ထိပ်ဖျား မှာ အတူထိုင်ခဲ့သလို အတူထိုင်ပြီး နင်သိအောင် ပြောပြလိုက်ချင်ပါရဲ့ ခင်မောင်အေး ရေ၊ နင်ဘယ်ဘ၀ကို ရောက်နေပြီလဲ၊ ကူမွန်တောင်တန်းက တို့နှစ်ယောက်အတူ နေခဲ့တဲ့ ဂူထဲမှာ ရှိနေသလား တောအနှံ့ တောင်အနှံ့ ငါ့ကိုလိုက်ရှာနေပြီလား"

ညာမေတင်သည် အိပ်မပျော်နိုင်အောင် ဖြစ်ကာ တကိုယ်တည်း နှုတ်မှ ကြေကွဲစွာ တမ်းတပြောဆို လိုက်မိ သည်။
ခင်မောင်အေးနှင့် ပတ်သက်ပြီး ဖခင်နှင့် အစ်ကိုကို မမေးဝင့်သော်လဲ အိမ်ကို မကြာခဏရောက်လာ တတ်ကြသော ကိုထွန်းအံ့နှင့် ကိုဘသော်တို့ကို မေးလျှင် တစွန်းတစသိရလေမလားဟု တွေးမိသည်။ ကိုထွန်းအံ့နှင့် ကိုဘသော်တို့ကိုမူ စမ်းချေင်းဘေးမှာ ပထမဦးစွာ တွေ့စဉ်က လူတ်သတ်ကောင်တွေ ဖြစ်လေ မလား ဟူသော အတွေးဖြင့် သေချာစွာ ကြည့်ထားခဲ့သောကြောင့် မှတ်မိနေခဲ့သည်၊ သူ့ကို ကူမွန်တောင်တန်းက ခေါ်လစဉ်ကလဲ ကိုထွန်းအံ့နှင့် ကိုဘသော်တို့ပါလာကြသည်ကို မေ့ဆေးပြေ၍ သတိ ကောင်းစွာ ရလာသောအါ သိရသည်။

ထို့ကြောင့် သူ့ကို ရန်ပြုမည်သတ္တ၀ါတွေ မဟုတ်ဟူသော အတွေးကလဲ ၀င်မိသည်ကြောင့် ကိုမြင့် ညို ချော့မော့ခေါ်ဆောင်ရာသို့ ယုံကြည်စိတ်ဖြင့် လိုက်လာခဲ့ခြင်း ဖြစ်သည်။ ကိုထွန်းအံ့နှင့် ကိုဘသော် တို့ကလဲ ညာမေတငိကို တူမလေး သမီးလေးသဖွယ် ကြင်နာစိတ်ရှိကြသည်။ ထို့ကြေင့် ကျေးဇူးပြု ထားသော ကိုမြင့်ညိုတို့ အားအဖထံ လာသည့်အခါတိုင်း ညာမေတင်ကို ခင်မင်ကြင်နာစွာ မေးမြန်း ပြောဆို နှုတ်ဆက် ကြသည့် အတွက် ညာမေတင်သည် ကိုထွန်းအံ့၊ ကိုဘသော်တို့နှင့် ရင်းနှီးနေခဲ့ သည်။

ဦးလေးနှစ်ယောက်လုံးက ငါ့ကို တော်တော်ခင်ကြပါတယ် ၊ ဖေဖေနဲ့ ကိုကိုအလစ်မှာ ခင်မောင်အေး အကြောင်း သူတို့နှစ်ယောက်ကို မေးကြည့်ရင် ကိုကိုပြောတာထက် ပိုပြီး စုံစုံလင်လင် သိရလေမလား။
ညာမေတင် သည် ထိုအတွေးကို တွေးလိုက်မိပြီးသောအခါ ကိုထွန်းအံ့နှင့် ကိုသသော်တို့လာမည်ကို စိတ်အားကြီးစွာ စောင့်မျှော်နေခဲ့သည်၊ ကိုထွန်းအံ့နှင့် ကိုဘသော်တို့ကား ညာမေတင်ကို ခေါ်ဆောင် ရန်စီစဉ်စဉ် အခါက ကိုမြင့်ညို ဖခင်ပြောသည် စကားကို သဘောတူ ကျေနပ်ကြသည့်အတွက် အလုပ် မှ နှုတ်ထွက်ခဲ့ကြပြီး ဖြစ်သည်။ ကူမွန်တောင်တန်းကပြန်ရောက်လာကြသောအခါ ကိုမြင့်ညိုဖခင်ကတိ ရှိသည့် အတိုင်း ပေးသည့်အပြင် သမီးညာမေတင် ချောချောမောမော ပါလာသည့်အတွက် ကျေးဇူးတင် သော အားဖြင့် မူလဂတိထားသည့် ထက်ပင် အပိုဆောင်းပေးလိုက်သေးသည်။
ထိုကြောင့် ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် အဆင်ပြေရာ လုပ်ငန်းလေး ထူထောင်လုပ်ကိုင် စားသောက် နေကြရင်း ကိုမြင့်ညိုတို့ သားအဖထံ အခါကြီး ရက်ကြီးမှာ ကန်တော့ရန်အတွက် နှစ်ယောက်အတူ လာလေ့ ရှိသည်။

ညာမေတင်က ရက်ကိုတွက်လိုက်၏
ကဆုန်လပြည့်ရက်မှာ သုံးရက်သာ လိုတော့သည်၊ ကဆုန်လပြည့်သည် ဘုရားနေ့ဖြစ်သည့်အတွက် မြင့်မြတ်သော ဤရက်မျိုးမှာ ကိုထွန်းအံ့နှင့် ကိုဘသော်တို့နှစ်ယောက် မပျက်မကွက် လာကြမည်ဖြစ် သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, April 29, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁)

ပြန်ခေါ်သက်သေ
စာရေးသူ - မင်းလူ

“ကောင်းပြီလေ---- နင်က ဒီလောက်တောင် သံယောဇဉ် ဖြတ်ချင်နေမှတော့ ဘယ်တတ်နိုင်မလဲ၊ နင့်ကို ငါ ကွာရှင်း ပေးလိုက်ပါ့မယ်။
    ဟု ရင်ရင်ငြိမ်းက ပြောလိုက်သည်။ သူ့လေသံက တည်တည်ငြိမ်ငြိမ်ပင် ဖြစ်၏။ “ကွာရှင်းပေးလိုက်ပါ့မယ် ဆိုသော နေရာမှာတော့ နည်းနည်းတိမ်ဝင်သွားသယောင်’’ ထင်ရသည်။
    ပေါ်ဌေးသည် သူလိုချင်သော အဖြေကို ရသွားသော်လည်း ဝမ်းသာသော အမူအရာ ချက်ချင်း မပြ နိုင်သေး။ ရင်ရင်ငြိမ်းက ခါတိုင်းလိုပဲ ခါးခါးသီးသီး  ငြင်းဆန်နေလိမ့်ဦးမည်ဟု တွက်ထားသောကြောင့် ရုတ်တရက် မှင်တက်မိသလို ဖြစ်သွားတာ။ မဆိုစလောက် ဆိုင်းငံ့သွားပြီးမှ-
    ‘နင်--- နင် တကယ်ပြောတာလား ရင်ငြိမ်း’ ဟု မေးလိုက်သည်။

    ‘ဒါ နောက်ရ ပြောင်ရမယ့် ကိစ္စမှ မဟုတ်တာ၊ ငါကတော့ ဘယ်တုန်းက ရယ်စရာ ပြောဖူးလို့လဲ’
    ‘ဒါဆို’
    ‘နေပါဦး ၊ ငါပြောလို့ မပြီးသေးဘူး ၊ နင့်ဆန္ဒအတိုင်း ငါ ကွာပေးမယ်။ ဒါပေမဲ့ ငါ့ဘက်က တောင်းဆိုစရာ တစ်ခု ရှိတယ်’
    ‘ပြော--- နင်က လိုချင်တာ အကုန်ရစေမယ်’
    ဟု ပေါ်ဌေး က အလောတကြီး ကတိပေးလိုက်၏။

    ‘ကောင်းပြီ’
    ရင်ရင်ငြိမ်းက သူ၏ တောင်းဆိုချက်ကို ပြောလိုက်သည်။ ပေါ်ဌေးပြူးပြူးပျာပျာ ဖြစ်သွားပြီး -
    ‘ဒါ--- ဒါတော့ နင် သက်သက်ကတ်တာပဲ ၊ အဲဒါကတော့ မလွယ်ဘူး’’
    ဟုတ်တယ်လေ ၊ ဒီလောက် အရေးကြီးတဲ့ကိစ္စကို နင်က လွယ်လွယ်လေးနဲ့ ပြီးသွားမယ် ထင်လို့လား’’
    ‘တခြား လိုချင်တာပြော ၊ ဒီအိမ် ယူမလား’
    ရင်ရင်ငြိမ်း က ခေါင်းခါသည်။

    ‘ငါ ဘာမှ မမက်မောတတ်တာ နင်သိသားပဲ၊ ခုန ပြောတာပဲ လိုချင်တယ်’
    ‘မဖြစ်နိုင်ဘူး’
‘နင်ပဲ ခုနတုန်းက ဘာမဆို လိုက်လျောမယ်လို့ ပြောသားပဲ’
    ဟု ပြောပြီး ညင်ညင်သာသာကလေး လှည့်ထွက်သွားသည်။ ငိုများငိုသွားသေးလား--- မဖြစ်နိုင်။ ဒီမိန်းမ ဟာ ငိုတောင် ငိုတတ်ရဲ့လား မသိ။ မထုံတက်သေးနဲ့။
    ပေါ်ဌေးသည် သူ့ကိုယ်သူလည်း မကျေမချမ်း ဖြစ်နေ၏။ စောစောတုန်းက ဘာကြောင့် အလောသုံးဆယ် ကတိပေး လိုက်ရသလဲ။ ခုတော့ ရင်ရင်ငြိမ်းက ထိုစကားကို အပိုင်ကိုင်ပြီး တောင်းပွဲ တိုက်ပွဲ လုပ်သွားပြီ။

    သူ ထရပ်လိုက်သည်။ ရင်ရင်ငြိမ်း ၏ နောက်ကို လိုက်သွားမည် ပြုသေးသည်။ ဘာမှ ထူးမှာ မဟုတ် ကြောင်း သိရသည်။ တစ်ခုခုတော့ လုပ်လိုက်ချင်သေးသည်။ တစ်ယောက်ယောက်ကို တစ်ခုခု ပြောချင် နေသည်။
    ထိုအခိုက်တွင် ရဲမော်ကို သွားသတိရ၏။ ဟိုတုန်းက ဒီကောင်သာ ရှည်ပြီးတော့ အတတ်ဆန်း မထွင်ခဲ့ရင် ဒီကိစ္စ ခုလောက် ခက်ခဲမှာ မဟုတ်ဘူးဆိုပြီး ဒေါသက ရဲမော်ဘက် မြားဦးလှည့်သွားသည်။ ထို့ကြောင့် တယ်လီဖုန်း ရှိရာသို့ ခပ်သွက်သွက် လျှောက်သွားပြီး ရဲမော် ဖုန်းနံပါတ်ကို နှိပ်လိုက်၏။ လိုင်းချိတ်မိပြီး ခေါ်နေသော အသံ သုံးကြိမ်မြောက်တွင် ဖုန်းလာကိုင်သည်။
    ‘အမိန့်ရှိပါရှင် ၊ ဦးရဲမော် အိမ်ကပါ။’    

    ကုမ္ပဏီ အတွင်းရေးမှူး လေသံဖြင့် ထူးကတည်းက ရဲမော်၏ မိန်းမမြရီဝင်း ဖြစ်ကြောင်း  သိလိုက်၏။
    ‘ရဲမော် ရှိလား’
‘ဟုတ်---လား ခဏကိုင်ထားပေးပါရှင်’
အလွန်ယဉ်ကျေးဖွယ်ရာသော လေသံဖြင့် ပြောပြီး ဖုန်းကို ဘေးချ လိုက်သံ ဒေါက်ခနဲ ကြားရသည်။ ဟိုကောင် သောက်ရူး သင်ပေးထားတဲ့ ပုံစံ ပြောတာ။ ဘာမှန်းလည်း မသိဘူး။
နှစ်မိနစ်၊ သုံးမိနစ်လောက် ကြာတဲ့အထိ ဖုန်းလာမကိုင်သေး။ အိမ်သာပဲ တက်နေလို့လား ၊ ရေဒီယို နားထောင်ရင်း သတင်းတစ်ပုဒ် ဆုံးအောင် စောင့်နေသလား။ စိတ်မရှည်နိုင် ဖြစ်လာသည်။ နောက်ထပ် နှစ်ယူနစ်စာ လောက် ကြာပြီးတော့မှ-
‘ပြောပါ---- ရဲမော်ပါ’
လေသံ ကို က ဆရာလိုလို သမ္ဘာလိုလိုနဲ့။ စိတ်တိုလက်စကြောင့် သုံးလေးခွန်းလောက် ပျစ်ပျစ်နှစ်နှစ် ဆဲပစ် လိုက်မိ၏။ ရဲမော်မှာ ရုတ်တရက်မို့ ကြောင်သွားဟန်တူသည်။ ခဏ တုံ့ဆိုင်းနေပြီးမှ- ‘ဘယ်ကောင်လဲကွ ၊ ငါကို ဆဲတာ’

သူက ဘာမှပြန်မပြောတော့
‘ပြောလေကွာ --- ရိုင်းလှချည်လား ၊မင်းအမေ-- မို့လို့း ဆဲတာလား’
သူ ခုမှ သတိရသည်။ ရဲမော်ဆီက အကူအညီတောင်းစရာတွေ ရှိသေးသည်။ ဒီကောင် စိတ်ဆိုးအောင် မလုပ်သင့်။ ခုချိန်မှာ စိတ်ကို ထိန်းရမည်။ ထို့ကြောင့် ဘာမှ ထပ်မပြောတော့ဘဲ ဖုန်းချပစ်လိုက်သည်။ ရဲမော် ရဲ့ တယ်လီဖုန်းဟာ ခေါ်ဆိုသူ နံပါတ် ပေါ်တဲ့ မော်ဒယ်မျိုး မဖြစ်စေနဲ့လို့သာ ဆုတောင်းရသည်။
စိတ် တော့ မချရသေး။ ဘယ်သူပါလဲလို့ သေသေချာချာ မမေးဘဲ သူ့ကို ခေါ်ပေးရကောင်းလား ဆိုပြီး ရဲမော် က မြရီဝင်းကို     ဆူချင်     ဆူလိမ့်မည်။

ထိုအခါ မြရီဝင်းက ရင်းရင်းနှီးနှီးထဲက ဆိုပြီး မမေးလိုက်မိတာပါ။ ကိုပေါ့်အသံလို့တော့ ထင်တာပဲ ---ဟု ပြော ကောင်း ပြောမည်။ ရဲမော်ကိုယ်တိုင်ကလည်း မိမိ၏ အသံကို ကျက်မိသွားနိုင်သည်။
ဒါဆိုရင်တော့ ဖုန်းပြန်ဆက်မှာပဲ။ ရှောင်နေရင် ကောင်းမယ်ဟု တွေးပြီး အိမ်ပြင်ထွက်ဖို့ ပြင်သည်။ တံခါးဝနား အရောက်မှာပင် ဖုန်းသံမြည်လာသည်။ ဟိုကောင် ပြန်ဆက်ပြီ ထင်တယ်။ ဖုန်းမကိုင်တော့ဘဲ အမြန် လစ်ထွက်မည်ပြုပြီးမှ အခြေအနေကို သိချင်သောကြောင့် တံခါးအပြင်မှာ အသာကွယ်ရင်း စောင့်ကြည့် နေလိုက်သည်။ ရင်ရင်ငြိမ်းသည် ဖုန်းမြည်သံကို ရုတ်တရက် မကြားလို့လား။ တစ်ခုခု လုပ်နေ သဖြင့် လက်မအားလို့ လားတော့မသိ။ တော်တော်နဲ့ လာမကိုင်။

တယ်လီဖုန်းကလည်း သူတို့ ငယ်ငယ်တုန်းကလို ‘ကလင် ကလင်---’ ဆိုပြီး အကျယ်ကြီး မြည်တာမဟုတ်။ ခိုညည်းသံ လို ‘ကူကူ----ကူကူ’ နဲ့ ။ ဖုန်းသံကို ချဲ့ပေးတဲ့ ကိရိယာလေး ဝယ်တပ်ဦးမှဟု တွေးနေတုန်း ရင်ရင်ငြိမ်း ဖုန်းလာကိုင်သည်။ သူ နားစွင့်လိုက်၏။

‘ဟယ်လို ----ဟုတ်ကဲ့--- သြော်---- တင်ပါ့ဘုရား၊ တင်ပါ့ အဖိတ်နေ့ အမီ ပို့ပေးပါ့မယ် ဘုရား’
အောင်ရာမြေ ဆရာတော် ဖုန်းဆက်တာပဲ။ ကျောင်းကို ရောက်တဲ့အခါ ရင်ရင်ငြိမ်းက သူတို့ကိစ္စ အကြောင်း ဆရာတော်ကို တိုင်ချင် တိုင်လိမ့်မည်။ ဆရာတော်က ခေါ်ပြီး မေးလျှင် အဖြေရခက်ဦးတော့မည်ဟု တွေးရင်း လျှောက်ထွက်လာခဲ့သည်။

အစကတော့ လက်ဖက်ရည်ဆိုင် သွားမယ် စိတ်ကူးတာ။ အတွေးလွန်သွားသဖြင့် ဘယ်ဘက် မချိုးဘဲ ညာဘက် ကွေ့လာမိသည်။ ဒီနေ့တော့ ယောင်တိယောင်ချာတွေချည်း ဖြစ်နေတော့တာပဲ။ နောက်ကြောင်း ပြန်မလှည့် ချင်တော့သဖြင့် ဆက်လျှောက်လာသည်။ ဘယ်ကိုမှန်းမသိ လျှောက်နေရတာ ထက်စာလျှင် တစ်နေ ရာရာမှာ ဝင်လိုက်တာက တော်လိမ့်မည်။
ပန်းခြံနား ရောက်လာသဖြင့် ခုံတန်းတစ်ခုမှာ ဝင်ထိုင်လိုက်သည်။ ခုလို ပန်းခြံထဲမှာ တစ်ယောက်တည်း လာထိုင်ရတာ အတော်ကြောင်စီစီနိုင်သည်။ အနောက်နိုင်ငံတွေမှာ ဆိုလျှင်တော့  ပန်းခြံထဲမှာ စာအုပ် တစ်အုပ်၊ သတင်းစာတစောင်ဖတ်ရင်း နေပူစာလှုံကြတာ အဆန်းမဟုတ် ဒီမှာတော့  အားအားယားယား ထိုင်လေ့ မရှိကြ ၊အတွဲတွေက လွဲလို့ပေါ့။

ခပ်လှမ်းလှမ်း က ခုံတန်းတစ်ခုမှာ စုံတွဲတစ်တွဲ ထိုင်နေကြသည်။ သိပ်အဆင်ပြေပုံမရ။ ပြဿနာ တစ်ခုခု ရှိနေဟန် တူသည်။ ကောင်မလေးက တစ်စုံတစ်ခု မကျေမချမ်းပြောနေသည်။ ကောင် လေးက ခေါင်းခါပြီး ငြင်းသည်။ ကောင်မလေး စိတ်မထိန်းနိုင်တော့ဘဲ ကောင်လေး၏ရင်ဘတ်ကို အဆက်မပြတ် ထုသည်။ အစ တော့ ကောင်လေးက ငြိမ်ခံနေသေးသည်။ နောက်တော့ နာလို့လား မသိ။ ကောင်မလေး လက်ကို ဖမ်းပြီး ဆုပ်ကိုင် ထားလိုက်သည်။ ကောင်မလေး ရုန်းသည်။ နောက်... ကောင်လေး၏ရင်ခွင်မှာ မျက်နှာ အပ် လိုက်သည်။ ကိုယ်ကလေး တသိမ့်သိမ့် တုန်နေသဖြင့် ငိုနေမှန်း သိသာ၏။ ကောင်လေးက တစ်စုံတစ်ခု ပြောပြီး နှစ်သိမ့်နေဟန်တူသည်။ ကောင်မလေး၏ကျောကို ခပ်ဖွဖွ ပွတ်သပ်ပေးနေသည်။

ခဏအကြာမှာ ကောင်မလေးသည် ကောင်လေး ရင်ခွင်မှာ အပ်ထားသော မျက်နှာကို ပြန်ခွာပြီး မော့ လိုက်သည်။ မျက်နှာက ဒီဘက် ပြန်လှည့်လာသည်။ ဟိုက်--- သောက်ခွေး ၊ ကောင်မလေးက ငိုနေတာ မဟုတ်။ ဟက်ဟက်ပက်ပက် ရယ်နေတာပါလား။ ဘာတွေ ဖြစ်နေကြပါလိမ့်။
ကောင်လေး နှင့် ကောင်မလေးကို ကြည့်ပြီး ပေါ်ဌေး အားကျလာသည်။သူတို့လို ပြန်ငယ်ချင်စိတ်တောင် ပေါက် လာမိ၏။ လူကငယ်လို့မရသဖြင့် စိတ်ကို ပြန်ငယ်ကြည့်သည်။ငယ်ချင်လျှင် အတိတ်ကို ပြန်သွား ရမည်။
--------------------------------------------------------------
လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က---
က---ခန့်---နှစ်--ငါး--ဆယ့်---သော--- ခဲ့---လွန်
‘ဟေ့ကောင်’ ငပေါ်---- မင်းစိတ်ရူးပေါက်တိုင်း လျှောက်ထွင်မနေနဲ့ကွ ဟု ကံညွန့်မောင်က ပြောသည်။ ပေါ်ဌေးက--- ‘ဘာလဲကွ ၊ကိုယ်ချစ်သူကို လက်ထပ်ချင်တယ် ဆိုတာ စိတ်ကူးပေါက်တာလား ၊မင်းတို့ကော လက်မထပ် ဘဲနေမှာမို့လို့လား’
‘ဟုတ်ပါတယ် ၊ဒါပေမဲ့ မင်းဟာက  ဂေါက်တောက်နိုင်လို့ ပြောတာ၊ လူကြီးချင်းကလည်း ပြောထားပြီးပြီ ၊ ကိစ္စူ က ပြတ်နေပြီပဲ၊ ဒါကိုမင်းက အခုကတည်းက ကြိုပြီး လက်ထပ်စာချုပ် ချုပ်ထားချင်တယ် ဆိုတာ ကတော့---’

‘ဘာဖြစ်လဲ၊ ဒီကိစ္စက နောက်လည်း မလွဲမသေ လုပ်ရမှာပဲ၊ အခုကတည်းက လက်ထပ်စာချုပ် ချုပ်ထား လိုက်ရင် အိမ်ထောင်သက်တောင်ပိုရသေးတယ်။
သူတို့ နှစ်ယောက် ငြင်းခုံနေကြတာကို စောင့်ပြီး နားထောင်နေသော ရဲမော်က ဝင်မေးသည်။

‘နေစမ်းပါဦး ကိုပေါ်ရ ၊ မင်းက ဘာဖြစ်လို့ လက်ထပ်စာချုပ် ချုပ် ထားချင်ရတာလဲ’ ‘ငါ သူ့ကို စိတ်မချလို့’
ကံညွန့်မောင် ထံမှ ခွီးခနဲ ရယ်သံ ထွက်လာသည်။ သောက်လက်စ စီးကရက်မီးခိုး သီးသွားသောကြောင့် အဟွပ် အဟွပ်---- ဆိုပြီး ချောင်းဆိုးနေသေးသည်။ နေသာထိုင်သာ ရှိသွားတော့မှ
‘မင်း ကပဲ သူ့ကို စိတ်မချ  ဖြစ်ရသေးတယ်၊ ဟား ဟား--- ၊သူခိုးက အိမ်ရှင်တွေ တံခါးမှ ပိတ်ပြီး အိပ်ရဲ့လား လို့ စိုးရိမ်သလို ဖြစ်နေပြီ’

ပေါ်ဌေးက ကံညွန့်မောင်၏ လက်မောင်းကို တစ်ချက် ထိုးလိုက်ပြီး မဟုတ်ဘူး၊သူစိတ် ပြောင်းသွားမှာကို စိုးရိမ်တာ၊ မင်းတို့ သိသားပဲ။ ငါ့အချစ်ကို လက်ခံဖို့ ကိစ္စမှာ သူက အင်တင်တင် လုပ်နေတာ ၊ဘေးက ဝိုင်းလှော် ပေးကြလို့သာ အဆင်ပြေသွားတာ မဟုတ်လား။ ခုကျတော့လည်း သူ့ပုံစံက တစ်မျိုးကြီးပဲ၊ အေးတိ အေးစက်နဲ့၊ တစ်ခါတစ်ခါကျရင် ငါ့အချစ်ကို လက်ခံမိတာ မှားများ မှားသွားပြီလား မသိဘူးလို့ ပြောတတ် သေးတယ်၊ တော်ကြာတစ်ကိုယ်တည်း ဘဝနဲ့ အေးအေးနေတော့မယ်၊ သံယောဇဉ်တွေ ထပ် မတိုး ချင်တော့ဘူး၊ ငါနဲ့ လက်မထပ်နိုင်တော့ပါဘူး ၊ လုပ်လာရင် ခက်မယ်'' "အဲဒါမျိုးတော့ မဖြစ်နိုင်ဘူး" ရဲမော် က ကန့်ကွက်စကား ဆိုသည်။

"ရင်ရင်ငြိမ်းဟာ ခုတစ်မျိုး၊ တော်ကြာ တစ်မျိုး လုပ်တတ်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး ၊ ကိစ္စတစ်ခုကို သေသေ ချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချတာ ၊ တကယ်လို့ မှားသွားတယ် ဆိုရင်တောင် ဖြစ်လာသမျှကို ကြိတ်မှိတ်ပြီး ခံမယ်၊ ဆုံးဖြတ်ချက်ကိုတော့ မပြင်ဘူးဆိုတဲ့ လူမျိုးတကယ်တမ်း စိတ်မချရတာက မင်းပဲ၊ အပြောင်း အလဲက သိပ်မြန်တယ်။"
ဒီလိုတော့ မပြောနဲ့ကွာ၊ တခြားနေရာတွေမှာသာ ငါစိတ်အပြောင်းအလဲ မြန်ချင်မှ မြန်မယ်၊ သူ့အပေါ် မှာတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ သူ့ကို ငါဘယ်လောက် ချစ်တယ်ဆိုတာ ဟိုတစ်ယောက် ကိစ္စနဲ့ နှိုင်းယှဉ် ကြည့်ရင် သိနိုင်တယ်။

တစ်ကျောင်းလုံးမှာ အလှဆုံး စတားဆိုသော မိန်းကလေးက ပေါ်ဌေးကို စိတ်ဝင်စားဖူးသည်။ အခွင့်အရေး တွေ အမျိုးမျိုး ပေးခဲ့တာ အားလုံး သိသည်။ ပေါ်ဌေးက တစ်ခွန်း ဟလိုက်တာနဲ့ ကိစ္စ ပြီးပြီ။ ဒါကို လွတ်အောင် ရှောင်ပြီး ရင်ရင်ငြိမ်းကိုမှ ကြိုက်ခဲ့တဲ့ ကိစ္စကို ညွှန်းလိုက်ခြင်း ဖြစ်၏။ သူက ဆက်၍-
"ကဲ ...  မင်းတို့ ပြောသလို ငါကသာ စိတ်မချရတာလို့ဘဲ ထားပါတော့၊ တကယ်လု့ သူနဲ့ ငါနဲ့ လက်ထပ် စာချုပ် ချုပ် ထားလိုက်ရင် စိတ်ချသွားရရော မဟုတ်လား"
ဟု အကြောင်းပြပြန်သည်။

ကံညွန့်မောင်က- "လက်ထပ်စာချုပ် ချုပ်ထားပြီးမှ မင်းက သစ္စာဖောက်သွားရင်ကော၊ အဲဒါဆို ရင်ရင်ငြိမ်း အတွက် ပိုပြီး နစ်နာမှာပေါ့"
"ဟေ့ကောင် ... မင်း ခုထိ ငါ့ကို တစ်ခါမှ အကောင်းမပြောသေးဘူး"
"မင်း က ကောင်းကော ကောင်းလို့လား"

"အောင်မာ ... မင်းလု တွေ့သမျှ ကောင်မလေးတွေ အကုန် လိုက်ကြိုက်တဲ့ ကောင်မျိုး မဟုတ်ပါဘူးကွ"
"ငါက တစ်ပြိုင်တည်း အကုန်လိုက်ကြိုက်တာမှ မဟုတ်တာ၊ တစ်ယောက်ကို လိုက်လို့မရလို့ နောက် တစ်ယောက် ပြောင်းပြီး လိုက်တာပဲ၊ တစ်ယောက်ယောက်နဲ့ အဆင်ပြေသွားရင် ခြေငြိမ်သွားမှာပဲ"
"အေး ... ငါကတော့ ဒီတစ်ယောက်နဲ့ပဲ ခြေငြိမ်နေတာ၊ မင်းထက်သာတယ်"
ရဲမော် က ဟိုနှစ်ကောင် ငြင်းနေကြတုန်းမှာ တစ်စုံတစ်ခု စဉ်းစားမိသလို ခေါင်းတညိတ်ညိတ် လုပ်နေသည်။ ငြင်း လို့ ၀လောက်ပြီး ဆိုတော့မှ - "ငါ တွေးကြည့်လို့ ရသလောက် ပြောရရင်တော့ ကိုပေါ် ပြောတာ လက်ခံ ရမလို ဖြစ်နေပြီ"
"ဟင် ... ဖြစ်ရပြန်ပြီ"

"ဒီလိုလေ ... လက်ထပ်တာကတော့ နောက်လည်း လက်ထပ်ရမှာပဲ မဟုတ်လား၊ ခုကတည်းက ကြိုတင်ပြီး စာချုပ် ထားလိုက်ရင် ဒီကောင့်ကို ထိန်းချုပ်ပြီးသား ဖြစ်သွားမယ်"
"ခုနတော့ ဒီကောင်က စိတ်မချရဘူးဆို"
"အေးလေ ... ဒီကောင် ရုတ်ရုတ် ရုတ်ရုတ် လုပ်လာရင် ငါတို့က ဒီစာချုပ်နဲ့ ၀ိုင်းပြီး အကျပ်ကိုင်မှာ ပေါ့ကွ"
"အေး ... ကောင်းတယ်ကွ၊ ကောင်းတယ်၊ ဒါဆို ငါ လှုပ်လို့မရတော့ဘူး"

ဟု ပေါ်ဌေးက အားတက်သရော ပြောလိုက်သည်။ ကံညွန့်မောင်က- "ဘာကောင်လဲကွ၊ ကိုယ့်ကို အကျပ် ကိုင်မယ့် ကိစ္စကို ၀မ်းသာနေတယ်""ငါတို့သာ ပြောနေတာ၊ ဒီအစီအစဉ်ကို ရင်ရင်ငြိမ်းက လက်ခံပါ့မလား" "လက်ခံအောင် ပြောရမှာပေါ့"

"အရေးကြီးတာက ဟိုနှစ်ယောက်ပဲ၊ သူတို့က တိုက်တွန်းရင် လက်ခံလာမှာပဲ၊ သူတို့နှစ်ယောက်ကို ရအောင် စည်းရုံး ရမယ်"
"လွယ်တော့ မလွယ်ဘူး၊ သူတို့ကို စည်းရုံးရတာ အစ္စရေးကို ခွင့်လွှတ်လိုက်ပါလို့ အာရပ်တွေကို ဖျောင်းဖျ ရသလို ဖြစ်နေမှာပဲ" ဟု ပေါ်ဌေးက ညည်းလိုက်သည်။
ဟိုနှစ်ယောက်ဆိုတာက ခင်နွဲ့နွဲ့နှောင်းနှင့် ဒေစီပွင့်တို့ ဖြစ်၏။ နှစ်ယောက်စလုံးမှာ နာမည်နှင့် လူ လုံးဝ လိုက်ဖက်ခြင်း မရှိကြသူတွေပဲ။

ခင်နွဲ့နွဲ့နှောင်း က ယောက်ျားလျာ ဖြစ်၏။ လူပုံက ခပ်ပျပ်ပျပ်၊ ဂင်တိုတို၊ ကိုယ်လုံးက တစ်ဖြောင့် တည်း။ ဆံပင်တိုတို၊ ရှပ်လက်တိုဆန်ဆန် အင်္ကျီအကွက်အစင်းတွေ ၀တ်လေ့ရှိသည်။ ထဘီ ကို တစ်ခါတစ်လေမှ ၀တ်သည်။ ဂျင်းဘောင်းဘီသာ အ၀တ်များသည်။ သူ့နာမည်ထဲက "ခင်" ဆိုတာနဲ့ "နွဲ့" ဆိုတာတွေကို သိပ် အားပျော့တယ် ထင်သည်။ ထိုစကားလုံးတွေ ထည့်ခေါ်တာကို မကြိုက်။ အနှောင်းဟုသာ ခေါ်စေချင်သည်။

ဒေစီပွင့်သည် နာမည်ကို အနောက်တိုင်း ဆန်သော်လည်း လူက အလွန်ရှေးရိုးဆန်သူ ဖြစ်၏။ ဆံပင်တိုတို ဖြတ်တာတွေ၊ အကြေကောက်တွေ ခေတ်စားနေတဲ့ အချိန်မှာ သူက ကျစ်ဆံမြီးကြီးနဲ့၊ သူ့အမေ အပျို အရွယ်လောက်တုန်းကတောင် ကျစ်ဆံမြီး ဆိုတာ တော်တော်အောက်နေပြီ။ ရင်ဖုံး အင်္ကျီလက်စက၊ အရောင် ရင့်ရင့်မှိုင်းမှိုင်း ထဘီနဲ့၊ တကယ့် အပျိုကြီးပုံ ဖမ်းထားသည်။
ရင်ရင်ငြိမ်းနဲ့ သူတို့နှစ်ယောက်မှာ ငါးတန်းတုန်းကတည်းက တစ်တန်းတည်း၊ တစ်ခုံတည်း ထိုင်လာ ကြတာ။ ဆယ်တန်း ကိုလည်း တစ်နှစ်တည်း ပြိုင်တူ အောင်သည်။ တက္ကသိုလ် တက်တော့လည်း မေဂျာတစ်ခုတည်း အတူတူ။ တစ်သက်လုံး ဘယ်တော့မှ မခွဲဘဲ အပျိုကြီးတွေ လုပ်နေကြမယ့်ပုံ။ နောက်ဆုံး ဘိုးဘွားရိပ်သာမှာ အတူတူ သွားနေကြမယ့်သဘော ရှိ၏။ ဒီကြားထဲကမှ ရင်ရင်ငြိမ်းကို မရမက ဖဲ့ထုတ်ထားရတာ။

ထိုကိစ္စမှာလည်း ဟိုနှစ်ယောက်ရဲ့ ထောက်ခံမှုရအောင် အတော် ကြိုးစားခဲ့ရသည်။ ခုလို လက်ထပ်စာချုပ် ချုပ်ဖို့  တိုက်တွန်းပေးပါလို့ အကူအညီ တောင်းရမှာ အတော်ဝန်လေးစရာ ကောင်းနေသည်။
တကယ်တမ်း ပြောကြည့်တဲ့အခါကျတော့ ထင်သလောက် လက်မ၀င်လှကြောင်း တွေ့ရသည်။ ရင်ရင်ငြိမ်းကတော့ ထုံးစံအတိုင်းပဲ။
"မဖြစ်ပါဘူးဟယ်၊ လူကြီးတွေ မသိဘဲ ဘာမှ မလုပ်ချင်ဘူး၊ ဒီလို လုပ်တာလည်း သိပ်အဓိပ္ပာယ် မရှိပါဘူး" ဆိုပြီး အင်တင်တင် လုပ်နေသည်။

ဟိုနှစ်ယောက်ထဲက ပြောရလွယ်မည့် ဒေစီပွင့်ကို အရင်ဆုံး ချဉ်းကပ်ရသည်။ သူက စိတ်ပျော့ သည်။ သနားတတ်သည်။
"ငါကတော့ ပြဿနာ မရှိပါဘူး၊ အနှောင်းက ဘယ်လိုနေမယ် မသိဘူး၊ သူ သဘောမတူရင် ရင်ငြိမ်း ကလည်း လက်ခံမှာ မဟုတ်ဘူး"
ဟု ဒေစီပွင့် က အနှောင်းဆီ လွှဲချသည်။

"အနှောင်း သဘောတူအောင် နင်လည်း ကူပြောပေးပါ့ဟာ"
ပေါ်ဌေးက သူ့ကို ပြန်ပြီး တာဝန်ပေးလိုက်သည်။
အနှောင်းသည် စိတ်မြန်လက်မြန် ရှိသူ ဖြစ်၏။ ယောက်ျားလေးနှင့် တူအောင် တမင်မြန်ချင် ယောင် ဆောင်တာလည်း ဖြစ်နိုင်သည်။ ညနေစောင်းမှာပဲ ပေါ်ဌေးတို့အိမ် ရောက်လာသည်။ ခရီးရောက် မဆိုက် ခါးကြီး ထောက်ပြီး-
"နင်က ဘာဖြစ်လီု့ လက်ထပ်ချင်ရတာလဲ"

ဟု တဲ့တိုးကြီး တန်းမေးသည်။ အသံကျယ်သွားသဖြင့် လူကြီးတွေ ကြားသွားမှာစိုးလို့ နှုတ်ခမ်းကို လက်ညှိုး နှင့် တေ့၍ သတိပေးလိုက်ပြီး-
"လက်ဖက်ရည်ဆိုင် သွားရအောင်"
"ဘာ ... ငါက"
ဆိုပြီးမှ သူ့ကိုယ်သူ သတိရသွားပြီး-
"အင်း ... ကောင်းသားပဲ"
ဟု ယောက်ျားလေးချင်း ဆက်ဆံသည့် လေသံမျိုးဖြင့် ပြောသည်။

တကယ်တော့ လက်ဖက်ရည်ဆိုင်အထိတောင် မရောက်ဖြစ်။ လမ်းမှာပင် ကိစ္စပြတ်သွားသည်။
"ကဲ ... ပြောစမ်းပါဦး၊ နင်က ဘာကြောင့် ကြိုတင်ပြီး လက်ထပ်စာချုပ် ချုပ်ချင်တာလဲ"
"စိတ်မချလို့"
"ဘာပြောတယ်၊ နင်က ငါ့သူငယ်ချင်းကို ဘယ်လိုအစာမျိုး ထင်လို့ စိတ်မချရတာလဲ"
"သူ့ကို စိတ်မချတာ မဟုတ်ပါဘူး"

"ဒါဖြင့် ငါတို့ကိုပေါ့၊ ဟုတ်လား ..."
"ဟာ ... မဟုတ်ပါဘူး၊ ငါ့ကိုယ်ငါ စိတ်မချတာပါ"
"ဘယ်လို ... ဟင်း ... ကိုယ့်ဟာကိုယ်တောင် စိတ်မချတဲ့ ယောက်ျားမျိုးဟာ ဘယ်နေရာမှာ သွားပြီး အားကိုး လို့  ရမှာလဲ"

အခြေအနေကတော့ သိပ်မကောင်းလှ။ တောင်လျှောက်ကြီး တိုက်ခိုက်ခံနေရသည်။ ပေါ်ဌေးက လည်း ဘာ ဆက်ပြောရမှန်း မသိဘဲ ကြောင်အအ ဖြစ်နေရာမှ စိတ်ကူးတည့်ရာ ပြောလိုက်မိ၏။
"ဒီလိုပါဟာ ... ခုတလော ငါ့စိတ်တွေ လေးနေတယ်၊ သူနဲ့ ငါနဲ့ ခွဲခွာရလိမ့်မယ် ဆိုပြီး အစွဲအလမ်း တစ်ခုခု ဖြစ် နေတယ်၊ ငါ သူနဲ့ အလွဲမခံနိုင်ဘူး၊ ဒါကြောင့် ခုလို စိတ်ကူးမိတာပါ"
အနှောင်း တွေပြီး စဉ်းစားနေသည်။ တအောင့်ကြာမှ-
"နင် ... ရင်ငြိမ်းကို တကယ်ချစ်သလား"
"မေးမှ မေးရက်တယ်ဟာ"

"အေးလေ ... နင် ခုလို လက်ထပ်ချင်တယ် ဆိုကတည်းက သူ့ကို တကယ် ချစ်လို့ပဲဆိုတာ သိသာ ပါတယ်၊ ကောင်းပြီ ... နင့်ကို ငါ စိတ်ချသွားပြီ၊ နင် ပြောတဲ့ကိစ္စ ငါ သဘောတူတယ်၊ ရင်ငြိမ်း ကိုလည်း ငါ တိုက်တွန်း ပေးမယ်၊ တစ်ခုတော့ ရှိတယ်နော်၊ နောက်တော့ကျမှ သစ္စာဖောက်ရင် တော့ နင့်ကို ငါ အသေသတ် ပြီးသား ပဲ လို့ မှတ်ထားလိုက်"
ဒါ ကတော့လည်း ထင်သလောက် မခက်ပါလားဟု တွေးပြီး ပေါ်ဌေး အတော်ပျော်သွားသည်။

ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၂)

အခန်း(၂)
လင်ကီ

နယူးယောက်မြို့ အရှေ့ပိုင်းစံတော်ချိန် ၁၂း၃၀နာရီ
နိုဝင်ဘာ ၂၂ရက်နေ့တွင် နေ့လယ်စာ စားချိန်ကို ပုံမှန်အတိုင်း လင်ကီဒက်စ်မွန် လှုပ်ရှားနေသည်။ ဆယ့်နှစ်နာရီခွဲ တွင် ရုံးခန်းထဲမှ ထွက်ခဲ့ပြီး အပြင်လေရှူရင်း လမ်းထွက်လျှောက်သည်။ စားနေကျ စားသောက်ဆိုင်ရှေ့ ရောက်တော့ ရပ်လိုက်သည်။ ငါးအစာသွတ်ပေါင်မုန့် လွေးရင်း ပါလာသည့် စာမူကို ဆက် ဖတ်မည်။
တိုက်ပိုင်ရှင် နှင့် တိတ်တိတ်ပုန်းတွဲနေသည့်တိုင် အလုပ်ကိုတော့ လင်ကီ လျှော့လုပ်နိုင်မည် မဟုတ်ပါ။ သည့် အတွက် ပို၍ပင် လုပ်ရမည်ဟု ယုံကြည်ထားသည်။

သူတို့ ဆက်ဆံရေးကို အခွင့်ကောင်းတစ်ရပ်အဖြစ် အသုံးချသည်ဟု ဟန့်ဂရင်နီ ထင်သွားမည်ကို လင်ကီ အရမ်း စိုးရိမ်သည်။ နောက်တစ်ချက်မှာ သူတို့ ဖာတ်လမ်းကို တိုက်သားတွေ မရိပ်မိစေလို။ လုံးဝ မသိမှ ဖြစ်မည့် အခြေအနေမျိုး။ ဟန့်ဂရင်နီသည် အမေရိကန်စာအုပ်လောက တွင် အထက်ဆုံး စာပေပွဲစားတစ်ဦး ဖြစ်သည်။
ဆိုင်ထဲ ရောက်တော့ နေ့တိုင်းနှင့်မတူ တစ်မူထူးခြားနေသည့် အခြေအနေကို လင်ကီ ချက်ချင်း သတိထားလိုက်မိသည်။ ခါတိုင်းဆိုလျှင် ကြက်ပျံမကျ စည်ကားချိန် ဖြစ်၏။ ယခုမူ စိတ်ချောက်ချား ဖွယ်ရာ တိတ်ဆိတ် နေသည်။ နေ့စဉ် မြင်နေကျ မြင်ကွင်းနှင့် အလျှင်းခြားနားနေ၏။

စားပွဲထိုး တွေက ကောင်တာဆီကို အော်ဟစ် လှမ်းမှာနေသံများ မကြားရ။ သံမဏိ ကောင်တာ စားပွဲ ပေါ်တွင် ပန်းကန်ခွက်ယောက်တွေ ပစ်ချသံ၊ ဇွန်းခက်ရင်းသံများ မကြားရ။ ဆိုင်ဝန်ထမ်းများ ရော စားသုံးသူ များပါ စက်ရုပ်တွေလို ငြိမ်သက်နေကြ၏။
မိမိကိုယ်တိုင် ရုတ်ခြည်း နားထိုင်သွားခြင်းများလားဟု လင်ကီ တွေးမိလိုက်သည်။ သို့သော် မဟုတ်နိုင်။ ရေဒီယိုသံ လည်း ကြားနေရသားပဲ။

"သမ္မတ လုပ်ကြံခံရကြောင်းနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း သတင်းကို ထပ်မံ အတည်ပြု ကြေညာ လိုက် ပါတယ်"
သတင်း ကြေညာသူက အထပ်ထပ် ကြေညာနေသည်။
"သမ္မတ ကနေဒီ လေ၊ သူတို့ ကနေဒီ ကို ပစ်သတ်လိုက်ကြပြီ"
မကြားဝံ့ မနာသာ သတင်းဆိုးကြီးကြောင့် လင်ကီ ဘာလုပ်ရမှန်းမသိဘဲ ဆိုင်ထဲမှ ပြေးထွက်ခဲ့သည်။ ရုံးဘက် ဆီသို့ ဆက်ပြေးနေမိ၏။

တတိယရိပ်သာ မှ ၄၅လမ်းထဲသို့ ချိုးဝင်လာခဲ့၏။ ရာသီဥတုမှာ နွေကုန်တော့မည်ဖြစ်၍ သာယာနေ၏။ ဟိုလူ ပြောလိုက်သည့် ဖြစ်နေ၏။ သို့သော် ဆိုင်ထဲက ပုဂ္ဂိုလ် ပြောလိုက်သည် ကတော့ အမှန်၊ နားကြား လွဲစရာ မရှိ။

လမ်းပေါ်တွင် လူတွေရပ်ပြီး ခရီးဆောင်ရေဒီယို ပါလာသူများ အနီးတွင် စုပြုံနားထောင်နေကြသည် ကို လင်ကီ မြင်နေရ၏။ ယာဉ်အသွားအလာ အားလုံး ရပ်တန့်သွား၏။ ဘတ်စ်ကားတစ်စီးက တံခါးပွင့် လျက်သားကြီး နှင့် ရပ်နေ၏။ ကားပေါ်တွင် လူတစ်ယောက်မျှ မရှိတော့။ လမ်းဘေးတွင် ရပ်ထားသည့် ကားများ ဆီတွင်လည်း လူတွေ အလုအယက် တိုးဝှေ့ပြီး ရေဒီယို နားထောင် နေကြ၏။ လျှော့ဈေး ရောင်းချနေသော ကုန်တိုက်ကြီးတစ်တိုက်ရှေ့တွင် ဧရာမလူအုပ်ကြီး စုဝေးပြီး ရုပ်မြင်သံကြားစက်များဆီသို့ တိုးဝှေ့ နေကြသည်။ ဖန်သာြးးပင်ပေါ်မှ သတင်းကြေညာသူတို့၏ မျက်နှာများသည် ငိုတော့မယောင် ဖြစ်နေ ကြသည်။

လင်ကီ သည် ပြေးသွားလိုက်၊ လမ်းလျှောက်လိုက် လုပ်နေရာမှ နိမိတ်ဆိုးကြီး တစ်ခုခု ဖြစ်ပြီဟု နားလည် လိုက်သည်။ စိတ်တစ်ပိုင်းက ရပ်ပြီး လူအုပ်ကြီးနှင့် ၀င်ရောချင်၏။ ကျန်တစ်ပိုင်းက ရုံးကို အမြန်ဆုံး ပြန်ရောက်ချင် နေ၏။ ရုံးကို ပြန်ရောက်ချင်သည့် အပိုင်းက အားသာနေသည်။ ဟန့် ကို အမြန်ဆုံး တွေ့ရမှ ဖြစ်မည်။ သည်တဒင်္ဂကို ဟန့်နှင့် မျှဝေခံစားချင်သည်။
ဟန့်ဂရင်နီ ၏ စာပေပေါင်းကူးတိုက်မှာ လေးထပ်တွင် ရှိပြီး ထမင်းစာဆင်းချိန်ဖြစ်၍ ရုံးခန်းထဲတွင် လူတစ်ယောက် မျှ မရှိ။ ကြည်လင် သာယာသည့်နေ့များ ကုန်ဆုံးတော့မည်ဖြစ်၍ လူတိုင်း အပြင် ရောက် နေကြခြင်း ဖြစ်သည်။

ထောင့်စွန်းတစ်နေရာရှိ ဟန့်၏ ရုံးခန်းဆီသို့ လင်ကီ သုတ်ခြေတင်လာခဲ့သည်။ ဟန့်လည်း အများနည်းတူ အပြင်ထွက် နေပုံရ၏။ အခန်းထဲတွင် မရှိ။ သူ့ကို မတွေ့သည့်အခါ အကောင်းဆုံး လမ်းကို လင်ကီ ရွေး လိုက်သည်။ သူ့ကုလားထိုင်တွင် ၀င်ထိုင်လိုက်၏။ သူ သုံးနေကျ ဆပ်ပြာနံ့နှင့် သူသောက်နေကျ စီးကရက်နံ့ သည် သူ၏ သင်္ကေတအဖြစ် အခန်းထဲတွင် ကျန်ရစ်သည်။ စိတ်ထဲ ကျေနပ်သွား၏။
သတင်းဆိုးကြီး ကို ရင်ဆိုင်ဖို့ အားရှိလာသလို ဖြစ်သွား၏။ စားပွဲပေါ်က ရေဒီယိုကလေးကို လှမ်းဖွင့် လိုက်သည်။ အသံလွှင့်လေလှိုင်းထဲမှ တက်ဆက်စ်သတင်းကို တစ်ပြိုင်တည်း ကြေညာနေ ကြ၏။

"အမည်မသိ သေနတ်သမား၏ လက်ချက်ဖြင့် သမ္မတ ကနေဒီ ကွယ်လွန် အနိစ္စ ရောက်သွားပြီ ဖြစ်ပါ ကြောင်း"
သည်တော့မှ သတင်းဆိုးကြီး၏ အနိဋ္ဌာရုံ တုန်ခါမငအတိုင်းအတာကို လင်ကီ အာရုံပြုနိုင်တော့ သည်။ တစ်ပြိုင်တည်း တွင် လင်တော်မောင်ကို ခုမှ အမှတ်ရကြောင်းလည်း ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်၏။
 
အခန်း(၃)
အယ်လီ

ဝါရှင်တန် အရှေ့ပိုင်းစံတော်ချိန် ည ၁၂း၄၀နာရီ
ဘယ်အလုပ်မျိုးတွေ ဘယ်လောက် ပျင်းစရာ ကောင်းသည်ဖြစ်စေ ဂျော့တောင်း လို မြို့ကလေးမှ ကုန်တိုက်ငယ် ကလေးတစ်တိုက်တွင် ဖိနပ်ရောင်းရသည့် အလုပ်လောက်တော့ ပျင်းစရာ ကောင်းမည် မထင် ပါ။

အလွန်ဆက်ဆံရ ခက်သည့် ဈေးဝယ်သူနှင့် ဆက်ဆံရသည်မှာ ရင်မောစရာ ကောင်းလှ၏။ ပါးညောင်း လှ၏။ အင်း သည်တစ်ယောက်တော့ အယ်လီ စိတ်အကုန်ဆုံးပါပဲ။ သူ့နာမည်ကို တိုင်းသိပြည်သိ မဟုတ် သော်လည်း ၀ါရှင်တန်တွင်တော့ လူသိများ၏။ သူယောက်ျားက နိုင်ငံတော် ရှေ့နေချုပ်ရုံးမှ ထိပ်တန်း ရှေ့နေကြီး။ ဂျော့တောင်း ညစာဝိုင်းများတွင် သူတို့လင်မယားကို နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်သည် ဆိုကြ၏။ ယောက်ျားလုပ်သူတွေ ဦးနှောက်ရှိပြီး မိန်းမတွင် ငွေရှိသည် တဲ့လေ။ ငွေတွေမှ သုံးမကုန် ဖြုန်းမကုန် နိုင်သည့် ငွေတွေတဲ့။

နယူးယောက် သို့ အပတ်စဉ်သွားပြီး ရွှေရောင်ဆံပင်ကို အထူးထူးအထွေထွေ ပြုပြင်လာတတ်၏။ နယူးယောက် သတင်းတွေ အတင်းတွေ သယ်ဆောင်လာတတ်၏။ ခန္ဓာကိုယ် ဖွဲ့စည်းပုံက သူ့ဘဏ်စာရင်း အခြေအနေ နှင့် ဆန့်ကျင်ဘက်။ ဘဏ်ထဲတွင် ငွေတွေ ထောင်ပုံရာပုံ။ သို့သော် လူက ၀ါးခြမ်းပြား အ၀တ် ပတ်ပြီး ဆေးခြယ်ထားသည့် ပုံမျိုး။
အယ်လီမက်ဂရက် ဆိုသည့် မိန်းကလေးသည် သူ ရပ်တည်နေသည့် နေရာမှာ ထိုမိန်းမကြီးကို စဉ်းငယ်မျှ အထင်ကြီး လို့မရပေ။

ဆိုင်ထဲမှ မီးခိုးနုရောင် ကော်ဇောပေါ်တွင် သားရေဖိနပ် ခုနှစ်ရန် ပြန့်ကျဲနေပြီး သုံးရန်က လေဒီရှူး၊ လေးရန် က ကြိုးသိုင်းတွေ၊ သုံးရန်က အနက်ရောင်၊ ကျန်အရန်တွေက နို့နှစ်ရောင်၊ အညိုနှင့် အခြား အရောင်တွေ။
အယ်လီ က ကြမ်းပြင်တွေ ဒူးထောက်ပြီး ၀ယ်သူမိန်းမကြီး၏ အရိုးပြိုင်းပြိုင်းထနေသည့် ခြေထောက်တွင် တစ်ရန်ပြီး တစ်ရန် ချွတ်လိုက် စွပ်လိုက် လုပ်ပေးနေရ၏။ ဒီမိန်းမကြီး ဖိနပ် ရွေးနေ သည်မှာ တစ်နာရီ ကျော်ပြီ။ ခုထိ ဘယ်အရောင် ဘယ်အသွေးကို ရွေးရမှန်း မသိသေး။

ချီတုံချတုံ လုပ်လို့မပြီးနိုင်ဘဲ ဗျစ်တောက်ဗျစ်တောက်နှင့် ဟိုဟာကိုင်လိုက်၊ သည်ဟာ ကိုင်လိုက် လုပ်နေဆဲ။
သည် မိန်းမကြီး ဆိုင်ထဲလာပြီး ဖိနပ်ရွေးနေသည်မှာ သည်နေ့မှမဟုတ်၊ နှစ်ရက်ရှိပြီ။ တစ်ရန်မှ မ၀ယ်ဖြစ်သေး။
"အင်း ... စဉ်းစားဦးမှ ထင်ပါရဲ့"

စိတ်ပျက်လက်ပျက် ညည်းတွားရင်း ဖိနပ်ဟောင်းကို ပြန်စွပ်ပေးဖို့ အယ်လီ ကို လက်ဟန်ခြေဟန် ဖြင့် အချက်ပြသည်။ ပြီးတော့ ပြန်ဖို့ ထရပ်သည်။ အယ်လီက ပြန့်ကျဲနေသည့် ဖိနပ်တွေကို ပြန်စုပြီး ရေပါးစက္ကူ နှင့် ပြန်ပတ်၊ ဘူးတွေထဲ ပြန်ထည့်နေစဉ် ဆိုင်က ချာတိတ်ကလေး တစ်ယောက် ဖိနပ် ကေင်တာထဲ ပြေးဝင် လာပြီး အမောတကော ပြောသည်။
"သမ္မတ ကနေဒီ သေနတ်ပစ်ခံရလို့တဲ့၊ သေပြီတဲ့"

ထိုတဒင်္ဂကို အယ်လီ တစ်သက် ဘယ်တော့မှ မေ့မည်မဟုတ်။ တစ်မျိုးသားလုံး၏ သေရေး ရှင်ရေး ဖြစ်သည့် ထိုခဏ၀ယ် တွင် သူရောက်နေသည့် ဘ၀ကို ကြည့်လေ။
မိမိက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး နှလုံးနာချင်စရာ ကောင်းလှသည့် အထက်တန်းလွှာ မိန်းမကြီး တစ်ယောက်၏ ခြေထောက်တွင် ဖိနပ်တွေ စွပ်လိုက် ချွတ်လိုက် လုပ်ပေးနေရသည့်ဘ၀။
ပြီးတော့ ပြည်သူအားလုံး ကြိမ်မီးအုံးသလို ဖြစ်နေချိန်တွင် မိန်းမကြီး၏ တုံ့ပြန်မှုကို ကြည့်ဦး စိတ်ပျက် လက်ပျက် လေသံဖြင့် "ဟာ ဒုက္ခပါပဲ၊ မနက်ဖြန် ညစာစားပွဲတော့ ပျက်ပါပြီ၊ အီသယ်က ပြောတယ်၊ သူနဲ့ ဘော်ဘီ လာမှာ တဲ့" လက်သည်းနီတွေ ရဲနေသည့် အရိုင်းပြိုင်ပြိုင် လက်တစ်ဖက် က ဆိုင်ခန်း တံခါးကို တွန်းဖွင့် ရင်း ဆက်ပြောသေးသည်။

"ဒုက္ခပါပဲ၊ ဘာတစ်ခုမှ ငါ့မှာ ဒီနေ့ အပေါက်အလမ်း မတည့်ပါလား"တဲ့။
အယ်လီ သည် သမ္မတ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ထိုမိန်းမကြီး၏ အပြုအမူကြောင့် အရမ်း တုန်လှုပ် သွားသည်။ လက်စသတ်တော့ သည်ကုန်တိုက်ကလေးတွင် မိမိဘ၀ အလဟဿ ဖြစ်နေခြင်းပါကလား။ မိမိ၏ အချိန်တွေ၊ ခွန်အားတွေ၊ တန်ဖိုးတွေ၊ ဦးနှောက်တွေ ဘယ်ရောက်ကုန်ပြီလဲ။

ငါ့ဘ၀ မြှားဦးက ဒီလိုနေရာကို ဦးတည်ခဲ့တာမှ မဟုတ်ဘဲ။ ငါဆိုသည့် မိန်းကလေးရဲ့ဘ၀ အခြေခံက ဒီလိုနေရာ နှင့် အပ်စပ်သည်မှ မဟုတ်ဘဲ။
"ကျွန်မ အလုပ်ထွက်တော့မယ်"
နောက် တစ်နာရီအကြာတွင် အယ်လီက သူ့အလုပ်ရှင် အမျိုးသမီးကို ငိုပြီးပြောသည်။
"မင်း စိတ် သိပ်လှုပ်ရှားနေလို့ပါ။ ဒီနေ့ အိမ်ပြန်နားလိုက်ပါလား။ မနက်ဖြန်မှ ပြန်လာပေါ့"
ကုန်တိုက် ပိုင်ရှင် ဂျင်းနစ်ကယ်လင်က အယ်လီ့ကို ချော့သည်။ အယ်လီသည် သူ့ဆိုင်တွင် အတော်ဆုံး အရောင်းသမ တစ်ဦး ဖြစ်သဖြင့် ဂျင်းနစ် လက်မလွှတ်နိုင်ပါ။

"မဟုတ်ဘူးမမ၊ မမဟာ ကျွန်မအပေါ်မှာ သိပ်ကောင်းခဲ့ပါတယ်၊ ကျွန်မ ဒီမှာ လုပ်ရတာလည်း ပျော်ပါတယ်၊ ဒါပေမယ့် ဒီနေရာ ဟာ ကျွန်မ နေရာမဟုတ်ဘူး မမ"
စိတ်လိုက်မာန်ပါနှင့် ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ခြင်းမျိုး၊ လက်ထဲတွင် စုမိဆောင်းမိထားခြင်း မရှိ၊ နောက် ဘာဆက်လုပ်ရမည်ကိုလည်း စဉ်းစားထားခြင်း မရှိ။ သို့သော် သည်မြို့ကလေးတွေ ဖိနပ် ရောင်းရ သည့် ဘ၀ထက်တော့ ဘယ်မှာမှ နိမ့်ကျစရာ အကြောင်းမရှိ အယ်လီ ယုံကြည်လေ သည်။

အထိတ်တလန့် ဖြစ်နေသည့် လမ်းများကို ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း အယ်လီ အိမ်ပြန် လာခဲ့၏။ နောက်ဆံ တင်းစရာ တစ်ခုပဲ ရှိသည်။ သူငယ်ချင်းများနှင့်ရော မိသားစုနှင့်ပါ ခွဲရမည့် အရေး ဖြစ်၏။
အို ကံကောင်းမှာပါ။ ထင်တာထက် ပိုကံကောင်းလျှင် အိုဝင်ကာဆယ် နှင့်တောင် ဆုံချင်ဆုံဦးမှာ။ အိုဝင် က အယ်လီ့ အသည်းတွင် စွဲထင်နေသည့် ပုဂ္ဂိုလ်လေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၁၃)

ကူမွန်တောင်တန်းအခြေနှင့် တော်တော်ဝေးကွာနေပြီ ဖြစ်သော ရွာငယ်လေး တရွာသို့၊ အထမ်းသမား များ အကူအညီဖြင့် မြန်မာစကားပြောတတ်သော ကချင်အမျိုးသမီး တယောက်ကို ဆက်သွယ်မိသည်။ ထိုအမျိုးသမီး ကို အတော်အသင့်ပြောပြီး ညာမေတင်အား အ၀တ်အစား လဲခိုင်းရသည်။

မေ့ဆေးပြေစ ဖြစ်သောညာမေတင်သည် သွက်သွက်လက်လက် လှုပ်ရှားစကားပြောခြင်း မပြုနိုင် ရှာသေးပေ၊ သူ့ကို အ၀တ်အစား လဲပေးနေသော ကချင်အမျိုးသမီးကို မူးနောက်ရီဝေသော ဦးခေါင်း မှုံမှိုင်း သော မျက်လုံးဖြင့် ကြည့်ခါ မေ့ဆေးအရိန်ကြောင့် ပျို့လိုက်၊ အံလိုက် ဖြစ်နေသည်။

ကိုမြင့်ညိုသည် ညာမေတင်ကို နောက်ကြောင်းပြန် ဇာတ်လှန်ပြောနေရမည့် အချိန်မဟုတ်သေး ကြောင်း ယုံကြည်နေသည့် ခင်မောင်အေးမတော်တဆ မေ့ဆေးပြေပြီး လိုက်လာမည်ကိုပဲ စိုးရိမ်သည် တကြောင်း တို့ကြောင့် ညာမေတင် ၀တ်လာရင်းစွဲ တော်ကောင် သားရေကိုချွတ်ပြီး သူဝယ်ယူလာသည့် ထမီအင်္ကျီကို ကချင်အမျိုးသမီးက သေသပ်လုံခြုံစွာ ၀တ်ဆင်ပေးပြီးသည်နှင့် တပြိုင်နက် မူးဝေနေ သေးသည့် ညာမေတင်ကို အထမ်းထဲမှာ ပြန်ထည့်ကာ ခရီးကို အပြင်းနှင်လာခဲ့ ကြသည်။

ကိုမြင့်ညိုက နာရီကို ကြည့်လိုက်၏ နံနက ၁၀နာရီထိုးပြီး နေပေပြီ၊ ဤအချိန်ဆိုလျှင် လူဝံကြီး မေ့ဆေးပြေလောက်ပြီဟု ကိုမြင့်ညိုက တွက်၏။ ထိုထက်အချိန်ပိုပြီး မေ့ဆေးပေး၍လဲ မဖြစ်တော့ချေ၊ ကြာလွန်း အားကြီးသွားလျှင် မေ့ဆေးလွန်ပြီး သေသွားနိုင်သည်။ နူးညံ့ကြင်နာသော စိတ်ထားရှိသူ ကိုမြင့်ညို သည် သူ့နှမလေးကို စောင့်ရှောက်ကယ်တင်ပေးထားသည်ဟူသော ယူဆချက်ဖြင့် အသက် ကို မသေစေလိုသော်လဲ ဤလို လူသူမနီး တောကြီး တောင်ကြီးထဲက ရိုင်းစိုင်းသော သတ္တ၀ါ တကောင် နှင့် သူနှမလေး ပေါင်းသင်းနေထိုင်သည်ကိုမူ မည်သည်နည်းနှင့်မှ မရှုစိမ့်နိုင်သည်ကတော့ အမှန်ဖြစ် သည်။

ညာမတင် ဦးခေါင်းရော စိတ်ရော ကိုယ်လက် အင်္ဂါရော ကြည်ကြည်လင်လင် ပြန်ဖြစ်လာသည့် အချိန် ကား ညနေမှောင်ရီ ပျိုးနေလေပြီ ထိုအချိန်တွင် ကိုယ်မြင့်ညိုတို့သည် ခင်မောင်အေး ကျန်နေရစ်ရာ ဒေသ ဖြစ်သော မှိုင်းညို့ရီမှောင်သည့် ကူမွန်တောင် ကုန်းကြီးနှင့် ခရီးဝေးကွာပြီး ခင်မောင်အေး  လိုက်မမှီ နိုင်အောင် စိတ်ချရသည့် နေရာသို့ ရောက်နေကြလေပြီ။

တောကျွမ်းပြီးသား သန်စွမ်းသည့် လူငှား လေးယောက် ကိုထွန်းအံ့ ကိုဘသော်နှင့် ကိုမြင့်ညိုတို့ သည် ညာမေတင် ပါလာသည့် ပုခက်ကို သူ့တာဝန် ငါ့တာဝန်ဟု ခွဲခြားမနေကြတော့ပဲ တယောက်မောလျှင် တယောက် အစားဝင် သည်။ တယောက်က ဆာလောင်လာလျှင် စားပြီးသည့် တယောက်က အစား ၀င် ထမ်းသည်။ ဤနည်းဖြင့်လမ်းခရီး တလျှောက်လုံးဝမရပ်ဆိုင်း အနားမယူဘဲ ခရီးပြင်းနှင်ကာ အပြေး လေး ထမ်းခဲ့ကြ သည်ကြောင့် ဤမျှလောက်ဝေးကွာပြီး စိတ်ချရသည့် နေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
သို့သော် သတိကိုမူ မလစ်ကြစေဘဲ ခရီးဆက်မြဲတိုင်း ဆက်လာခဲ့ကြသည်။

ပုခက်ထဲမှာ လဲလျောင်းလျက် ပါလာသော ညာမေတင်သည် သတိကောင်းစွာ ရလာသောအခါ သူ ဘယ်နေရာ ရောက်နေသည်၊ ဘယ်လိုဖြစ်နေသည်ကို စဉ်းစားမရဘဲ ဖြစ်နေသည်။ တဖြေးဖြေးအသိ ညာဏ် ကြည်လင် လာသောအခါမှာ သူသည် သူနှင့်ခင်မောင်အေး နေထိုင်ခဲ့သည့် ဂူထဲမှာမဟုတ်ဘဲ ထူးထူး ဆန်းဆန်းနေရာမှ အိပ်လျက်နှင့် နေရာရွေ့နေကြောင်း သိလာရသည်။ ညာမေတင်က ပုခက် ထဲမှာ ပက်လက် အနေအထားမျိုး ဖြစ်နေရာက ထထိုင်လိုက်သည်။

“နင်တို့ ဘာကောင်တွေလဲ၊ ခင်မောင်အေးရေ........”ပီပီသသကြီး ပြောလိုက်သော ညာမေတင်အသံနှင့် လှုပ်ရှား လိုက်ပုံကို အမြဲသတိထားနေသော ကိုမြင့်ညို က ချက်ချင်းသိလိုက်သည်။ သူ့နှမလေးသည် လူစကားပြော တတ်နေပါသေးသည် ဟူသော အသိ ကြောင့် ကိုမြင့်ညိုသည် အတိုင်းမသိ ၀မ်းမြောက်မှု ဖြစ် သွားသည်။ သို့သော် ၀မ်းမြောက် ကြည်နူးစွာ စကားတန်ရှည် မေးမြန်းပြောဆို နေရမည့်အချိန်အခါ မဟုတ်သည့် အလျှောက်....
“ညီမလေး မထနဲ့၊ ငြိမ်ငြိမ်နေ မအော်နဲ့”
ဟု သာပြောလိုက်သည်၊ အပြေးလေး ထမ်းသွားနေသူတွေကိုလဲ သွားမြဲတိုင်း သွားရန် ပြောလိုက် သည်။

ညာမေတင်သည် ဘာမှမပြောတော့ပဲ ပုခက်ထဲက ရုတ်ရက် ခုန်ချလိုက်သည်။ ပုခက်သေး တဖက်တ ချက် က ကိုမြင့်ညိုနှင့် ကိုမြင့်ညိုနှင့် ကိုထွန်းအံ့ကို သတိထားလိုက်လာကြသည်။ ပုခက်ရှေ့မှာ အထမ်း ငှားလာ သည့် လူငှားတယောက်က သွားပြီး ပုခက်နောက်မှာကား ကိုဘသော်နှင့် အထမ်းလူငှား တယောက်တို့က ၀ိုင်းရံလိုက်လာခဲ့ကြသည်။ ထိုကြောင့် ပုခက်ထဲက ခုန်ချလိုက်သော ညာမေတင်သည် လွတ်အောင် မပြေးနိုင် ဘဲ သန်စွမ်းသော ယောက်ျားကြီး ခုနှစ်ယောက် လက်ထဲမှာ အားရှိသမျှ ရုန်းကန်နေသည်၊ ညာမေတင် သည် အားခွန်းဗလ သန်စွမ်းပါသော်လဲ ဦးရေချင်း မမျှသည် တကြောင်း၊ မေ့ဆေးပြေပြီးနေက် အော့အံ ခဲ့ရခြင်း၊ မည်သည့်အစာကိုမှ မစားသောက်ခဲ့ရခြင်း၊ အထူး သဖြင့်ပြင်းထန်စွာ ရေငတ် နေခြင်းတို့ကြောင့် ကြာရှည်မရုန်းကန် နိုင်ရှာတော့ဘဲ ကိုမြင့်ညို ၏ လက်ထဲ မှာနွမ်းခွေစွာ မောဟိုက် ငြိမ်သက် ရှောတော့သည်။

ကိုမြင့်ညို သည် ညာမေတင်ကို ဤအတိုင်း ခေါ်သွား၍ မဖြစ်နိုင်ကြောင်း စဉ်းစားလိုက်မိသည်။ ထို့ကြောင့် ညာမေတင် ကို သူအလွန်သောက်လိုသည့် ရေကိုတိုက်လိုက်သည်။ အရအ၀သောက် လိုက်ပြီးသောအခါ ကိုမြင့်ညို ကိုထွန်းအံ့နှင့် ကိုဘသော်တို့က လျှင်မြန်စွာ ညာမေတင်၏ ခြေနှစ် ဘက်ကို ကြိုးဖြင့်တုပ် လိုက် ကြသည်။ ထိုနောက် စောင်ပုခက်ထဲမှာ ပြန်ထည့်ခါ စောင်နှင့် ရောပြီး ညာမေတင်၏ ခါးကိုကြိုးဖြင့် ချီလိုက် ကြသည်။ လက်နှစ်ဖက်ကိုမူ လွတ်ထားလိုက်သည်၊ လက်ကို လွတ်ထားမှသာလျှင် အစားစားနိုင်ပေမည်။ ထိုနောက် ထက်သုတ်ရိုက်တမ်း ပြေးမြဲတိုင်း ထမ်းပြေးကြသည်။ ကိုမြင့်ညိုကို ကျွေးသည့် အစာများ ကိုညာမေတင် မစားတတ်ရှာချေ၊ ထိုကြောင့် ရေကိုသာ သောက်ပြီး လိုက်ပါလာခဲ့ရသော ညာမေတင် သည် အားအင်လျော့ပါးခါ ကြိုင်းတုပ်ခံလျက်နှင့် လိုက်ခဲ့ရသော်လဲ နှုတ်က ဆိတ်ဆိတ်မနေ။

ငါဘယ်ကို ရောက်နေတာလဲ၊ နင်တို့ ဘာကောင်တွေလဲ ခင်မောင်အေးဘယ်မှာလဲ၊ ခင်မောင်အေးရေ ငါ့ဆီ ကို မြန်မြန်ပြေးခဲ့စမ်းပါ၊ ဟိုအကောင်တွေ ငါ့ကိုသတ်တော့မယ်
ဟု အော်ဟစ်လာသည်။ အော်ဟစ်လာသည်ဆိုသော်လဲ အသံမကျယ်ရှာတော့ပေ။

 ကိုမြင့်ညိုသည် ညာမေတင် နှုတ်မှ ခင်မောင်အေးဆိုသော စကားလုံးကို ကြားရသောအခါ အံ့သြနေသည်။ စဉ်းစား မရအောင် ဖြစ်နေသည်။ လေးနှစ်သမီးအရွယ်က လေယာဉ်ပျက်ရာ ပါသွား သော ညာမေတင်သည် လူလား မြောက် သည့် အသက်အရွယ်မှာ သူ့နှုတ်မှာ ထွက်လာသော ခင်မောင်အေး ဆိုသောနာမည်သည့် သူနှင့် ဂူတခုထဲမှာ ချစ်ခင်စွာ နေကြသည့် လူဝံကောင်ဖြစ် နေသလား၊ ထိုသို့ဖြစ်လျှင် ကိုမြင့်ညိုကို လူဝံကောင် ဟု ယူဆထားသော အကောင်သည် ညာမေတင် နှင့် အတူလေယာဉ်ပျက်ရာမှ အသက် မသေဘဲ ကံတူအကျိုးပေး ဖြစ်နေသော လူသားတယောက်သာ ဖြစ်ပေလိမ့်မည်။

ကိုမြင့်ညိုသည် ညာမေတင် စကားကို ဆက်စပ်တွေးတောရင်း တောတိရစ္ဆာန် လူဝံအကေင်အဖြစ်ဖြင့် ကျန်ရစ် ရှာသော ခင်မောင်အေးကို စိတ်ထဲက သနားသလိုလို ဖြစ်လာသည်။ သို့သော် ဤမျှလောက် ရိုင်းစိုင်း နေသော တောရိုင်းတိရစ္ဆာန်လိုလို ဖြစ်နေသော အကောင်တကောင်နှင့် ညီးမလေးသည် တောထဲမှာအကြောင်းပါလာသည်။ ဤလူဝံသဖွယ်ဖြစ်နေသော အကောင်သည် ညာမေတင်၏ခင်ပွန်း ဖြစ်ပါသည် ဟု မြို့ကြီးအရောက်ခေါ်လာပြီး လူသိသူသိ ပြ၀န့်ပြရဲသော သတ္တိသည် သာမန်လူသား တယောက် သာလျှင် ဖြစ်သော ကိုမြင့်ညိုမှာ မရှိရှာချေ။

ထို့ကြောင့် စိတ်ထဲက ကြင်နာသနားသလိုလို ဖြစ်လာသောစိတ်ကို မေ့ဖျောက်လိုက်သည်၊ သို့နှင့်ပင် ကူမွန် တောင်တန်းနှင့် များစွာဝေးကွာလာပြီး စိတ်ချရပြီဟု ယူဆရသော နေရာသို့ ရောက်သေအခါမှ ကိုမြင့်ညို တို့ လူစုနားလိုက်ကြသည်။ စကားမပြောတော့ မအော်တော့ဘဲ၊ အံကြိတ်ခါ သူ့ကိုဖမ်းလာသည့် မျက်နှာ ကို မြင်သေအခါ တင်းနေသာ မျက်နှာသည် အံ့သြသည့်အသွင့်သို့ ပြောင်းသွားသည်။ မေ့ဆေးအရှိန်ကြောင့် တကြောင်း၊ ဒေါသကြောင့် ရုန်းကန်အော်ဟစ်ပြောဆို နေရသဖြင့် တကြောင်း၊ ကိုမြင့်ညိုကို လူသိုက်မျက်နှာကို သေချာစွာ မကြည့်ညာမေတင်သည် အသက်မရှုဘဲ မေးလိုက်သည်။
"ဟုတ်တယ် ညီမလေး၊ ခင်မောင်အေး သေပြီ"

ကိုမြင့်ညိုက ခြေရာလဲပျောက် ရေလဲနောက်သည့် စကားကို ပြောလိုက်သည်။ ညာမေတင်သည် စက္ကန့် အနည်းငယ် နေပြီးမှ ဒဏ်ရာရသော ကျားပျိုမ တကောင်ကို လျှင်မြန်စွာ ခုန်ထလိုက်သည်။ ကိုသော် ကိုမြင့်ညို တို့က စိတ်မချသေးသည်အတွက် ခြေထောက်မှာ ချည်ထားသည့် ကြိုးကို မဖြေ သေးဘဲ ထားသော ကြောင့် သာလျှင်  ညာမေတင်သည် မလွတ်နိုင်ဘဲ ကြိုးကြောင့် ခြေတုပ်ပြီး ပြန်လဲ သွားသည်၊ သို့မဟုတ် လျှင် ညာမေတင် ပြေးသည့် ခြေလှမ်းကို ကိုမြင့်ညိုတို့လူစု မည်သည်နည်းနှင့် မှမမှီနိုင်ချေ။

ညာမေတင်သည် ခက်ထန်ပြင်းပြသော ဒေါသဖြင့် မိခင်ဖခင် လူဝံကြီးမောင်နှံ သေဆုံးစဉ်က အသံမျိုး အတိုင်း စူးစူးဝါးဝါး အော်လိုက်ရာ ကိုမြင့်ညိုတို့ လူစုသည် ထိတ်လန့်ခြင်းပင် ဖြစ်လိုက်ကြသည်။
"တော်ပါသေးရဲ့၊ ဆရာက ချည်ထားတဲ့ကြိုးကို မဖြေသေးလို့၊ ဖြေထားလိုက်မိရင် လူဝံစိတ် ပြန်ဝင်ပြီး တို့ကို ကိုဆွဲ ကုပ်ဖဲ့လိုက်မယ် ထင်တယ်"
ကိုထွန်းအံ့ နှင့် ကိုဘသော်တို့က ပြိုင်တူ တွေးလိုက်မိကြသည်။ အထမ်းငှားလာသော လူငှားလေး ယောက် ကမူ လူဝံအော်သံ ကို ကြားဘူးနေကြသည့် အတိုင်း အထူးအဆန်း မဖြစ်ဘဲ ချောမောလှပ သော ညာမေတင် ၏ လူဝံဟန်လူဝံ လေသံဖြစ်နေသည်ကို ကြည့်ကောင်းဟန်ဖြင့် ကြည့်နေကြသည်။

"ညီမလေး......ညီမလေး"
ကိုမြင့်ညို က ညာမေတင်၏ လက်နှစ်ဖက်ကို ထိမ်းချုပ်ကိုင်ထားရင်းက ကြင်နာစွာ ခေါ်လိုက်သည်။ သို့သော် ညာမေတင်သည် ကိုမြင့်ညိုကို မကြည့်ဘဲ မိုးသားတိမ်တိုက်တွေနှင့် ရောကာမှိုင်းမှိုင်း ညို့ညို့ မြင်နေရ သည့် ကူမွန်တောင်တန်းဆီသို့ မျှော်ကြည့်ကာ။

"ခင်မောင်အေးရေ.....ခင်မောင်အေး"
ဟုအော်ခေါ်လိုက်သည်။
ထို့နောက် သူ နှင့် ခင်မောင်အေးတို့ တယောက်ကို တယောက်ရှာမတွေ့လျှင် အချက်ပေး ခေါ်နေကြ ငှက်အော်သံ ကို စူးစူး ယှယှ အော်ဟစ်အသံပြုလိုက်သည်။ သို့သော် သူချစ်သော ခင်မောင်အေးကား ဝေးကွာ လှမ်းလွန်းသည့် အရပ်တွင် အထီးထီး ကျန်ရှစ်ရှာပြီ ဖြစ်သည့်အတွက် ညာမေတင်၏ အချက်ပေး အော်ခေါ်သံ ကို မကြားနိုင်ရှာချေ။

ခင်မောင်အေး၏ အရိပ်အယောင်ကိုပင် မမြင်ရသောအခါ ညာမေတင်သည် မျက်ရည်တွေ ဖြိုင်ဖြိုင် ကျ လာသည်။
"ဟိုအကောင် ငါ့အဖေ အမေကိုလဲ သတ်တယ်၊ ခင်မောင်အေးကိုလဲ သတ်တယ် တောက်"
ညာမေတင် သည် ကြေကွဲနာကျည်းသော အသံဖြင့် ပြောရင်း စိတ်အားကို လျော့လိုက်သည့် အလား ကိုမြင့်ညို အနားမှာ အရုပ်ကြိုးပြတ်သလို ခွေကျသွားလေသည်။ ညာမေတင် ၀တ်ထားသည့် ထမီသည် ကိုမြင့်ညို ကြိုတင် စီစဉ်ထားသည့်အတိုင်း ခါးပတ်ပတ်ထားသည့် အတွက်သာ ခိုင်မြဲနေသည်၊ မဟုတ်လျှင် ညာမေတင် ၏ ခုန်ပေါက် ရုန်းကန်မှုကြောင့် ကျွတ်ကျသွားပေမည်။

ကိမြင့်ညိုသည် ကြေကွဲနာကျည်းခြင်း ဆွေးမြေ့ ၀မ်းနည်းခြင်းတို့ ရောယှက် ခံစားနေရသော ညာမေတင် ကို အကဲခတ်ကြည့်ကာ လိုက်လျောစွာ ပြောလိုက်သည်။
"ညီမလေး ရဲ့ အဖေနဲ့ အမေကိုရော၊ ခင်မောင်အေးကိုရော သတ်တဲ့ ဟိုအကောင်ကို ညီမလေး မသတ် ချင်ဘူးလား"
"သတ်ချင်တယ်၊ ငါအခုသတ်မယ်၊ ဟိုကောင် ဘယ်မှာလဲ"
ခွေယိုင် နေသော ညာမေတင်သည် ကိုယ်ကို တောင့်တင်းစွာ ပြင်ထိုင်ပြီး မေးသည်။

သတ်ရမယ် ဟိုအကောင်ဘယ်မှာလဲ ခွေယိုင်နေသော ညာမေတင်သည် ကိုယ်ကို တောင့်တင်းစွာ ပြင်ထိုင် ပြီး မေးသည်။
သတ်ရမယ် ဟိုကောင်ရှိတဲ့ဆီကို သွားမယ်
"အေး သွားမယ်"
"ကဲ ဒါဖြင့် ဟိုအထဲကိုဝင်"
ကိုမြင့်ညို က ပြောသောအခါ ညာမေတင်သည် သူ့ကိုထမ်းယူလာခဲ့သည့် စောင်ပုခက်ကြီးကို ကြည့်ပြိး မဲ့မဲ့ ရွဲ့ရွဲ့ဖြစ်သွားသည်။

"ဒီဟာကြီးထဲကို ငါမ၀င်ချင်ဘူး ဟိုငါ့အဖေနဲ့ အမေသေတော့ ငါနဲ့ခင်မောင်အေးတို့ နှစ်ယောက် ဒီလိုပဲ မြေကြီး ထဲ ထည့်ထားခဲ့ကြတာ၊ အခုဒီဟာကြီးထဲမှာ ငါနေရသလိုပဲ"
ညာမေတင် စကားကြောင့် ကိုမြင့်ညိုသည် နှမလေးကို ကြင်နာစွာ ပြုံးလိုက်မိသည်။ ညာမေတင်ကို ဤ အတိုင်း လွှတ်ထားပြီး ခေါ်၍မဖြစ်၊ ညာမေတင်၏စိတ်ကို စိတ်မချရသေးချေ။ ခြေလွတ် လက်လွတ် သွားနေရာ မှ စိတ်ရိုင်း ၀င်လာလျှင် သူတို့လူစု လိုက်မမှီနိုင်အောင် ခြေလှမ်းများဖြင့် နီးရာ တောထဲကို ၀င်ပြေးသွားမည် ကို စိုးရိမ်သည်၊ ထို့ကြေင့် ကိုမြင့်ညိုဥာဏ်ကူ ရချေမည်။

"အေး....အေး......မ၀င်ချင်ရင် ဒီအတိုင်းလိုက်၊ ငါ့ညီမလေး အစားမစားရသေးလို့ သိမ်မောနေပြီ၊ အစာစား ရေသောက် လိုက်အုံးနော်"
ကိုမြင့်ညိုက ချော့ပြေသည်၊ အစ်ကိုအရင် တယောက်လုံး ဖြစ်နေသည်ကို မသိသော်လဲ တမိဝမ်းတွင် ဆင်းလာသည့် သွေးအရင်းဖြစ်ရကား ညာမေတင်သည် မူလကပင် ကိုမြင့်ညိုကို စိတ်ထဲမှာ ချစ်ခင်နေ ခဲ့သည် ဖြစ်ရာ ယခုသအလွန်မုန်းသော ဟိုအကောင်သူချစ်သော မိဘတွေနှင့် သူချစ်သော ခင်မောင်အေး ကိုပါ သတ်သော ဟိုအကောင်ကို သွားသတ်ရမည်ဟု ကိုမြင့်ညိုက ပြောထားသောအခါ၊ ကိုမြင့်ညိုစကားကို ငြင်းဆန် ခြင်းမပြုဘဲ နားထောင်သည်။ ထို့ကြောင့်ကိုမြင့်ညို ကျွေးသော အစာကို စားလိုက်သည်။

သို့သော် စားနေကြ အစာမျိုး မဟုတ်သောကြောင့်များများ မစားနိုင်၊ မစားတတ်၊ ပါးစပ်ထဲမှာ အရသာ မတွေ့၊ ထို့ကြောင့် နည်းနည်းသာစားပြီး ရေတောင်းလိုက်သည်။ ကိုမြင့်ညိုကလဲ ထိုသို့ဖြစ်မည်ကို ကြိုတင် စဉ်းစားပြီးဖြစ်သည်။ ထို့ကြောင့် ရေထဲမှာ အိပ်ဆေးခပ်ထည့်ထားသည်။ ညာမေတင်ကို ကြွေးသော အစာထဲမှာ အားဆေးခပ်ထည့် ထားသည့်ညာမေတင်သည် ရေကို အားပါးတရ အ၀သောက် ပြီးသောအခါ မျက်လုံးတွေက လေးလံပြီး အိပ်ချင်လာသည်။

မျက်လုံးစင်း လာသော ညာမေတင်ကို ကြည့်ကာ ကိုမြင့်ညိုက
"ညီမလေး အိပ်ချင်ရင် အိပ်လေ"
ဟုပြောပြီး နှမလေးကို ယုယစွာ ပိုက်ထားလိုက်သည်။ ညာမေတင်သည် တော်တော်ပင် အိပ်ချင်နေပြီ ဖြစ်သော ကြောင့် ဘာစကားမှ မပြောတော့ဘဲ ကိုမြင့်ညိုကိုမှီကာ စက္ကန့်အနည်းငယ်အတွင်းမှာ အိပ်ပျော် သွားရှာသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, April 28, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁)

အခန်း(၁)
ဒါးလက်စ်
အရှေ့ပိုင်းစံတော်ချိန် ၁၁း၃၀နာရီ

ပထမတွင် ဂျိန်း ဘာဖြစ်မှန်း မသိလိုက်။ ဘာဖြစ်တာပါလိမ့်။ လက်မောင်းတွင် သတင်းထောက် လက်ပတ် အတု နှင့် အီယန်ဖလင်းမင်း၏ ၀တ္ထုထဲမှ ဇာတ်လိုက်မင်းသမီး၏ နာမည်ကို ယူထားသည့် ဂျိန်းဂရက်ခ်ျသည် သမ္မတကနေဒီ ၏ တက်ဆက်စ်ခရီးစဉ်တွင် သတင်းနှင့် ပြန်ကြားရေး ဘတ်စ် ကား ပြတင်းပေါက်ဘက် ရှေ့ဆုံးတန်း မှ ထိုင်လိုက်လာခဲ့ခြင်း ဖြစ်၏။
ခရီးစဉ် ရှည်လျား ရှုပ်ထွေးမှုကြောင့် သူတို့ကားမှာ သမ္မတ၏ ကားနှင့် အဝေးကြီးပြတ်ကျန်ခဲ့သည်။ လမ်းနံဘေး တစ်ဖက်တစ်ချက်မှ ကျိုးတိုးကျဲတဲ ပရိသတ်ကို ဂျိန်း ငေးလိုက်လာခဲ့၏။ သူတို့ဆီမှ ပြည်နယ် အုပ်ချုပ်ရေးမှူး ထက် အပုံကြီး ပို၍ ချစ်စရာကောင်းသည့် သမ္မတကို တိုးဝှေ့ ကြည့်ရှုနေ ကြသည်။ ထိုစဉ်တွင် မော်တော်ကား အိတ်ဇော ပေါက်သံလိုလို ကြားလိုက်ရခြင်း ဖြစ်၏။

နေရောင်ကာ ကပ်ထားသည့် မှန်ပြတင်းမှ ဂျိန်း အပြင်ဘက်ကို မြင်နေရပုံက အသံတိတ်ကားထဲမှ မြင်ကွင်းနှင့် တူနေ၏။ လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။  အချို့ကားလမ်းကို ကျောခိုင်းပြီး ဦးတည်ရာ သို့ ထွက်ပြေးနေကြသည်။ အမျိုးသမီးငယ် တစ်ဦးက သူ့ကလေး နှစ်ယောက်ကို ပလက်ဖောင်း ပေါ် ဆွဲလှဲပြီး ကိုယ်လုံးနှင့် ဖိထားလိုက်၏။ ဒီယာလေပလာဇာ အဆောက်အအုံရှေ့မှ ခုံးကျော် တံတား အောက် သို့ ကားဝင်လိုက်သဖြင့် နေ့ခင်းကြောင်တောင် အလင်းရောင်မှာ ရုတ်ခြည်း မှောင်သွားသည်။
အိုဝင်ကာဆယ် ထိုင်နေသည့် နောက်ဘက်တန်းကိုလှည့်ပြီး ဂျိန်း မေးလိုက်သည်။

"ဘာဖြစ်တာလဲဟင်"
အိုဝင်ကာဆယ်မှာ သည်တစ်ပတ်အတွက် ဂျိန်း၏ အတွဲ ဖြစ်၏။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်။ အလုပ် လုပ်စရာ ရှိလျှင် တစ်နေကုန် ကျွဲလို နွားလို ကျုံးလုပ်ပြီး ညပိုင်းတွင်မူ မြာကလေးတွေ နှင့် ခပ်ပွေပွေ နေတတ်သူ။

သူက အပြင်ဘက်မှ  မြင်ကွင်းကို ပို၍ သဲသဲကွဲကွဲ မြင်ရအောင် မတ်တတ်ထပြီး ရှေ့သို့ ကြည့်သည်။
"သမ္မတ ကား မောင်းထွက်သွားတယ်၊ တအား မောင်းချသွားတာ"
အိုဝင်က ဂျိန်း ဘက်ကို လှည့်ကြည့်ပြီး အထိတ်တလန့် ပြောသည်။ စောစောက အသံကို အိုဝင်လည်း ကြားလိုက်သည်။ သူက သေနတ်သံဟု ထင်လိုက်၏။ သို့သော် မဖြစ်နိုင်ဟုလည်း တစ်ဖက်မှ တွေး လိုက်သည်။ ဘယ်လို ဖြစ်နိုင်ပါမည်လဲ။ ဒါ ကိုရီးယားနိုင်ငံက ယာလူး မြစ်ကမ်း နဖူးမှ မဟုတ်တာ၊ ဒါ အမေရိကန်ပဲ။

အိုဝင်သည် အဖေဖြစ်သူ ရဲမှုခင်းသတင်းထောက်ထံမှ ရခဲ့သည့် အခြေခံဖြင့် သတင်းစာလောကထဲ သို့ ၀င်ခဲ့ပြီး လျှမ်းလျှမ်းတောက် သတင်းထောက် တစ်ယောက်အဖြစ် ၀န်းခနဲ တက်လာခဲ့သူ ဖြစ်နေပြီ။ သတင်း မဂ္ဂဇင်း လောကတွင် သတင်းမုဆိုးဟု နာမည်ကြီးနေသူ ဖြစ်၏။ သတင်းနောက် ကို တကောက်ကောက် လိုက်၏။ မဂ္ဂဇင်း၏ ထိပ်တန်း သတင်းမှန်သမျှ သူ့လက်ရာတွေချည်း ဖြစ် ၏။ ယခု သမ္မတ၏ တက်ဆက်စ် ခရီးစဉ် သတင်းမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်ဦးမည်မုချ။

တက်ဆက်စ် ပြည်နယ် ဒီမိုကရက်တစ်ပါတီတွင်း တိုက်ပွဲမှာ အပြင်းအထန် ထိန်းမရ သိမ်းမရ ဖြစ်နေ၍ သမ္မတ ကိုယ်တိုင် ဆင်းလာခဲ့ရခြင်း ဖြစ်သည်။ အားလုံးက မသွားဖို့ သမ္မတကို ၀ိုင်းတား ကြသည်။ အန္တရာယ် ရှိနိုင်ကြောင်းလည်း သတိပေးကြ၏။ နိုင်ငံရေးသမားများကိုရော၊ နိုင်ငံရေးကို ပါ မုန်းတီး ပါသည်ဆိုသော မြင်သူငေးရလောက်အောင် လှသည့် သမ္မတကတော်က လင်တော်မောင်နှင့် ခြေဖ၀ါး ထက်ကြပ်မကွာ လိုက်ပါ လာခဲ့၏။

ဒါးလက်စ်သည် အိုဝင့်ကို ရှေ့တစ်ဆင့် တွန်းပို့မည် သတင်း ဟင်းလေးအိုးကြီး တစ်အိုး ဖြစ်လာပါ ပေဦး တော့မည်။
ခုံးကျော်တံတားအောက်မှ ဘတ်စ်ကားထွက်လာတော့ ရဲသားတစ်ယောက် မော်တော်ဆိုင်ကယ်ကို လမ်းဘေး တွင် ထိုးရပ်ပြီး ခုန်ဆင်းထွက်ပြေးသွားသည်ကို လှမ်းမြင်ကြရ၏။ သူ့လက်က သေနတ် ဆွဲထုတ် နေပုံကိုလည်း ရိပ်ကခနဲ မြင်လိုက်၏။

ဘတ်စ်ကား ရုတ်ခြည်း ထိုးရပ်သွား၏။ ကားပေါ်မှ သတင်းထောက်တစ်ယောက် ခုန်ဆင်းပြီး ရဲသား နောက် သို့ ပြေးလိုက်သွားသည်။ ထို့နောက် သမ္မတမိန့်ခွန်းပြောမည့် ကုန်သွယ်ရေး အဆောက် အအုံဆီသို့ ကားဘီး ဆက်လှိမ့်သည်။

"တစ်ခုခုတော့ တစ်ခုခုပဲ၊ ဥသြဆွဲသံတွေလည်း ကြားတယ်၊ ရဲတွေ၊ စုံထောက်တွေ ချက်ချင်း ပြည့်လျှံလာလိ့မ်မယ်၊ ကားမောင်းလို့ ရတော့မှာ မဟုတ်ဘူး"
အိုဝင် မှတ်ချက်ချခြင်း ဖြစ်၏။ စောစောက ကြားရသည့်အသံကိုတော့ မော်တော်ဆိုင်ကယ် အိတ်ဇောသံဟု သူ ထင်နေဆဲ။ သည်အသံကို သမ္မတ၏ ကားသမားလည်း ကြားမည်။ "နောက်မှ စဉ်းစား၊ ချက်ချင်းလှုပ်ရှား" ဟု လေ့ကျင့် ထားသည့်အတိုင်း သူ့ခြေထောက်က အလိုအလျောက် လီဗာပေါ်ကို ရောက်သွားခြင်း ဖြစ်မည်။ ကုန်သွယ်ရေး အဆောက်အအုံရှေ့တွင် ကားထိုးဆိုက် တော့ အိုဝင်က သူ့နေရာမှ ခုန်ထွက်ပြီး ဂျိန်း ဘက်လှည့် ၍ "လက်ပတ်ကို မမေ့နဲ့နော်၊ အဲဒီအတိုင်း လှုပ်ရှား" ဟု တပ်လှန့်လိုက်သည်။
အိုဝင်က ဘာမှမဖြစ်လျှင်လည်း သတင်းဖြစ်မည့်နေရာကို ပထမဆုံး အရောက်သွားမည်သာ ဖြစ်၏။

ကုန်သွယ်ရေး အဆောက်အအုံ ခန်းမကျယ်ကြီးထဲတွင် စားပွဲတွေ တန်းစီချထားသည်။ သမ္မတ မိန့်ခွန်းပြောမည့် စင်မြင့်ကို အနီ၊ အပြာနှင့် အဖြူရောင် ပိတ်စများဖြင့် ခင်းကျင်းထား၏။ ထိပ်ဆုံး စားပွဲတွင် အ၀ါရောင် နှင်းဆီပန်းအိုး တင်ထားသည်။ တီးဝိုင်သမားများက "တို့ခေါင်းဆောင်ကို အလေးပြု ကြိုဆိုကြစို့" တေးသွား ကို တီးဖို့ အသံညှိနေကြ၏။

အခမ်းအနားအတွက် အားလုံး အဆင်သင့် ဖြစ်နေပြီး တစ်ချိန်တည်းတွင် အားလုံး ရပ်တန့်သွား၏။ ထောင်ပေါင်းများစွာသော တက်ဆက်စ်သူ တက်ဆက်စ်သားတို့သည် နေ့လယ်စာ စားနေရင်း သံပတ်ကုန်သွားသော အရုပ်များလို ငြိမ်သက်သွားကြ၏။ ၀ါးနေသော မေးရိုးများ ရုတ်ခြည်း ရပ်တန့်သွားခြင်း ဇွန်းခက်ရင်းများ၊ ရေဖန်ခွက်များလည်း လေထဲတွင် ရပ်တန့်သွား၏။ အထိတ် တလန့်ဖြစ်ကာ ပြူးကျယ်နေသည့် မျက်လုံးများကို ဂျိန်း လှမ်းမြင်နေရသည်။ အချို့က မယုံကြည် နိုင်စွာ ခေါင်းတွင်တွင် ရမ်းလျက်၊ ကြားရသည့် သတင်းကြောင့် ဟာခနဲ၊ ဟင်ခနဲ ဖြစ်နေကြသည်။
ဝတ်စုံပြည် ၀တ်ထားပြီး ဧရာမ ဦးထုပ်ကြီးဆောင်းထားသူ တစ်ယောက်က ဂျိန်း၏ လက်ပတ်ကို ကြည့်ပြီး လှမ်းမေးသည်။

"အဲဒါ တကယ်လား၊ သမ္မတ သေနတ်ပစ်ခံရတယ်ဆို"
"ရှင်၊ သေနတ်ပစ်ခံရတယ်၊ ဟုတ်လား"
ဂျိန်း ပြန်မေးသည်။ ကျောထဲ စိမ့်သွား၏။ စောစောကလေးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသော လူအုပ်ကြီးကို ပြန်သတိရ လိုက်၏။ အခန်းထဲမှ လူအားလုံး ဆောက်တည်ရာမရ ဖြစ်နေကြသည်။
ဂျိန်း ဘာ မှ ထပ်မပြောနိုင်ခင် အိုဝင်က အတင်းလက်ဆွဲပြီး ပထမထပ် သတင်းခန်းမဆီသို့ တိုးဝှေ့ ပြေးတက်နေကြသည့် အခြားသတင်းထောက်များ ဆီသို့ ဆွဲခေါ်သွားသည်။ သူတို့နှစ်ယောက် အခန်းထဲ ရောက်သည် နှင့် အရာရှိဖြစ်ဟန်ရှိသူတစ်ဦးက တယ်လီဖုန်းချပြီး မျက်နှာဖြူဖပ် ဖြူရော်နှင့် ဆီးပြောသည်။
"သမ္မတ လုပ်ကြံခံရတယ်၊ ခု ပက်လက်လင်းဆေးရုံ ရောက်နေပြီ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၁၂)

ထိုသို့နေထိုင်ကြရာမှ ကိုမြင့်ညိုတို့ရောက်လာကြသည်။ ညာမေတင်ကို မြင်တွေ့သွားကြသည် သို့သော် ညာမေတင် နှင့် ခင်မောင်အေးတို့နေထိုင်ကြသည့် ဂူရှိရာသို့ ကိုမြင့်ညိုတို့က မလာကြဘဲ နောက်ကြောင်း လှည့်ပြန်သွား ကြသောအခါ ခင်မောင်အေးနှင့် ညာမေတင်တို့သည် စိတ်အေးသွားကြ သည်။ သူတို့ကို ရန်ပြုမည့် သတ္တ၀ါများမဟုတ်ဟု ယူဆလိုက်ကြသည်။

ကိုမြင့်ညိုတို့ပြန်ကြသည့်နေ့မှာ ညာမေတင်သည် သူ့စိတ်ထဲမှာ ချစ်ခင်နေသော ကိုမြင့်ညိုတို့ နေထိုင်ရာကို လျှို့ဝှက်သော နေရာမှ ချောင်းကြည့်နေခဲ့သည်။ ရှေ့ကသွားသော လူစုနှင့်ခွဲကာ နောက်ဆုံး က တယောက်ထဲ ဖြေးဖြေးအေးအေးလိုက်သွားသော ကိုမြင့်ညိုကို ခြုံခိုကွယ်ဝှက်ခါ မျက်ချေမပြတ် လိုက်ကြည့် ခဲ့သည်။ နောက်ကလိုက်ကြည့်ရသည်ကို အားမရသောကြောင့် ကိုမြင့်ညိုမျက်နှာကို မြင်ရ စေရန် နံဘေးက လိုက်ကြည့် သည်။ ထိုအခိုက် ကိုမြင့်ညိုက ညာမေတင်ကို တွေ့သွားခြင်းဖြစ်သည်။

ကိုမြင့်ညိုတွေ့သွားကြောင်းကို ညာမေတင် သိသည်။ သို့သော် ညာမေတင်သည် ကိုမြင့်ညိုကို ကြောက်ရွံ့ သော စိတ်မျိုး မပေါ်ခဲ့ချေ။ ကိုမြင့်ညိုက ရန်မူသည့်အရိပ်အရောင် လုံးဝမရှိဘဲ သူ့ကို နူးညံ သော မျက်နှာ ဖြင့် ကြည့်သလို ညာမေတင်ကလဲ ကိုမြင့်ညိုမျက်နှာကို မျက်တောင်မခတ် ကြည့်နေ သည်။

ထိုအချိန်က ခင်မောင်အေးကသာ အချက်ပေးသံမပြု ပြန်မခေါ်ဘဲနေလျှင် ညာမေတင်သည် ကိုမြင့်ညို ရှိရာ ကို ရောက်အောင်ခြုံထဲက ထွက်လာမိမည်ကောင်း ထွက်လာမိမည်လား မပြောတတ်ချေ။
အစာ ရှာရာမှ ပြန်လာသော ခင်မောင်အေးက ဂူပတ်ဝန်းကျင်မှာ ညာမေတင်ကို မတွေ့သော အခါ ကိုမြင့်ညို တို့ နေထိုင်ရာသို့သွားရောက် ချောင်းကြည့်နေပြီဟု အတပ်တွေးလိုက်သည်။ ထိုကြောင့်  လျှင်မြန်စွာ လိုက်လာခဲ့သည်။ ကိုမြင့်ညိုတို့ စခန်းသိမ်းထားသည်ကို တွေ့ရသည်။ ထိုသတ္တ၀ါတွေ ထွက်သွား လျှင် ညာမေတင် ဘယ်နေရာရောက်နေသနည်း။ အဖမ်းခံသွားရခြင်းတော့ မဟုတ်နိုင်ဟု တွေးကာ ညာမေတင်ကို သူတို့အချင်းချင်းသာ နားလည်သောအချက်ပေးသံပြု ခေါ်လိုက်ခြင်းဖြစ် သည်။

တောကြီးမျက်မဲထဲမှာ နှစ်ယောက်ထဲနေပြီး တဦးကိုတဦး အသက်ပေးထားသည့် အဖော်မွန် ခင်မောင်အေး ၏ အသံ ကို ကြားလိုက်ရသော ညာမေတင်သည် ကိုမြင့်ညို ကို ဆက်လက်ကြည့်ရှုနေခြင်း မပြုနိုင်တော့ဘဲ ခင်မောင်အေး ရှိရာသို့ ပြန်ပြေးသွားခဲ့လေသည်။

“နင်ကလဲ ဘာဖြစ်လို့ ဒီလောက်အဝေးကြီးကို လိုက်ကြည့်ရတာလဲ၊ နင့်ကို ဖမ်းသွားမှာ မ ကြောက်ဘူးလား”
သူ့ အနားသို့ ပြန်ရောက်လာသော ညာမေတင်ကို ခင်မောင်အေးက ဆီးကြိုလက်တွဲပြီး မေး သည်။
“မကြောက်ဖူး၊ ဟို... ငါ့စိတ်ထဲမှာ အဖေအမေလို ချစ်နေတယ်ဆိုတဲ့ သတ္တ၀ါ က ငါ့ကိုမဖမ်း ဘူး၊ မသတ်ဘူး၊ ငါသိတယ်”
ညာမေတင် က ခင်မောင်အေး၏ရှည်လျားသော မုတ်ဆိပ်မွေးကို ငြင်သာစွာကိုင်ပြီး ပြောသည်။

“ကဲ...လာ၊ ဒို့နေရာကို ပြန်ကြစို့၊ ဒီတခါ နင်ကြိုက်တတ်တဲ့ အသီးတွေ အများကြီးတွေ့လို့ ငါ အများကြီး ခူးလာတယ်၊ နောက်ပြီး ကျားစားထားပြီး ကျန်နေတဲ့ အသားတွေလဲ ရလာတယ်၊ ဒို့ မီးထဲ ထည့်ရအောင်”
ခင်မောင်အေး က ပြောပြီး ညာမေတင်ကို ချစ်ခင်ယုယစွာ လက်ဆွဲပြီး သူတို့ပျော်ရွှင်စွာ နေမြဲဂူ သို့ ပြန်လာ ခဲ့ကြသည်။
ကိုမြင့်ညို တို့လူစုက တစုံတရာ ဘေးဒုက္ခမပေးဘဲ စခန်းသိမ်းပြီး ပြန်ကုန်ကြသောအခါ ခင်မောင်အေးနှင့် ညာမေတင် တို့သည် ယခင်ကလိုပင် စိတ်အေးချမ်းသာစွာ ရဲရဲဝန့်ဝန့် နေမြဲတိုင်း ပျော် ရွှင်စွာ နေထိုင်ခဲ့ ကြသည်။

    သို့သော် သူတို့နှစ်ယောက်သည် သူတို့အဖေအမေတွေ သေခဲ့ကြရပုံတွေ၊ သူတို့ အဖေအမေတွေကို သတ်သွားသည့် သတ္တ၀ါတွေကိုမူ မည်သည့်အခါမှ မမေ့ပေ၊ နှစ်ယောက်သား ကစားခုန်ပျံခြင်းမပြုဘဲ အေးအေး လူလူ ထိုင်စကားပြောသည့်အခါတိုင်း ထိုအကြောင်းကို တယောက်တလှည့် ပြောနေတတ် ကြသည်။

    ဘခင်လူဝံကြီးသေမည့်ဆဲဆဲမှာ ပေးထားခဲ့သည့် ရန်သူ၏ လက်ချောင်းပြတ်လေးနှစ်ခုကို ခင်မောင်အေး နှင့် ညာမေတင်တို့သည် ချောက်သွေ့အောင် နေလှမ်းပြီး ကောင်းစွာ သိမ်းဆည်းထားသည်၊ ရန်သူ အကြောင်း ပြောရင်း သတိရရင်း လက်ချောင်းချောက်လေးနှစ်ခုကို ထုတ်ကြည့်ရင်း…
    ဘယ်လက် ညာလက်ဟူ၍ ခင်မောင်အေးနှင့် ညာမေတင်တို့ မသိသော်လဲ သူတို့လက်နှစ်ဘက်နှင့် နှိုင်းယှဉ် ကြည့်ကြသောအခါ ဘယ်ဘက်လက်သူကြွယ်နှင့် လက်သန်းဖြစ်ကြောင်း၊ အရင်းက ပြတ်သည် မဟုတ် ဘဲ အဖျားဘက် အဆစ် နှစ်ဆစ်ဆီကသာ ပြတ်ကြောင်း၊ ရန်သူ၏ လက်တွင်း အရင်းဘက်မှာ လက်တဆစ် စီ အငုတ်ကျန်သွားမည်ဖြစ်ကြောင်း ကောင်းစွာမှတ်မိနေ သိနေကြသည်။

    ထို့ကြောင့်သာလျှင် ညာမေတင်သည် ကိုထွန်းအံ့ကိုဘသော်နှင့် ကိုမြင့်ညိုကို မြင်လိုက်သည်ဆိုလျှင် လက်ချောင်းကို ဂရုစိုက် သတိထားကြည့်သည်၊ မပြတ်ဘဲ ပကတိ အကောင်းအတိုင်းမြင်သောအခါ လူဝံကြီး မောင်နှံ ကို သတ်သူတွေမဟုတ်ဟု ယူဆ၏၊ လတ်ပြတ်သူလောက်သာ စွဲစွဲမြဲမြဲ မှတ်ထားပြီး အပေါင်းအပါ ရန် ကိုမူ တသိမထားမိ ဂရုမစိုက်မိတော့ချေ။
    ကိုမြင့်ညိုတို့ စခန်းသိမ်းပြန်သွားကြသည်မှာ ခြောက်လပင် ရှိနေခဲ့ပြီဖြစ်သောကြောင့် ခင်မောင်အေးနှင့် ညာမေတင် တို့သည် ကိုမြင့်ညိုကို မေ့နေကြလေပြီ။
    ပန်းတွေ မပွင့်တော့သော်လဲ ဝေဆာအုပ်ဆိုင်းနေသော ပန်းပင်ကြီးအောက်မှာ ညာမေတင် အေးဆေးစွာ သွား နေတတ်သည်၊ ကိုဘသော်နှင့် ကိုထွန်းအံ့တို့က သူ့ကို ဦးဆုံးမြင်တွေ့သွားသည့် ကမ္ဘားယံအောက် စမ်းချောင်း ကမ်းပါး မှာ ဆယ့်နှစ်ရာသီ ဖူးပွင့်သည့် ပန်းနီနီရဲရဲတွေကို စိန်ပြေနပြေ ခူးကာ အေးအေးလူလူ သွားနေ တတ်သည်။

    ဘေးရန် မရှိတော့သည်ကြောင့် ခင်မောင်အေးကလဲ ညာမေတင် စိတ်တိုင်းကျဖြစ်စေရန် အလို လိုက် ထားသည်။ သို့သော် ညာမေတင်က တယောက်တည်းမသွားချေ၊ ခင်မောင်အေးလိုက်သည့်အခါမှသာ သွားသည်၊ သူတို့နှစ်ယောက်၏ ချစ်ခြင်းမေတ္တာကား ခိုင်မြဲလွန်းသည်၊ တွယ်တာကြင်နာမှု ကြီးလွန်းသည်၊ တယောက် ကို တယောက် ကြင်နာမှုကား အတိုင်းအဆမရှိတော့ချေ။

    သူတို့နေထိုင်ရာ သီးသန့်ကမ္ဘာလေးကို မည်သည့် ရန်သူမှ မလာကြတော့ဟု နှစ်ယောက်လုံး စိတ်ချ လက်ချ ယုံကြည်ကာ စိတ်လက်အေးချမ်းစွာ နေထိုင်ကြသော ခင်မောင်အေးနှင့် ညာမေတင်တို့သည်…..
-----------------------------------------------------------------
    ကိုမြင့်ညိုသည် နက်ခေါင်လှသော တောတောင်ထဲဝယ် တောရိုင်းတိရစ္ဆာန်လေးလို ဖြစ်နေရှာသော နှမလေး ကို သွားရောက်ရှာဖွေ ခေါ်ဆောင်ရန်အတွက် လိုအပ်သော ဆောင်ရွက်မှုကို ပြုလုပ်ရာမှာ ကံအားလျော်စွာ အားလုံးအဆင်ပြေနေသည်။
    ကိုထွန်းအံ့နှင့် ကိုဘသော်တို့ကလဲ ကိုမြင့်ညို ဘခင်ကြီးက ကျေနပ်အောင် ထောက်ပံ့မှုကို ကြည်ဖြူစွာခံယူကာ ကိုမြင့်ညိုနှင့် မခွဲမခွာ လိုက်ပါရန် သဘောတူကြသည်။

    'သားရေ…သားက စေ့စပ်သေချာတယ်ဆိုတာကို ဖေဖေသိပါတယ်၊ ဒါပေမဲ့ လိုလိုမယ်မယ် ယူသွားရမဲ့ ပစ္စည်းစာရင်း ကို စစ်လိုက်ချင်တယ်သားရဲ့'
    'စစ်ပါဖေဖေ၊ ကျွန်တော် သတိမေံတာ ရှိချင်လဲရှိနေမယ် ဖေဖေပြန်စစ်တာ ကောင်းပါတယ်'
    ကိုမြင့်ညိုက ပြောသောအခါ ဘခင်ကြီးက သူကြိုတင်ရေးသားထားသည့် ပစ္စည်းစာရင်းကို တခုချင်းတက်ကာ ပါမပါမေးသည်။
    တောတောင်ထဲမှာ လိုအပ်သည့် ဆေးဝါးပစ္စည်းအစုံ အနွေးထည်၊ စားသောက်ဘွယ်ရာများ၊ ကိုမြင့်ညိုလိုင်စင်ဖြင့် ကိုင်သည့် သေနတ်၊ ကျည်ဆံ၊ ကိုဘသော်နှင့် ကိုထွန်းအံ့တို့ ကိုင်ရန် ဓားရှည်၊ ဓားမြှောင်၊ နိုင်လွန်ကြိုးခွေ၊ ညာမေတင်အတွက် လိုအပ်သည့်ပစ္စည်းများစသည်တို့ကို စုံစေ့စွာ စစ်ဆေး လိုက်သည်။

    'အားလုံးစုံပါတယ်သား၊ စားရေရိက္ခာအတွက်က ချက်ပြုတ်ဘို့ မလိုတဲ့ အသားကျော်တွေ စည်ဗူးတွေကို တောထဲ ရောက်မှစားကြ၊ မိုးကောင်းမြို့ရောက်တော့ လမ်းမှာ ၀ယ်စားသွားကြကွဲ့'
    ဟုတ်ကဲ့ဖေဖေ၊ မိုးကောင်းမြို့ ရောက်တော့လဲ တောထဲမှာပိုပြီးလုံလုံ လောက်လောက် ဖြစ်အောင် ထပ်ဖြည့်ဝယ်သွားပါအုံးမယ်'
    ကိုမြင့်ညိုက ပြောသည်။

    'အထမ်းသမားငှားတာကိုလဲ စုံးစမ်းပြီးမှ စိတ်ချရမှ ငှားနော်'
    ဘခင်ကြီး စကားကို ကိုမြင့်ညိုက သဘောပေါက်ပါသည်။ မိုးကောင်းမြို့ရောက်လျှင် တောင့်တင်း သန်စွမ်း သော လူငှားလေးယောက် ရှာရမည်၊ ညာမေတင်ကို အလွယ်နှင့်ခေါ်၍ ရမည်မဟုတ်ကြောင်း ရိပ်စား မိသော ကိုမြင့်ညိုက ညာမေတင်ကို မေ့ဆေးဖြင့် သတိလစ်စေပြီး စောင်ပုခက် ပြုလုပ်ကာ လူငှား လေးယောက် ကို အလှည့်ကျထမ်းစေပြီး ခရီးပြင်းပြန် နှင်ရမည်ဖြစ်သည်၊ ညာမေတင်ကို ငှက်အော်သံ လို အချက်ပေး ခေါ်ယူကာ ညာမေတင်၏ အသိုင်းအ၀ိုင်းသည်မည်သည့် သတ္တ၀ါမျိုး၊ အဖွဲ့အစည်းဖြစ်သည်ကို မသိရသည့် အလျောက် ထိုအသိုင်းအ၀ိုင်းအဖွဲ့အစည်းမှ လွတ်ကင်းအောင် အမြန်ဆုံး ရှောင်ရမည် ဖြစ်သည်။

    ပြစ်ခတ် သတ်ဖြတ်ရမည့် အလုပ်မျိုးကိုမူ ကိုမြင့်ညိုမလိုလားချေ၊ သူ့နှမလေးကို ဤအသက်အရွယ် ရောက်အောင် ကယ်တင်ကူညီမွေးမြူစောင့်ရှောက်ထားသော အသိုင်းအ၀ိုင်းကို ကိုမြင့်ညို ကျေးဇူး မကန်းလိုပေ။

    ညာမေတင်ကို ယူဆောင်ရာမှာ မေ့ဆေးကို လိုအပ်လျှင် သုံးရမည်ဖြစ်သည့်အတါက် မေ့ဆေး သုံးပုံ သုံးနည်း၊ အချိန်အဆ၊ အချိန်ကာလအတိုင်းအတာ၊ မတော်တဆ အချိန်အဆ မှားယွင်း လက်လွန် သွားသော် မည်သို့ဖြေရမည် စသည်တို့ကို မေ့ဆေးပါရဂူဘွဲ့ရထားသော သူငယ်ချင်း ဆရာဝန် တယောက် ထံမှာ အသေးစိတ်သေချာစွာ သင်ကြားပြီး ဖြစ်သည်။
    သုံးရမည့် မေ့ဆေးကလဲ ပဌမတန်း အကောင်းဆုံး မေံဆေးကိုသုံးမှဖြစ်မည်၊ ထိုကြောင့် မေ့ဆေး ရရှိရေးကို လဲ ကျိုးစားရသည်၊ ရန်ကုန်မှာ လိုအပ်သည်တို့ကို ရှာဖွေပြင်ဆင်ရင်း ငါးလနီးပါး ကြာသွားသည်။

    'လူငှားလို့ရရင်ရ မရရင် လူငှားရှာဘိ့ ကိစ္စကြောင့် သိပ်အချိန်ကုန်မခံပါနဲ့ဆရာ၊ ကျွန်တော်တို့ နှစ်ယောက် ထမ်းပါမယ်'
    ကိုဘသော် နှင့် ကိုထွန်းအံ့ တို့က အားပေးစကားပြောကြသည်။

    သို့သော်ကိုမြင့်ညိုသည် ကိုဘသော် ကိုထွန်းအံ့တို့နှင့် ခရီးထွက်လာပြီး မိုးကောင်းမြို့သို့ ရောက်သော အခါ တောကျွမ်းသော သန်သန်စွမ်းစွမ်း လူလေးယောက်ကို ကျေနပ်သောအခ ကြေးငွေပေးပြီး ငှားရမ်း လိုကြောင်း ပြောဆိုရှာဖွေရာ တပတ်မျှအကြာတွင် တောပြစ် ၀ါသနာပါသော ကချင်အမျိုးသား လေးယောက် ကို သူတို့ကျေနပ်သော အခကြေးငွေဖြင့် ဈေးတဲ့သည့်အတွက် တောထဲသို့ ထွက်ခွာ သွားရေး သည် အဆင်ပြေသွားသည်၊ သန်သန်မာမာ ယောကျာ်းကြီး ခုနှစ်ယေက်အဘို့ ကိုယ့်အတွက် ပစ္စည်း ကို ကိုယ်သည်ပိုးသွားရသည်မှာ ပြောလောက်အောင် ပင်ပန်းခြင်းမရှိချေ။

    သို့သော် ကူမွန်တောင်တန်း၏ တောင်ခြေကို သူတို့ရောက်သွားသည့်အခါတွင်မူ ယခင်တခေါက် ရောက်ခဲ့သည့် ကာလနှင့် ခြောက်လာလောက် ကွာခြားနေခဲ့သည်၊ လမ်းကို စမ်းတ၀ါးဝါး ဖြစ်နေသည် ကြောင့် တောင်ခြေမှာ လမ်းကို မှန်းဆရင်း ရက်အနည်းငယ်ကြာသွားသညာ်၊ နောက်မှ သူတို့ ထွက်ခွာ လာခဲ့သည့် ခြေရာ လက်ရာကို ပြန်လည် တွေ့ရသည့်အတွက် ခရီးဆက်ကြရသည်။

    'ကျွန်တော်တို့ အရင်တခေါက်လာစဉ်က စခန်းချခဲ့တဲ့နေရာနဲ့ နီးနေပြီ၊ အဲဒီတော့ လမ်းကြောင်း ကို ပြောင်းချင်တယ်'
    ကိုမြင့်ညိုက ပြောသောအခါ…
    'ဘာကြောင့်လဲ ဆရာ'
    ဟုကိုထွန်းအံ့နှင့် ကိုဘသော်တို့က မေးကြသည်။
    'အရင်တကြိမ်လာခဲ့တဲ့လမ်း၊ စခန်းချတဲ့နေရာကို ညီမလေးအသိုင်း အ၀၉ိုင်းအဖွဲ့စည်းက သတ္တ၀ါ တွေဆိုပါတော့၊ မလာကြ မရောက်ကြဘူးလို့ မဆိုနိုင်ဘူး၊ စခန်းသိမ်းလို့ ကျွန်တော်တို့ ပြန်ကြတော့ ကျွန်တော် က နောက်ဆုံး တော်တော်အကွာက လိုက်လာခဲ့တာ သတိထားမိကြလား'
    ကိုမြင့်ညိုက မေးသောအခါ ကိုဘသော်နှင့် ကိုထွန်းအံ့တို့က သတိထားမိောကာင်းဖြေကြသည်၊ ကိုမြင့်ညို က ဆက်ပြော၏။

    'အဲဒီအချိန် က ကျွန်တော့်ညီမလေး ကျွန်တော့်နောက်က လိုက်လာပြီး ကျွန်တော့်ကို ကြည့်တယ်၊ ကျွန်တော် လဲ ရုတ်တရက်ဆိုတော့ အံ့သြနေခိုက် ဟိုကျောက်တောင်ထိပ်မှာ ကျွန်တော်တို့ ကြားခဲ့ရတဲ့ ငှက်အော်သံ ကို အချက်ပေးအသံပေါ်လာပြီး ညီမလေးပြန်ပြေးသွားတယ်၊ ဒါကြောင့် ကျွန်တော်တို့ စခန်းချ ခဲ့တဲ့ နေရာကို သူတို့မရောက်ဘူးလို့ မပြောနိုင်ဘူး မတော်တဆ ပက်ပင်းတိုးနေမိရင် တယောက် ကို တယောက် ရန်သူ လို့ထင်ပြီး မလိုလားအပ်တာတွေ ဖြစ်ကုန်မှာစိုး၇တယ်။
    ကိုဘသော် နှင့် ကိုထွန်းအံ့တို့သည် မချင့်မရဲ ဖြစ်သွားကြသည်။

    'ဆရာရယ် အဲဒီအချိန်က တခါထဲ ဖမ်းလာခဲ့ပါတော့'
    ဤစကားကို နှစ်ယောက်စလုံး တပြိုင်ထဲ ပြောလိုက်ကြသည်။
    'ကိုယ့်နှမလေး ဖြစ်နေတာ မသိလို့ပေါ့ဗျာ၊ သိလိုက်ရင် စခန်းသိမ်းပြန်တဲ့အထိ နေမလား၊ ကျောက်ကမ္ဘားယံထိပ် ပန်းပင်ကြီးအောက်မှာ မြင်ကတဲက တခါထဲ ခေါ်လာခဲ့မှာပေါ့'
    ကိုမြင့်ညိုက ယူကြုံးမရသံဖြင့် ပြောသည်၊ ယခုခေါ်ဆောင်ရန်လာခဲ့သော်လဲ ရှာလို့မှ တွေ့ပါတော့ မလား၊ နေရာပြောင်းသွားလျှင် မည်ကဲ့သို့ တွေ့အောင်ရှာရမည်မသိ၊ ဤမျှလောက် နက်ခေါင်သော တောတောင် ထဲမှာ မိမိက နှမအရင်းဇောကြောင့် မည်မျှကြာစေကာမူ အစိုးရအလုပ်က အပြုတ်ခံ ရှာနေနိုင် စေကာမူ ခေါ်လာသော လူတွေက နေနိုင်မည်မဟုတ်ဟု တွေးကာ စိတ်ထဲမှာ လေးသလိုလိုပင် ဖြစ်သွား မိသည်။

    ကိုထွန်းအံ့၊ ကိုဘသော် နှင့် လူငှားလေးယောက် က ကိုမြင့်ညိုပြောသည့်စကားကို ထောက်ခံ သဘောတူ ကာ လမ်းကြောင်းလွှဲလိုက်ကြသည်။
    ကိုမြင့်ညို သည် လက်ထဲက မှန်ပြောင်းဖြင့် အရပ်လေးမျက်နှာကို မကြာခဏ ဂရုစိုက်ကြည့်ရှုရင်း လိုက်လာသည်၊ သူတို့စခန်းချခဲ့သည့် နေရာဟောင်းကိုမသွားကြတော့ဘဲ၊ တခုသော လျှိုကြီးထဲသို့ သိုသိပ်စွာ ၀င်ရောက်နေရာယူလိုက်ကြသည်။ သူတို့ဝင်နေသော လျှိုကြီးထဲက ချောင်းကြည့်မည်ဆိုလျှင် ညာမေတင် ကို ကိုထွန်းအံ့နှင့် ဦးဆုံးတွေ့လာခဲ့ကြသည့် စမ်းချောင်းကမ်းပါးကိုရော ကျောက်ကမ္ဘားယံ ကြီး ကိုရော ကောင်းစွာမြင်နိုင်သည်။

    ဤနေရာသို့ သူတို့ရောက်အောင် လာခဲ့ကြရသည်မှာ မြင်မြင်ထင်ထင် လာခဲ့ကြသည်မဟုတ်၊ နံနက် နေထွက်သည် ဆိုလျှင် ခြုံအုပ်အုပ်ထူထူထဲမှာ အသံမမည်အောင် ဆိတ်ငြိမ်စွာ ၀င်အောင်းနေကြရသည်၊ နေ၀င် မှောင်တရီ အချိန်ရောက်မှ ခြေသံမကြားအောင် ခရီးဆက်ကြရသည်။ ကံကောင်းသော ကြောင့် ထင်သည်၊ တောရိုင်းတိရိစ္ဆာန်တွေနှင့် လုံးဝမမြင် ကြရချေ။
    'နေရာများ ပြောင်းပြီလား၊ ဒါမှမဟုတ် အရင်တခါ တို့ရောက်နေတာ သိခဲ့လို့ စမ်းချောင်းရှိရာကို မဆင်းတော့ ဘဲ နေတာလား'
    ကိုမြင့်ညိုက စိတ်ပူစွာ တွေးနေခဲ့သည်။

    လေးရက်မြောက်သည့်နေ့မှာလဲ စမ်းချောင်းကို မည်သူမျှ ဆင်းလာသည်ကိုမတွေ့၊ ညအချိန်တိုင်းလျှင် စမ်းချောင်းမှာ ရေဆင်းသောက်သော တောရိုင်းတိရိစ္ဆာန်အသံများကိုကြား ကြရသည်။
    'ကဲ ကမ္ဘားယံပေါ်ကို တက်ကြည့်မယ်၊ ကိုဘသော်နဲ့ ကိုထွန်းအံ့လိုက်ဝန့်ကြပါမလား၊ မလိုက်ဝန့်ရင်လဲ ဒီကဘဲ စောင့်နေ၊ လူငှားလေးယောက်ကတော့ မလိုက်ခဲ့ကြနဲ့၊ လူတွေသိပ်များနေရင် သူတို့စိတ်ထဲမှာ ရန်ပြုဘို့ လာတယ် ထင်သွားရင်မကောင်းဘူး'

    ကိုမြင့်ညိုက လိုလိုမယ်မယ် သေနတ်ကို ပြုပြင်မောင်းတင်ပြီး သော့ကို ပိတ်လိုက်သည်၊ ထိုနောက် သေနတ်ကို ခါးမှာထိုးလိုက်သည်၊ နက်ပြာရောင် သက္ကလပ် ဘောင်းဘီရှည်၊ နက်ပြာရောင် သက္ကလပ် ဘောင်းဘီရှည်၊ နက်ပြာရောင် သက္ကလပ် အင်္ကျီလက်ရှည်၊ အညိုရောင် ရွက်ဖဉ်ဘိနပ်၊ အနက်ရောင် ခေါင်းစွပ် ကို ဆောင်းထားသော ကိုမြင့်ညို၏ သဏ္ဍာန်သည် အမှောင်ထုထဲမှာ ကိုယ်ရောင်ဖျောက်၍ လွယ်ကူ သော အဆင်အပြင်မျိုးဖြစ်သည်။

    ကိုမြင့်ညိုသည် မေ့ဆေးကိုသုံးလျှင် အသင့်ဖြစ်စေရန် မေ့ဆေးပုလင်း လက်ကိုင်ပုဝါ သန့်သန့်တထည် သူ့နှာခေါင်းကိုစည်းရန် ဆေးရုံသုံး နှာခေါင်းပါးစပ်ဖုံး အစည်းစသည်တို့ကို အဆင်သင့်ပြင်ပြီး ဘောင်းဘီအိပ် ထဲ ထည့်လိုက်သည်။

    ကိုဘသော်နှင့် ကိုထွန်းအံ့တို့က လိုက်ဝန့်ကြောင်း ပြောခါ ကိုမြင့်ညိုနှင့် လိုက်ပါရန် ပြင်လိုက်သည်။ လူငှား လေးယောက် မှာ ပစ္စည်းတွေနှင့်အတူ လျှိုထဲမှာ စောင့်နေခဲ့ကြမည်။
    'တကယ်လို့ ခေါ်လာခဲ့ရင် တခါထဲဖမ်းပြီးပြီး ချက်ချင်းထွက်နိုင်အောင် ခင်ဗျားတို့ လေးယောက် အဆင်သင့်ပြင်ထားနော်'
    ကိုမြင့်ညိုက မှာကြားသည်၊ လမ်းကပင် ခုတ်လာခဲ့သော တုတ်ခိုင်သည့် အခေါင်းပိတ် ၀ါးလုံးကြီးမှာ ခိုင်ခန့်သော ခေါက်စောင်ကြီးကို လူထည့်ပြီး ထမ်းသွားနိုင်ရန် အသင့်ပြင်ထားမည်ဖြစ်ကြောင်း လူငှားလေးယောက်က ပြောသည်။

    ကိုမြင့်ညို ကိုဘသော် ကိုထွန်းအံ့တို့ သုံးယောက်သည် လိုလိုမယ်မယ် နိုင်လွန်ကြိးခွေနှင့် ဓားရှည် နှစ်ချောင်းကိုပါ ယူလာခဲ့ကြသည်။
    'လက်နက် ယူခဲ့တာက သူတို့ကို ရန်မူသတ်ဖြတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး၊ မတော်တဆ အရေးကြုံ ရင် သုံးစရာ ရအောင်သာ ယူလာခဲ့ပါ၊ သူတို့က စတင်ရန်မပြုရင် ဘာမှမလုပ်ကြနဲ့နော်'
    ကိုဘသော်နှင့် ကိုထွန်းအံ့ကို ကိုမြင့်ညိုက မှာကြားထားသည်။

    အချိန်က ညခုနှစ်နာရီ ထိုးပြီးကြောင်းကို ညကြည့်နာရီကပြနေသည်၊ ကိုမြင့်ညို ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် စမ်းချောင်းကမ်းပါးကို၎င်း၊ သူတို့တက်ခဲ့ဘူးသည့် ကျောက်ကမ္ဘားယံကြီးကို၎င်း၊ လေးရက်ဆက်ပြီး ကြည့်နေခဲ့သည်ကြောင့် သွားလမ်းကို မှန်းမိနေသြည်၊ ထိုကြောင့် မှောင်ထဲမှာ စမ်းတ၀ါးဝါးမဖြစ်ဘဲ ကျောက်ကမ္ဘားယံ အခြေသို့ ချေချောမောမော ရောက်သွားကြသည်။

    ကျောက်ကမ္ဘားယံ အခြေမှာကပ်ပြီး အတော်ကြာသည့်တိုင်အောင် ငြိမ်နေကြသည်၊ ကျောက်ကမ္ဘားယံ ပေါ်က မည်သည့်အသံမျိုးကြားလေမည်လဲဟု နားစွင့်နေကြသည်၊ မည်သည့် အသံကိုမှ မကြားရသောအခါ သုံးယောက် သား သတိထားပြီး ကမ္ဘားယံပေါ်သို့ တက်လိုက်ကြသည်၊ ကမ္ဘားယံထိပ်တွင် ညာမေတင် ရပ် နေခဲ့ဘူးရာ ပန်းပင်ကြီးသည် မှောင်ထဲတွင် မို့မို့မဲမဲကြီး ရှိနေသည်။
    မည်သည့်အသံကိုမှ မကြားရ၊ မည်သည့်လှုပ်ရှားမှုကိုမှ မမြင်ရသောအခါ ကိုမြင့်ညိုတို့ သုံးယောက်သည် တဖြေးဖြေးပန်းပင်ကြီးနား ကပ်သွားကြသည်၊ ထိုနောက် ပန်းပင်ကြီးနှင့် မျက်နှာချင်းဆိုင်ရာ ရှိနေသော သစ်ပင်အုပ် ယခင် ညာမေတင်ကို ငှက်လိုအော်ပြီး အချက်ပေးသံထွက်ပေါ်လာရာ သစ်ပင်အုပ်ဆီသို့ သတိထားပြီး ခြေသံမကြားရအောင် ကပ်လာခဲ့ကြသည်။

    သစ်ပင်အုပ်ကြီး အောက်သို့ရောက်သောအခါ တော်တော်ဝေးကွာသော နေရာဆီမှ မီးရောင်မှိန်မှိန်ကို လှမ်းမြင်လိုက်ရသောအခါ ကိုမြင့်ညိုသည် မြှော်လင့်ချက် ပြည့်ဝတော့မည့် အရိပ်အရောင်ကို မြင်တွေ့ရ သည့် အတွက် စိတ်ရောကိုယ်ပါပေါ့ပါး သွက်လက်သွားသည်။

    'ငါ့ညီမလေး ရှိနေပါစေ၊ ချောချောမောမောခေါ်လို့ ရပါစေ'
    ဟု စိတ်ထဲက ဆုတောင်းလိုက်သည်၊ သုံးယောက်သား အသံမပြုကြဘဲ တယောက်ကို တယောက် လက်တို့ခါ မီးရောင်ကို ပြကြသည်၊ ထို့နောက် သစ်ပင်တွေ ခြုံတွေကို အကာအကွယ်ယူကာ မီးရောင်မြင်ရာသို့ တဖြေးဖြေးကပ်လာခဲ့ကြသည်။ မီးရောင်နှင့် ပေတရာမျှ အကွာအဝေးကိုရောက်သောအခါ သူတို့မြင်ရသော မီးရောင်သည် မီးကျီးခဲ ကျစပြုနေသည့် မီးဖိုတစ်ခုဖြစ်ပြီး မီးဖိုအနီး ကျောက်တုံးကြီး တတုံးပေါ်ဝယ် ညာမေတင်နှင့် ခင်မောင်အေးတို့ တယောက်နှင့်တယောက်ယုယ ကြည်စယ်နေကြသည်ကို တွေ့လိုက်ရသည်။

    ညာမေတင်၏ အဆင်းသဏ္ဍာန်ကိုမူ သူတို့ သုံးယောက်စလုံး မြင်ဘူးခဲ့ကြပြီး ဖြစ်၍ အ ထူးအထွေ အံ့အောခြင်း မဖြစ်တော့သော်လဲ သူတို့မမြင်ခဲ့ဘူးသည့် ခင်မောင်အေးကိုမူကား သုံးယောက်လုံး အံ့အော နေကြသည်။

    ထွားကျိုင်းဖွံ့ဖြိုးသော ကိုယ်ထည်တွင် အမွှေးခပ်ရှည်ရှည် သားကောင်သားရေကို ၀တ်ရုံထားပြီး ဦးခေါင်းက ရှည်လျား ရှုပ်ထွေးသော ဆံပင်တွေက ကျောပြင်နှင့် ပုခုန်းနှစ်ဘက်ပေါ်မှာ ဖို့ရို့ဖားယားကျနေသည်၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွေး  ပါးသိုင်းမွှေးတွေက ရှည်လျား ရှုပ်ထွေးစွာဖြင့် မျက်နှာတခုလုံးကို ဖုံးအုပ်နေသော ခင်မောင်အေး၏ အသွင်သဏ္ဍာန်သည် မှေးမှိန်သော မီးဖိုမှ မီးရောင်တွင် တောတိရိစ္ဆာန်တကောင်၊ အထူးသဖြင့် လူဝံတကောင်ဟု ထင်မှားနိုင်အောင်ပင်…

    လူသားမိန်းမဖြစ်စေ ယောက်ျားဖြစ်စေ တောတောင်ထဲမှာ သင့်မြတ်စွာ အတူနေထိုင်နိုင်သော တိရိစ္ဆာန် သည် လူဝံသာ ဖြစ်နိုင်သည်ကို သုံးယောက်လုံး တွေးမိကြသည်။
    ညာမေတင်သည် လူဝံတကောင်နှင့် ယဉ်ပါးပေါင်းသင်းနေထိုင်လျက် ရှိနေပြီဟု ကိုမြင့်ညိုတို့ သုံးယောက်လုံး ခိုင်မာစွာ ယုံကြည်လိုက်ကြသည်၊ သူတို့သုံးယောက်သည် ညာမေတင်ကို အပြစ် မတင် နိုင်တော့ချေ၊ လူသူကင်းဝေးသည့် နက်ခေါင်လှသော တောတောင်ထဲမှာ လူမမယ် ခလေးဘ၀ကပင် ရောက်နေသော ညာမေတင်သည် တောတိရိစ္ဆာန် လူဝံတကောင် နှင့် မှ မပေါင်းဖေါ်လျှင် မည်သူနှင့် ပေါင်းဖော် ပါမည်နည်း၊ တယောက်ထဲနေ၍ မဖြစ်သည့် ဘ၀မှာ နေ၍ဖြစ်နိုင်သည့် အနီးစပ်ဆုံး အဖော် အပေါင်း ကို အားပြုမှီတွယ် ရရှာချေသည်ဟု ကြင်နာစွာ တွေးလိုက်ပါသည်။

    ချောမောလှပ၍ ချစ်စရာကောင်းလှသော နှမလေးသည် ရင်နာစရာ အဖြစ်မျိုးနှင့် တောထဲသို့ရောက်ပြီး ယခုလို တိရိစ္ဆာန်တကောင်နှင့် အပေါင်းအဖော်ပြုကာ ဖြစ်ရာဘ၀မှာ ကြည်နူး ပျော်ရွှင်နေရှာသည်ကို မျက်မြင် ကိုယ်တွေ့ ဖြစ်ရသော ကိုမြင့်ညိုသည် နှမလေးအတွက် ရင်နာလှသဖြင့် မျက်ရည်များပင် ကျမိ တော့သည်။

    မှောင်ထဲမှာ မျက်စေ့ကျင့်သားရပြီးနေကြသော ကိုဘသော်နှင့်ကိုထွန်းအံ့တို့သည် သူတို့ဆရာ ကိုမြင့်ညို မျက်ရည်သုတ်လိုက်သည်ကို မှောင်ထဲမှာ ဖြစ်သော်လဲ သိလိုက်ကြသည်၊ သူတို့ကိုယ်တိုင်ပင် စိတ်မကောင်း နိုင်ကြပေ။

    နှမလေးလို တောတိရိစ္ဆာန်တကောင်နှင့် ယဉ်ပါးပြီး တောထဲတောင်ထဲမှာပင် ဘ၀ဆုံးမည့် အဖြစ်ကို ကိုမြင့်ညိုသည် မည်သို့မှ ဥပက္ခာမပြုနိုင်၊ ဖြစ်သည့်နည်းဖြင့် နှမလေးကို ရအောင် ဆောင်ကျဉ်းမည်ဟု စိတ် ထိခိုက် စွာ တွေးကာ…'
    'သူတို့နှစ်ယောက် အိပ်ပျော်တဲ့အချိန်ရောက်အောင် စောင့်ကြရအောင်၊ အခုနေသွားဖမ်းရင် ဟိုလူဝံကောင်က ရန်မူမှာ သေချာတယ်၊ နောက်ပြီး ညီမလေးအနေနဲ့ကလဲ ကျွန်တော်တို့ခေါ်ရာကို ဘယ်နည်း နဲ့ မှ အသာတကြည်လိုက်မှာမဟုတ်ဘူး၊ ထွေးလုံးသတ်ပုတ် ရုန်းကန်အော်ဟစ်လုပ်ရင် သူတို့ အပေါင်းအဖေါ် လူဝံတွေ တပ်ကြီးချီလာမှဖြင့် ကျွန်တော်တို့သုံးယောက် ဘယ်နည်းနဲ့မှ မနိုင်ဘူး၊ ဖွတ်မရ ဓားမဆုံးဖြစ်နေမယ်'

    ဟုလေသံဖြင့် တိုးတိတ်စွာ ပြောသောအခါ ကိုထွန်းအံ့နှင့် ကိုဘသော်တို့က သဘောတူကြသည်။
    သူတို့ချောင်းကြည့်နေရာက ခင်မောင်အေးနှင့်ညာမေတင် တွေ့မြင်နိုငသော်လဲ ပြောနေကြသည့် စကားသံ တွေကို မူ မကြားရချေ။

    ချစ်သူနှစ်ယောက်ကလဲ နေ့ခင်းအချိန်ခုန်ပျံ ပြေးလွှားကစားမြူးတူးနေသည့် အခါမှာသာ ပျော်ရွှင်စွာ အော်ဟစ်ကြသည်၊ ပျိုးလေးတို့ ငန်းဦးဆိုသော သီချင်းလေးကို တယောက်တလှည့် သီဆိုကြသည်၊ ယခုလို ညအချိန်မှာ အော်ဟစ်စကားပြောခြင်း မပြုကြချေ၊ စောစောအိပ်ချင်လျှင် အိပ်လိုက်ကြသည်၊ မအိပ်ချင် လျှင် ယခုလို မီးဖိုနားမှာ ထိုင်ပြီး တယောက်ကို တယောက် ချစ်တင်းနှီးနှောသော စကားတွေကို သိမ်မွေ့ ငြင်သာ တိုးတိတ်စွာသာ ပြေလေ့ရှိကြသည်၊ ထို့ကြောင့် သူတို့ပြောစကားကို ကိုမြင့်ညိုတို့က မကြား နိုင်ကြချေ၊ ထို့ကြောင့်သာလျှင် ခင်မောင်အေးကို တောရိုင်းတိရိစ္ဆာန် လူဝံတကောင်ဟုထင်နေကြသည်။

    ကိုမြင့်ညိုတို့ ကြာကြာမစောင့်လိုက်ရပါ၊ တနေ့လုံး ခုန်ပျံ ပြေးလွှားကစားမြူးတူး နေခဲ့ကြသော ချစ်သူနှစ်ယောက်သည် အိပ်ငိုက်လာကြသည်၊ ထို့ကြောင့် မီးဖိုထဲသို့ နောက်ထပ် သစ်ကိုင်းချောက်တွေ မထည့်တော့ဘဲ၊ တယောက်ခါးကို တယောက်ဘက်ခါ မီးဖိုနားမှ ထသွားကြသည်ကို ကိုမြင့်ညိုတို့ မြင်လိုက်ကြရသည်။
    'ဒါဆိုရင် သူတို့အိပ်ကြတော့မယ်၊ ကျန်းမာသန်စွမ်းတဲ့ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ အိပ်ယာထဲရောက်ရင် ချက်ချင်း အိပ်ပျော်တတ်တယ်၊ ကျွန်တော်တို့ လိုလိုမယ်မယ် တနာရီလောက် စောင့်ကြရအောင်…'

    ကိုမြင့်ညိုက လက်ပါတ်နာရီကိုကြည့်ပြီးပြောသည်။ ညကြည့်လက်ပါတ်နာရီက ကိုးနာရီခွဲနေပြီကို ထင်ရှားစွာ မြင်ရသည်။
    သုံးယောက်သား စိတ်အားထက်သန်စွာဖြင့် တိတ်ဆိတ်စွာ စောင့်နေခဲ့ကြရာမီးဖိုမှ မီးသည်လဲ မီးကျီးခဲ အရောင် ရေးရေးမျှသာ ကျန်အောင်ပြာတွေ ဖုံးသွားလေပြီ၊ အချိန်ကလဲ ဆယ်နာရီခွဲပြီးလေပြီ၊ ကိုမြင့်ညိုတို့ သုံးယောက် ကြောင်များကဲ့သို့ ငြင်သာစွာ ချည်းကပ်လာခဲ့ကြသည်၊ မီးပုံအနားသို့ေ၇ာက်သောအခါ သစ်ပင်ကြီး တပင် ကို ကွယ်ပြီး ကြည့်လိုက်သည်၊ မီးပုံနှင့် ခပ်လှမ်းလှမ်းမှာ ဂူတစ်ခု ရှိနေသည်ကို မှောင်ထဲ မှာ မျက်စေ့ကျင့်သားရနေပြီးသည့် ကိုမြင့်ညိုတို့ သုံးယောက်က မြင်ကြသည်၊ ဂူအ၀ကို သစ်တုံးတတုံး ပိတ်ထားသည် မှာ တောကောင်တွေ ၀င်မရရုံသာဖြစ်ပြီး လေပေါက်ပိတ်မနေချေ။

    တောရိုင်း တိရိစ္ဆာန်ဖြစ်သော်လဲ ဥာဏ်အရှိသားဟု ကိုမြင့်ညိုတွေးလိုက်သည်။
    သုံးယောက်သာ သစ်တုံးကြီးကို အသံမမြည်အောင် အထူးဂရုစိုက်ပြီး ဖယ်ကြသည်၊ သုံးယောက်အားဖြင့် တော်တော်လေး ကျိုးစားဖယ်ရသော သစ်တုါံ်အလေးချိန်ကို ကြည့်ခြင်းဖြင့် ညာမေတင် နှင့် အတူနေသော လူဝံ ၏ အင်အားသည် မသေးပါကလားဟု သုံးယောက်ုလံး တွေးလိုက်မိကြသည်။

    လူတယောက် ကောင်းကောင်းဝင်သာအောင် သစ်တုံးကြီး ရွေ့သွားသည့်တိုင်အောင် ဂူတွင်းက လူနှစ်ယောက်၏ အသက်မှန်မှန်ရှူနေသည့် အသံမှလွဲပြီး လှုပ်ရှားသံကိုလုံးဝ မကြားရသောကြောင့် သုံးယောက်သား အားတက်စွာဖြင့် ဂူထဲသို့ ခြေသံမမြည်အောင် ၀င်လာခဲ့ကြသည်၊ ကိုမြင့်ညိုသည် ဖေါင်တိန် အရွယ်သာသာ လက်နှိပ် ဓာတ်မီးငယ်လေးကို မီးဖွင့်ခါ လက်တဘက်က ဓာတ်မီးကို ထိုးခါ ဂူတွင်း မှာ ရှာကြည့်သည်၊ လက်တဘက်က လိုလိုမယ်မယ် အရေးရှိက အသင့်ဖြစ်စေရန် သေနတ်ကို ကိုင်ထားသည်။

    ဂူအတွင်းဘက် နံရံနားမှာရှိသော ကျောက်ပြားကြီးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ခင်မောင်အေးနှင့် ညာမေတင်တို့ကို တွေ့လိုက်ရသည်၊ ဂူနံရံကို ခေါင်းတိုက်ကာ ယှဉ်တွဲ အိပ်ပျော် နေကြ သော ခင်မောင်အေး နှင့် ညာမေတင်ကို မြင်လိုကလျှင် ကိုမြင့်ညိုသည် အချိန်ကုန်ခံမနေတော့ဘဲ နှစ်ယောက်လုံး အတွက် မေ့ဆေးကို လျှင်မြန်ကျင်လည်စွာ အသုံးချလိုက်သည်။
    သေးငယ်သော လက်နှိပ်ဓာတ်မီး၏ အလင်းရောင် မှိန်မှိန်မှာ မျက်နှာတခုလုံး အမွှေးတွေဖုံးနေသော ခင်မောင်အေး၏ တကိုယ်လုံးကို သုံးယောက်လုံး သေသေချာချာ လေ့လာရေးလုပ်မနေကြတော့ဘဲ ညာမေတင်ကိုသာ အရေးတကြီး ပွေ့ပိုက်ထမ်းယူခါ ဂူထဲက လျှင်မြန်စွာ ပြန်ထွက်လာခဲ့ကြသည်၊ ဂူအ၀ကို သစ်တုံး ဖြင့် နေရာမပျက် ပြန်ပိတ်လိုက်ကြသည်။

    'ဟိုသတ္တ၀ါကို မေးဆေးလေးနဲ့ ဒီအတိုင်းထားခဲ့မှာလား ဆရာ၊ မေံဆေးပြေလို့ လိုက်လာရင် ကျွန်တော် တို့ မသက်သာဘူးနော်'
    ကိုထွန်းအံ့နှင့် ကိုဘသော်တို့က ပြောကြသည် သူတို့သဘောက မသတ်ခဲ့သည့်တိုင်အောင် ကြိုးဖြင့် တုတ်ထားခဲ့ချင်သည်၊ ကိုမြင့်ညိုက ခင်မောင်အေးကို လူသားစစ်စစ်ဟုမသိစေခဲ့စေကာမူ နှမလေး ကို ဘေးကင်းရန်ကင်း စောင့်ရှောက်ထားသူဟူသော အယူအဆဖြင့် ငဲ့ညှာထောက်ထားသော စိတ်က မသိမသာ ရှိနေသည်၊ ထိုကြောင့်....

    'ကြိုးက နိုင်လွန်ကြိုးတွေဆိုတော့ ဘယ်လောက် အားသန်သန် တော်တော်ဖြတ်လို့ ရမှာမဟုတ်ဘူး၊ အစာရေစာငတ်ပြီး သေနေပါအုံးမယ်ဗျာ၊ မေ့ဆေးက ဒီနေ့တညလုံး နက်ဖန်ဆယ်နာရီလောက်အထိ စိတ်ချ ရပါတယ်၊ ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ မနားဘဲ လွတ်အောင် ပြေးနိုင်ကောင်းပါရဲ့၊ တကယ်လို့ လိုက်လာရင် လဲ မတတ်သာတဲ့အဆုံး သေနတ်ကို သုံးရတော့မှာပေါ့လေ၊ လိုက်လို့မှီနိုင်မယ်တော့ မထင်ဘူး၊ မေ့ဆေးပြေစဆိုတာ သွက်သွက်လက်လက် လမ်းလျှောက်လို့ မရနိုင်ပါဘူး'

    ကိုမြင့်ညိုက ပြန်ပြောပြီး စကားမဆက်ကြတော့ဘဲ ခြေသွက်သွက်ဖြင့် သူတို့ပုန်းခိုနေခဲ့ရာ လျှိုကြီးထဲသို့ ရောက်အောင် အသော့နှင်လာခဲ့ကြသည်၊ ညာမေတင်ကို တယောက်တလှည့် ထမ်းလာခဲ့ကြသည်၊ လျှိုကြီးထဲသို့ ပြန်ရောက်ကြသောအခါ အထမ်းသမားလေးယောက် အဆင်သင့်ပြုပြင်ထားသော စောင်ပုခက်ထဲ မှာ ညာမေတင်ကို ထည့်လိုက်သည်၊ စောင်တထည်ကို ညာမေတင်၏ ကိုယ်ပေါ်တွင် လွှမ်းခြုံ ပေးလိုက်ပြီး ချက်ချင်း ခရီးထွက်ခွာရန် ကိုမြင့်ညိုပြောလိုက်သည့်အတိုင်း အထမ်းသမား လေးယောက် သည် သွက်လက်လျှင်မြန်သော ခြေလှမ်းများဖြင့် လျှိုကြီးထဲမှ ထွက်ခွာလာခဲ့ကြသည်။ ညာမေတင် သတိရလာသော အချိန်သည် နောက်တနေ့ နံနက်ဖြစ်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>